ကြွက်သားအပြိုင်းပြိုင်းနဲ့ ဗလတောင့်တဲ့ ဘော်ဒီမျိုးရဖို့ ဝိတ်မ ရုံတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ အစားအသောက် ရွေးချယ်မှုပိုင်းကလည်း ကြွက်သားတည်ဆောက်ခြင်းအတွက် အလွန်အရေးကြီးပါတယ်။ ကျွမ်းကျင်သူတွေကတော့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အချိုးအစားက အစားအသောက်အပေါ် ၇၅ ရာခိုင်နှုန်းအထိ မူတည်နေတယ်လို့ ဆိုထားပါတယ်။ ဒီတစ်ခေါက်မှာတော့ ကြွက်သား ကျစ်လစ်တောင့်တင်းတဲ့ ခန္ဓာကိုယ်ဘော်ဒီမျိုးရဖို့ စားသင့်တဲ့ အစားအသောက် ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။

(၁) အမဲသား

Photo : iStock

အမဲသားမှာ ပရိုတိန်းဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါ့အပြင် အမဲသားမှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်က ပရိုတိန်းဓာတ်တွေကို သွေးထဲကနေ ကြွက်သားတွေထဲသို့ ကူးပြောင်းပေးတဲ့ဖြစ်စဉ်မှာလည်း အထောက်အကူပြု ပါသေးတယ်။ နောက်ပြီး အမဲသားမှာပါဝင်တဲ့ ဗီတာမင် ဘီ၊ သံဓာတ်နဲ့ ဇင့်ဓာတ်တွေက ကြွက်သားဖွံ့ဖြိုးမှုကို ပံ့ပိုးပေးနိုင်တဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။

(၂) ကြက်ဥ

Photo : iStock

ကြက်ဥဟာ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ အစားအသောက် တစ်မျိုးဖြစ်ပါတယ်။ ကြက်ဥမှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်တွေဟာ ကြွက်သားတည်ဆောက်ဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်နဲ့ ကိုယ်ခံအားစနစ်ကို အားကောင်းစေတဲ့ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေလည်း အပြည့်အဝ ပါဝင်ပါတယ်။

(၃) နွားနို့

Photo : iStock

ကြွက်သား တည်ဆောက်နေသူတွေအတွက်တော့ နွားနို့က အသင့်တော်ဆုံး သောက်စရာတစ်မျိုးပါပဲ။ နွားနို့ဟာ ပရိုတိန်းဓာတ်ကြွယ်ဝပြီး ကြွက်သားတစ်ရှူးတွေဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် (၈) မျိုးကို ဖြည့်ဆည့်ပေးနိုင်ပါတယ်။ နောက်ပြီး နွားနို့မှာပါတဲ့ အဆီဓာတ်က ကြွက်သားကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုနိုင်ပါတယ်။

(၄) ကြက်သား

Photo : iStock

ကြက်သားကတော့ အားကစား သမားတွေရဲ့ အကြိုက်ဆုံး အစားအစာတစ်မျိုး ဖြစ်ပါတယ်။ ကြက်သားမှာ ပရိုတင်းဓာတ်ကြွယ်ဝတာကြောင့် လေ့ကျင့်ချိန်မှာ ထိခိုက်ပျက်ဆီးသွားတဲ့ ကြွက်သားတစ်ရှုးတွေကို ပြန်လည်ပြုပြင်ဖို့နဲ့ ကြွက်သားတစ်ရှုးအသစ်တွေ တည်ဆောက်ရာမှာလည်း အထောက်အကူ ပြုပါတယ်။

(၅) ကန်စွန်းဥ

Photo : iStock

ကာဘိုဟိုက်ဒရိတ်မြင့်မားတဲ့ စားစရာတွေထဲမှာတော့ ကန်စွန်းဥက အကောင်းဆုံးလို့ ဆိုရမှာပါ။ ကန်စွန်းဥမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ ကန်စွန်းဥမှာပါတဲ့ ဗီတာမင် အေနဲ့ ဗီတာမင် ဘီဓာတ်တွေဟာလည်း ကြွက်သား ကြီးထွားဖွံ့ဖြိုးရေးမှာ အထောက်အကူပြုနိုင်တဲ့  အာဟာရဓာတ်တွေ ဖြစ်တာကြောင့် ကြွက်သားတည်ဆောက်နေသူတွေ စားသင့်တဲ့ အစားအစာတစ်ခုပဲ ဖြစ်ပါတယ်။

Featured Photo : Allmax Nutrition