၈ လကြာ ပွဲပယ်ပြစ်ဒဏ်ခံရပြီးနောက် မနေ့က ပထမဆုံး ပြန်လည်ကစားခွင့်ရခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အိုင်ဗန် တိုနေး တစ်ယောက် ဘရန့်ဖို့ဒ်အသင်းအတွက် အလန်းစား ဖရီးကစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။

Ivan Toney

Photo : The Sun

တိုနေး ဟာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကြား လောင်းကစား ၂၃၂ ကြိမ်ပြုလုပ်ခဲ့ပြီး အက်ဖ်အေရဲ့ စည်းမျဉ်းဆိုင်ရာ ကန့်သတ်ချက်ကို ချိုးဖောက်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ မေလက စတင်ပြီး ဘောလုံးကစားခွင့် ပိတ်ပင်ခံခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပွဲပယ်ပြစ်ဒဏ်အပြီး ဘရန်ဖို့ဒ်အသင်းအတွက် ပထမဆုံး ပြန်လည်ကစားခွင့်ရခဲ့တဲ့ ပွဲစဉ် ပထမပိုင်း ၁၉ မိနစ်မှာပဲ တိုက်ရိုက် ဖရီးကစ် ကန်ချက်ကနေတဆင့် အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပွဲစတင်ပြီး မိနစ်ပိုင်းမှာတင် ဒန်နီလိုရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုး စတင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းပွဲချိန် ၅၈ မိနစ်မှာတော့ ဘန်မီးက ဘရန်ဖို့ဒ်အသင်းအတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ကာ ပွဲချိန် ၆၅ မိနစ်မှာ ခရစ်ဝုဒ်ရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ နော်တင်ဟမ်ဖောရက်စ်တို့ ချေပဂိုး ပြန်လည်သွင်းယူ နိုင်ခဲ့ပါတယ်။

ဘရန်ဖို့ဒ်အသင်းအတွက် အနိုင်ဂိုးကိုတော့ ရိုဝါဆလပ်ဗ်ရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် မူပေးက အပိုင်ကန်သွင်းယူခဲ့တာကြောင့် ပွဲအပြီးမှာ ၃ – ၂ ဂိုးရလဒ်နဲ့ ဘရန်ဖို့ဒ်ရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

Ivan Toney

Photo : talkSPORT

တိုနေးဟာ ပထမဆုံး ဘောလုံးပြန်ကစားခွင့်ရတဲ့ ပွဲစဉ်မှာပဲ သွင်းဂိုး စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဖရီးကစ် မကန်ခင် ဒိုင်လူကြီး သတ်မှတ်ပေးထားတဲ့ နေရာကနေ ဘောလုံးကို ပိုကောင်းတဲ့ အနေအထားသို့ မိမိသဘောအတိုင်း ရွှေ့ပြောင်းကာကန်သွင်းခဲ့တဲ့အတွက် နော်တင်ဟမ်ဖောရက်စ်အသင်း တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေရဲ့ ဝေဖန်သံတွေလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လျက် ရှိပါတယ်။

Featured Photo : Goal.com