ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ကတော့ သောမတ်စ် တူခယ်လ် နေရာမှာ အစားထိုးဖို့ တောတင်ဟမ် ဟော့စပါး နည်းပြဟောင်း အန်တိုနီယို ကွန်တီ ကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Antonio Conte

Photo : Daily Mail

အသက် ၅၃ နှစ်အရွယ် အီတလီနည်းပြကြီး ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ်လမှာ စပါးအသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေခဲ့တာပါ။ ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ရှိ နည်းပြတူခယ်လ် လက်အောက် အခြေအနေ ဆိုးရွားနေပြီး ၁၂ နှစ်အတွင်း ပထမဆုံး ဖလားမဲ့ရာသီကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဂျာမန်ဘီလူကြီးတွေအနေနဲ့ နည်းပြတူခယ်လ်ကို အသင်းကနေ ထုတ်ပယ်ဖို့ အခြေအနေ စောင့်ကြည့်နေပြီး ဂျာမန်သားနည်းပြကတော့ ဒီရာသီကုန်မှာပဲ အသင်းကနေ ထွက်ခွာတော့မယ်လို့ ပြီးခဲ့တဲ့လက အတည်ပြုသွားခဲ့ပါတယ်။

အီတလီသတင်းဌာနတစ်ခုရဲ့ ဖော်ပြချက်အရ စပါး နည်းပြဟောင်း အန်တိုနီယို ကွန်တီ ဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အနာဂတ် နည်းပြစာရင်းမှာ ဦးစားပေးအဖြစ် ပစ်မှတ်ထားခံနေရပြီး ဂျာမန်ကလပ်အသင်းကို ပထမဆုံးအကြိမ် ကိုင်တွယ်ခွင့်ရမယ့် အခွင့်အရေးဟာ ကွန်တီအတွက်လည်း စိတ်ဝင်စားစရာ ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် ဂျာမန်ကလပ်နဲ့ အီတလီနည်းပြကြီးတို့ကြား ညှိနှိုင်းမှုကတော့ ရှုပ်ထွေးတဲ့ အခြေအနေမှာ ရှိနေဦးမှာဖြစ်ပြီး ကွန်တီ အနေနဲ့ တော့တင်ဟမ်ဟော့စပါးမှာ ရရှိခဲ့တဲ့ တစ်နှစ်လုပ်ခ ပေါင် ၁၅ သန်းထက် ပိုများတဲ့ပမဏကို တောင်းဆိုဖွယ် ရှိနေပါတယ်။

antonio conte

Photo : The Sun

အကယ်၍ ဘိုင်ယန်မြူးနစ်ကိုသာ ကွန်တီ ရောက်ရှိလာခဲ့မယ် ဆိုရင်တော့ စပါးအသင်းမှာ ဆုံခဲ့ဖူးတဲ့ တပည့်ဟောင်း တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ နောက်ထပ်တစ်ကြိမ် လက်တွဲခွင့်ရရှိမှာ ဖြစ်ပါတယ်။

နည်းပြကွန်တီဟာ စပါးအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို တိုက်စစ်မှူး ဟယ်ရီကိန်းဟာလည်း ပြီးခဲ့တဲ့ရာသီက ကွန်တီ လက်အောက် ၃၂ ဂိုး သွင်းယူပြီး အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

အန်တိုနီယို ကွန်တီ သာ ဂျာမန်မြေကို ခြေချဖြစ်မယ်ဆိုရင် နောက်ထပ် တပည့်ဟောင်းဖြစ်တဲ့ အဲရစ်ဒိုင်ယာနဲ့လည်း ပြန်လည် လက်တွဲကစားခွင့် ရရှိမှာပဲ ဖြစ်ပါတယ်။

Featured Photo : Sky Sports