ကလေးယူဖို့ အစီအစဉ်မရှိသေးတဲ့ စုံတွဲတွေ ၊ ဇနီးမောင်နှံတွေအနေနဲ့ လိင်ဆက်ဆံတဲ့အခါမှာ ကိုယ်ဝန်မရသွားအောင် ကာကွယ်နိုင်တဲ့ သန္ဓေတားနည်းတွေ အမျိုးမျိုး ရှိပါတယ်။ ဒီထဲကမှ အသုံးများဆုံး သန္ဓေတားနည်း ၂ ခုကတော့ ကွန်ဒုံး အသုံးပြုခြင်းနဲ့ သန္ဓေ တားဆေး သောက်သုံးတာပါ။ ကွန်ဒုံးရော သန္ဓေတားဆေး နှစ်မျိုးလုံးဟာ မှန်မှန်ကန်ကန်နဲ့ စနစ်တကျ အသုံးပြုမယ်ဆိုပါက အလွန်ထိရောက်တဲ့ သန္ဓေတားနည်းတွေ ဖြစ်ပေမယ့် ဘယ်နည်းလမ်းက ကိုယ့်အတွက် ပိုကိုက်ညီမှုရှိလဲ ၊ အဆင်ပြေလဲဆိုတာကတော့ လူတစ်ဦးနဲ့ တစ်ဦးအပေါ် မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွန်ဒုံး ဒါမှမဟုတ် သန္ဓေတားဆေးတွေက သင့်အတွက် ပိုကောင်းတဲ့ ရွေးချယ်မှုဟုတ်မဟုတ် စဉ်းစားတဲ့အခါ ထည့်တွေးရမယ့် အချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

သန္ဓေတားဆေးတွေက ဘယ်လောက်အတိုင်းအတာအထိ ထိရောက်မှုရှိလဲ ?

Contraceptive Pills

Photo : Medical News Today

ပရိုဂျက်စတိုဂျင်ပါတဲ့ တားဆေး (Progestogen-Only Contraceptive Pills) နဲ့ သန္ဓေတားဆေး (Contraceptive Pills) ၂ မျိုးလုံးဟာ မှန်ကန်စွာ အသုံးပြုမယ်ဆိုပါက ကိုယ်ဝန်မရအောင် ၉၉ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်။ ဆိုလိုတာကတော့ သန္ဓေတားဆေးနည်းလမ်းနဲ့ သန္ဓေတားပါက ၁၀၀ မှာ ၁ ယောက်သာ ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။

သန္ဓေ တားဆေး သောက်နေတယ်ဆိုရင် တတ်နိုင်သမျှ ထိရောက်မှုရှိမရှိ သေချာစေဖို့ ဆရာဝန်နဲ့ ဆေးကဒ်ပါ ညွှန်ကြားချက်တွေကို ဂရုတစိုက်လိုက်နာဖို့ အရေးကြီးပါတယ်။ အားနည်းချက်ကတော့ ဆေးကိုနေ့စဉ်ပုံမှန် မမေ့မလျော့ သောက်သုံးပေးရမှာဖြစ်ပြီး အချိန်မှန်သောက်သုံးမှသာ ထိရောက်မှု ပိုရှိစေမှာပါ။ ဆေးသောက်ဖို့ မေ့လျော့သွားတဲ့ ရက်တွေမှာ နောက်ထပ် ၁၂ နာရီအတွင်း ဆေးကိုသောက်နိုင်ပြီး အကယ်၍ ၁၂ နာရီထက် ကျော်လွန်သွားမယ်ဆိုရင်တော့ မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြင်းကို အသေအချာ ကာကွယ်နိုင်မှာ မဟုတ်တော့ပါဘူး။

ကွန်ဒုံးတွေက ဘယ်လောက်အတိုင်းအတာအထိ ထိရောက်မှုရှိလဲ ?

condoms

Photo : MSI Vasectomy

ကွန်ဒုံးတွေကို စနစ်တကျနဲ့ မှန်မှန်ကန်ကန် အသုံးပြုမယ်ဆိုရင်တော့ ကိုယ်ဝန်ရနိုင်ခြေကို ၉၈ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်။ ဒီကိန်းဂဏန်းအရတော့ ကွန်ဒုံးအသုံးပြုတဲ့ စုံတွဲ ၁၀၀ မှာ ၂ ယောက်သာ ကိုယ်ဝန်ရနိုင်ခြေ ရှိတာပါ။ အမျိုးသားသုံး ကွန်ဒုံးတွေဟာ ၈၂ ရာခိုင်နှုန်း ထိရောက်မှုရှိပြီး အမျိုးသမီးသုံး ကွန်ဒုံးတွေကတော့ ၉၅ ရာခိုင်နှုန်းခန့်အထိ ထိရောက်မှု ရှိပါတယ်။

လေ့လာတွက်ချက်ထားတဲ့ ရာခိုင်နှုန်းတွေအရတော့ တားဆေး က ကွန်ဒုံး ထက်ပိုပြီး ထိရောက်မှုရှိတယ်ဆိုပေမယ့်လည်း ကွန်ဒုံးတွေဟာ လိင်မှတစ်ဆင့် ကူးစက်တဲ့ ကူးစက်ရောဂါများ (STIs) ကို ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသော သန္ဓေတားနည်း ဖြစ်ပါတယ်။ ကိုယ်ဝန်နဲ့ လိင်မှတစ်ဆင့် ကူးစက်တဲ့ ကူးစက်ရောဂါတွေ (STIs) ၂ ခုလုံးကို ကာကွယ်ဖို့အတွက် ဆိုရင်တော့ ကွန်ဒုံးတွေက ပိုပြီး ကောင်းမွန်တဲ့ ရွေးချယ်မှု ဖြစ်စေမှာပါ။

အချို့ကတော့ ပိုပြီး စိတ်ချလုံခြုံမှုရှိစေဖို့ သန္ဓေတားနည်း ၂ ခု တွဲပြီး အသုံးပြုတာမျိုး လုပ်ကြပါတယ်။ ဥပမာအားဖြင့် သန္ဓေတားဆေးသောက်သလို အတူနေချိန်မှာ ကွန်ဒုံး ကိုလည်း အသုံးပြုတာမျိုးပါ။ လူတစ်ဦးနဲ့ တစ်ဦးအပေါ် မူတည်ပြီး အဆင်ပြေမယ့် သန္ဓေတားနည်းတွေကလည်း အမျိုးမျိုး ကွဲပြားနိုင်တဲ့အတွက် မိမိနဲ့ ပိုမိုကိုက်ညီမှုရှိတဲ့ သန္ဓေတားနည်းကို ဆန်းစစ်ရွေးချယ်နိုင်သလို နားလည်တက်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့လည်း တိုင်ပင်နိုင်ပါတယ်။

ကွီးတို့ရော ကွန်ဒုံးနဲ့ တားဆေး ဘယ်နည်းလမ်းက ပိုကောင်းတယ် ထင်ပါသလဲ ???

Featured Photo : Forge Recycling