ကွင်းလယ် ကစားသမား ဆိုတာဟာ ခံစစ်နဲ့ တိုက်စစ်ကို ကြားခံ ချိတ်ဆက်ပေးရသူဖြစ်ပြီး ခေတ်သစ် ဘောလုံးလောကမှာ ကွင်းလယ်ကစားသမားတွေဟာ အရေးအပါဆုံးကစားသမား ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
Photo: beIN Sports
ကွင်းလယ်ကစားသမားတွေဟာ ကွင်းအတွင်းမှာ ဂိုးသွင်းခွင့် ဖန်တီးပေးသည်ဖြစ်စေ၊ ပြိုင်ဘက်က ဂိုးသွင်းဖို့ ကြိုးပမ်းလာတာကို တားဆီး သည်ဖြစ်စေ အရာအားလုံးကို ဖြစ်လာနိုင်အောင် အမှန်တကယ် လုပ်နိုင်ကြတဲ့သူတွေ ဖြစ်ပါတယ်။ ကွင်းလယ်ကစားသမားတွေဟာ ပွဲရဲ့တန်ပို အနိမ့်၊ အမြင့်ကိုလည်း ထိန်းညှိပေးရသူတွေဖြစ်ပြီး ခေတ်သစ် ဘောလုံးလောကမှာ တသက်တာ တန်ဖိုးအကြီးဆုံး ကစားသမား ၅ ဦးကို ဖော်ပြပေးလိုက်ပါတယ်။
Photo: Marca
၅။ ဇီဒန်း(ဂျူဗင်တပ်မှ ရီးရဲလ်မက်ဒရစ်)
တသက်တာ တန်ဖိုးအကြီးဆုံး ကစားသမား စာရင်းထဲမှာ ပါဝင်လာမယ်ဆိုရင်လည်း အံ့အားသင့်စရာမဟုတ်တော့တဲ့ ကစားသမား က ဇီဒန်းလို့ ဆိုရမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က ၂၀၂၁ ခုနှစ်အထိ ကမ္ဘာပေါ်က တန်ဖိုးအမြင့်ဆုံး ကွင်းလယ် ကစားသမား တွေထဲက တစ်ဦးဖြစ်နေသေးအောင် လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဇီဒန်းဟာ ဘောလုံးလောကကနေ အနားယူခဲ့ပြီးနောက် ၂၀၀၁ ကနေ ၂၀၀၉ ခုနှစ်အထိ ကမ္ဘာပေါ် တန်ဖိုးအကြီးဆုံး ကွင်းလယ် ကစားသမား အဖြစ် အရှည်ကြာဆုံး ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်မှာ ကစားခဲ့တဲ့အချိန်အတွင်း ဇီဒန်းဟာ ဘလွန်ဒေါ၊ ဖီဖာရဲ့တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆု၊ ကမ္ဘာ့ဖလားနဲ့ ယူရိုဖလားတို့ကို ရရှိခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကို အဲဒီအချိန်တုန်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၇၇.၅ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။
ဇီဒန်းရဲ့ ရီးရဲလ် ကစားသမား ဘဝ ပွဲဦးထွက်ရာသီမှာ လေဗာကူဆင်အသင်းဘက်ကို သွင်းယူခဲ့တဲ့ မြေမကျသွင်းဂိုးက ဘောလုံးပြိုင်ပွဲရဲ့ အလှပဆုံးသွင်းဂိုးတွေထဲက တစ်ဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပြီး အသင်းကိုလည်း ချန်ပီယံလိဂ် ဆုဖလားရရှိအောင် ကူညီပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဇီဒန်းဟာ လာလီဂါဖလားကိုလည်း ရရှိခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ ကစားသမား ဘဝကနေ အနားမယူခင် လအနည်းငယ်အလိုမှာ ပြင်သစ်လက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ဒုတိယအကြိမ် တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
Photo: Mirror
၄။ ခိုင် ဟာဗတ်ဇ်(လေဗာကူဆင်မှ ချဲလ်ဆီး)
ခိုင် ဟာဗတ်ဇ်ဟာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့တာ အခုဆိုရင် ၁ နှစ်ခွဲလောက်ရှိခဲ့ပြီဖြစ်ပြီး တန်ဖိုးအကြီးဆုံး ကစားသမားတွေ ထဲက တစ်ဦးဖြစ်လာခဲ့သူ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဟာဗတ်ဇ်အတွက် လေဗာကူဆင်အသင်းကို ယူရိုသန်း ၈၀ ပေးချေခဲ့ရပြီး ကြီးမားတဲ့ ပြောင်းရွှေ့ကြေးပမာဏနဲ့ ထိုက်တန်ကြောင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မန်စီးတီးအသင်းဘက်ကို တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးပြီး သက်သေပြခဲ့တာ ဖြစ်ပါတယ်။
Photo: AS
၃။ ဖရန်ကီ ဒီ ယောင်(အိုင်းယက်စ်မှ ဘာစီလိုနာ)
ဒတ်ချ်လူငယ်ကွင်းလယ်ကြယ်ပွင့်ကို ရဖို့အတွက် ဘာစီလိုနာအသင်းဟာ ဥရောပထိပ်သီးအသင်းတွေနဲ့ ငွေကြေးစစ်ပွဲ ဆင်နွှဲခဲ့ရပြီး ဒီယောင်ဟာ အိုင်းယက်စ်ကို ယူရိုပါလိဂ် ဗိုလ်လုပွဲနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို ၂ ရာသီဆက်တိုက် တက်ရောက်နိုင်အောင် ကူညီပေးခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ အဲဒီ ၂ ရာသီက စွမ်းဆောင်ရည်ကြောင့် ဒီယောင်ဟာ ဂျာမန်ဂန္တဝင် ဘက်ကင်ဘောင်ဝါ၊ ဘာစီလိုနာဂန္တဝင် အင်နီယေစတာတို့လိုမျိုး ကစားသမား တွေနဲ့ နှိုင်းယှဉ်ခံခဲ့ရတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ၂၀၁၉ ခုနှစ်မှာ ဒီယောင်ကို ယူရို ၈၆ သန်းနဲ့ အိုင်းယက်စ်ဆီကနေ အရခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာအသင်းကို ကိုပါဒယ်ရေးဖလား ရရှိအောင် ကူညီပေးခဲ့ပြီးကတည်းက ၎င်းရဲ့ တစ်နှစ်လုပ်ခလစာ ယူရို ၂၁ သန်းနဲ့ ထိုက်တန်ကြောင်း သက်သေပြသနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
