ကွန်ဒုံး အသုံးပြုတာက လိင်မှတဆင့် ကူးစက်တက်တဲ့ရောဂါ တွေနဲ့ ရောဂါပိုးမွှားတွေ အားလုံးကို ကာကွယ်ပေးနိုင်ပါရဲ့လား ? ကွန်ဒုံးတွေဟာ မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ခြေနဲ့ STIs / STDs ရောဂါပိုးမွှားတွေကို ကာကွယ်ပေးနိုင်တယ်ဆိုပေမယ့်လည်း အားလုံးတော့ မဟုတ်ပါဘူး။ ဘေးကင်းလုံခြုံမှုရှိတဲ့ လိင်ဆက်ဆံမှု ဖြစ်စေဖို့ ကွန်ဒုံးတွေကတော့ အသုံးဝင်ဆုံးနဲ့ အတိုင်းအတာတစ်ခုအထိ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တာကတော့ အမှန်ပါပဲ။

condoms

Photo : Popular Science

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အဆိုအရတော့ ကမ္ဘာတစ်ဝှမ်းမှာ လိင်ကနေတစ်ဆင့် ကူးစက်တက်တဲ့ ကူးစက်ရောဂါ (STIs) တစ်သန်းကျော် နေ့စဉ် ဖြစ်ပွားနေပြီး အများစုမှာ ရောဂါလက္ခဏာ ပြလေ့မရှိဘူးလို့ ဆိုပါတယ်။ ကိန်းဂဏန်း အချက်အလက်တွေအရ နှစ်စဉ်နှစ်စဉ် ရောဂါကူးစက်ခံရမှုအသစ် လူဦးရေမှာ ၃၇၄ သန်းနီးပါးခန့် ရှိနေပြီး ကလမိုင်ဒီယာ (Chlamydia) ၊ ဆီးပူညောင်းကျရောဂါ (Gonorrhoea) ၊ ဆစ်ဖလစ် (Syphilis) နဲ့ Trichomoniasis ကဲ့သို့ ကုသနိုင်တဲ့ ရောဂါတွေမှာ ကူးစက်ခံရမှုအများဆုံး ဖြစ်ကြပါတယ်။

STIs နဲ့ STDs ရောဂါတွေဟာ လိင်ဆက်ဆံမှုကနေတစ်ဆင့် လူတစ်ဦးမှ အခြားတစ်ဦးသို့ ကူးစက်နိုင်တဲ့ ကူးစက်ရောဂါတွေ ဖြစ်ပါတယ်။ ကွန်ဒုံးဟာ အဆိုပါရောဂါအများစုကို ကာကွယ်ပေးနိုင်ပေမယ့်လည်း ရောဂါအားလုံးကို ရာခိုင်နှုန်းပြည့်တော့ ကာကွယ်မပေးနိုင်ပါဘူး။ ဆက်လက်ပြီး ကွန်ဒုံးတွေ ကာကွယ်မပေးနိုင်တဲ့ STIs နဲ့ STDs တွေက ဘာတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

ကွန်ဒုံး တွေကို နည်းစနစ်တကျနဲ့ မှန်ကန်စွာအသုံးပြုမယ်ဆိုပါ လိင်အင်္ဂါအရည်တွေ တိုက်ရိုက်ထိတွေ့ခြင်းမှ တားဆီးကာကွယ်ပေးပြီး HIV ၊ ဆီးပူညောင်းကျရောဂါ (Gonorrhoea) နဲ့ ကလမိုင်ဒီယာ (Chlamydia) အပါအဝင် STIs ရောဂါအများစု ကူးစက်နိုင်ခြေကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသားဆေးပညာ စာကြည့်တိုက် (National Library Of Medicine) က ထုတ်ဝေခဲ့တဲ့ လေ့လာမှု စစ်တမ်းတစ်ခုအရ ကွန်ဒုံးတွေဟာ HIV ၊ အသည်းရောင် ဘီပိုးနဲ့ N.Gonorrhoea ရောဂါတွေကို ၉၀ ရာခိုင်နှုန်းအထိ အကာအကွယ်ပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။ အခြားလေ့လာမှုမှာတော့ ကွန်ဒုံးအသုံးပြုတာဟာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ Trichomoniasis ရောဂါပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။

condoms

Photo : The Irish Sun

သို့သော်လည်း ကွန်ဒုံး အသုံးပြုခြင်းဟာ Skin-To-Skin ကူးစက်နိုင်မှုတွေကိုတော့ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ရေယုန် ၊ Human Papillomavirus (HPV) ၊ လိင်အင်္ဂါကြွက်နို့ ၊ ဆစ်ဖလစ် (Syphilis) နဲ့ မျောက်ကျောက်ရောဂါ (Human Monkeypox Virus) တို့လိုမျိုး အရေပြားနဲ့ အရေးပြား ထိတွေ့ခြင်းကြောင့် ဖြစ်နိုင်တဲ့ STIs နဲ့ STDs ရောဂါတွေကတော့ ကွန်ဒုံး သုံးသည့်တိုင်အောင် ကူးစက်ခံရနိုင်ခြေ ရှိနေပါသေးတယ်။ ဥပမာအားဖြင့် လိင်အင်္ဂါအရေပြား တဝိုက်မှာ ရေယုန် ဖြစ်နေတယ်ဆိုပါက အဆိုပါ ရောဂါပိုးရှိသူ ဆက်ဆံဖော်ပါတနာရဲ့ အရေးပြားနဲ့ ထိတွေ့မိတဲ့အခါမှာ မိမိရဲ့ အင်္ဂါစပ် သို့မဟုတ် စအိုလို နေရာတွေမှာ ရောဂါပိုးကူးစက် ခံရနိုင်ပါတယ်။

STDs နဲ့ STIs ကို ရာခိုင်နှုန်းပြည့် ကူးစက်မခံရဖို့ ဆိုရင်တော့ သေချာတဲ့ တစ်ခုတည်းသောနည်းလမ်းမှာ လုံးဝ လိင်ဆက်ဆံမှု မပြုဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုပါ။ လိင်မှတစ်ဆင့် ကူးစက်တက်တဲ့ ရောဂါတွေနဲ့ ရောဂါပိုးမွှားတွေ ကူးစက်ခံရနိုင်မှုကို တက်နိုင်သမျှ ရှောင်ရှားဖို့ အတွက်ဆိုရင်တော့ အောက်ပါ အကြံပြုချက်အချို့ကို လိုက်နာနိုင်ပါတယ်။

  • လိင်ဆက်ဆံတိုင်းမှာ ကွန်ဒုံး အကာကွယ် အသုံးပြုပါ
  • ဆက်ဆံဖော် ပါတနာ များခြင်းကို ရှောင်ကြဉ်ပါ
  • ပုံမှန် STIs စစ်ဆေးမှုခံယူပါ
  • ပါတနာနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအကြောင်း ပွင့်လင်းစွာ ပြောဆိုပါ

ဒီအချက်တွေ လိုက်နာမယ်ဆိုရင်တော့ STDs နဲ့ STIs ကူးစက်ခံရမှုကို လျှော့ချနိုင်ပါလိမ့်မယ်။

Source : Healthshots

Featured Photo : Dental Nursing