Photo: The Sun
၂။ ပေါလ် ပေါ့ဂ်ဘာ(ဂျူဗင်တပ်မှ မန်ချက်စတာယူနိုက်တက်)
ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း မန်ချက်စတာယူနိုက်တက်အကြောင်း ဆွေးနွေးရာမှာ အဓိကအချက်အနေနဲ့ ပါဝင်ခဲ့သူဖြစ်ပြီး မန်ယူနိုက်တက်အကယ်ဒမီထွက် ကွင်းလယ် ကစားသမား ဟာ ဂျူဗင်တပ်မှာ အောင်မြင်မှုများစွာ ရရှိခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်ကို ယူရို ၁၀၅ သန်းနဲ့ ပြန်လည် ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ပေါ့ဂ်ဘာဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ယူရိုနဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲ တက်ရောက်နိုင်အောင် ကူညီပေးခဲ့ပြီး ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့ပေမယ့်လည်း ကလပ်အသင်းအဆင့်မှာ နိုင်ငံတကာအဆင့်မှာလို စိတ်ဆန္ဒပြင်းပြမှုနဲ့ စွမ်းဆောင်ရည်မျိုး တစ်ခါတရံမှသာ ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ပေါ့ဂ်ဘာဟာ မန်ချက်စတာယူနိုက်တက်ကို ပြန်လည်ပြောင်း ရွှေ့ ပြီးကတည်းက အသင်းနဲ့အတူ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ဖလားသာ ကိုင်မြှောက်ထားနိုင်ခဲ့ပြီး တသက်တာ တန်ဖိုးအကြီးဆုံး ကွင်းလယ် ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကိုက်ညီတဲ့ ခြေစွမ်းမျိုး ပြသဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
Photo: Sports Illustrated
၁။ ဖိလစ်ပီ ကော်တင်ညို(လီဗာပူးလ်မှ ဘာစီလိုနာ)
အက်စတန် ဗီလာကို အငှားနဲ့ လာရောက်ကစားနေတဲ့ ကော်တင်ညိုဟာ တသက်တာ တန်ဖိုးအကြီးဆုံး ကွင်းလယ် ကစားသမား အဖြစ် ရပ်တည်နေပြီး ၂၀၁၈ ခုနှစ်မှာ လီဗာပူးလ်ကနေ ဘာစီလိုနာကို ပြောငး်ရွှေ့ခဲ့တဲ့အချိန်မှာ စံချိန်မှတ်တမ်းတွေ အားလုံးကို ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့ဟာ ဘာစီလိုနာအသင်းက အလွန်အမင်း ငွေပေးချေခဲ့ရရုံတင်မကဘဲ လီဗာပူးလ်ဟာ အပြောင်းအရွှေ့မတိုင်ခင် လအနည်းငယ်ကမှ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားခဲ့ရပြီး အနိုင်ရရှိသွားခဲ့တာကြောင့် သာမန်ထက် ပိုတဲ့အပြောင်းအရွှေ့ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကော်တင်ညိုဟာ ဘာစီလိုနာအသင်းမှာ လီဗာပူးလ်မှာတုန်းကလို ခြေစွမ်းပြန်လည်မပြသနိုင်ခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်ကို အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားခဲ့ရပြီး အဲဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာကို ဂျာမန်ထိပ်သီးအသင်းကြီးက ၈-၂ နဲ့ အပြတ်အသတ်အနိုင်ယူနိုင်ခဲ့ချိန်မှာ ဘရာဇီးလ် ကွင်းလယ် ကြယ်ပွင့်က သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပါဝင်ပတ်သက်ခဲ့တာဖြစ်ပါတယ်။
ကော်တင်ညိုဟာ ဘိုင်ယန်မြူးနစ်နဲ့အတူ ဖလား ၃ လုံးတစ်ပြိုင်နက် ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ဘာစီလိုနာကို ပြန်လည်ရောက်ရှိလာခဲ့ပေမယ့် နည်းပြ ကိုးမန်းလက်အောက်မှာရော ဇာဗီရဲ့လက်အောက်မှာပါ ပွဲထွက်ခွင့်မရခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အက်စတန် ဗီလာကို အငှားချခံခဲ့ရတာ ဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းဟာ ကော်တင်ညိုအတွက် ယူရို ၁၄၅ သန်းအထိ ပေးချေခဲ့ရပေမယ့်လည်း ထိုက်တန်တဲ့ ခြေစွမ်းမျိုး ပြန်မရခဲ့သလို ၎င်းရဲ့ ကြီးမားတဲ့ လစာပမာဏကိုလည်း ပေးချေခဲ့ရတာ ဖြစ်ပါတယ်။
Featured Photo: SportMob