လူတိုင်းလိုလို ၎င်းတို့ရဲ့ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုတွေ အနည်းနဲ့အများတော့ ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒီလို စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေကို ကိုယ်သဘောကျတဲ့ နည်းလမ်းလေးတွေသုံးပြီး ဖြေလျော့သင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ ကွီးတို့ရဲ့ စိတ်ကို လုံးဝလျစ်လျူရှုလိုက်တဲ့အခါ စိတ်ဖိစီးမှုတွေနဲ့ စိတ်ပင်ပန်းမှုတွေက ရေရှည်ဖြစ်လာပြီး စိတ်ပိုင်းဆိုင်ရာ သာမက၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။ ဒီနေ့မှာတော့ ကွီးတို့အတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးက ဘယ်လောက်တောင် ဆိုးကျိုးတွေ သက်ရောက်စေသလဲဆိုတာ ဝေမျှပေးပါမယ်။
စိတ်ကျရောဂါကို ဖြစ်စေနိုင်ပါတယ်
Photo : Cura4U
မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ စိတ်ဖိစီးမှုတွေကို လျစ်လျူရှုထားတဲ့အခါ ကြာလာရင် စိတ်ကျန်းမာရေးကို ထိခိုက်လာနိုင်ပြီး စိတ်ကျရောဂါကို ဖြစ်စေနိုင်ပါတယ်။ စိတ်ကျရောဂါ ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေက နာတာရှည် စိတ်ဖိစီးမှုတွေ၊ မလိုအပ်ပဲ အတွေးလွန်ခြင်းတွေ၊ စိုးရိမ်ပူပန်မှုလွန်ကဲခြင်းတွေ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ လူတစ်ယောက်မှာ စိတ်က အရာရာပါ။ စိတ်ပိုင်းဆိုင်ရာ အခြေအနေ ထိခိုက်လာတာက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ဆိုးကျိုးဘက် ဦးတည်သွားစေပါတယ်။
ကိုယ်ခံအားစနစ်
Photo : Reply MD
စိတ်ပိုင်းဆိုင်ရာ အခြေအနေကို လျစ်လျူရှုပြီး စိတ်ဖိစီးမှုတွေ တာရှည်လာတဲ့အခါမှာ စိတ်ဖိစီးမှုဟော်မုန်းတွေက ကိုယ်ခံအား စနစ်ကို အားနည်းစေပြီး ပြင်ပမှ ဝင်ရောက်လာတဲ့ ရောဂါပိုးတွေအပေါ် ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကို လျှော့ချပေး ပါလိမ့်မယ်။ နာတာရှည်စိတ်ဖိစီးမှုကို ခံစားနေရသူနေရသူများဟာ တုပ်ကွေးနှင့် သာမန်အအေးမိကဲ့သို့ ဗိုင်းရပ်စ်ရောဂါ များအပြင် အခြားသော ကူးစက်ရောဂါများပါ ပိုမိုခံစားရနိုင်ချေရှိပါတယ်။ဒါ့အပြင် ဖျားနာမှု သို့မဟုတ် ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာရန် အချိန်ကို ပိုကြာစေပါတယ်။
အစာခြေစနစ်ကို ထိခိုက်လာမယ်
Photo : Advance ER
စိတ်ဖိစီးမှုတွေကြောင့် အစာခြေစနစ်ကို ထိခိုက်လာနိုင်တယ်ဆို သိပါသလား။ စိတ်ဖိစီးမှုများက ကျွန်တော်တို့ ခန္ဓာကိုယ်အတွင်း အစားအစာများ ရွေ့လျားပုံကိုလည်း ထိခိုက်စေပြီး ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်းတို့ကို ဖြစ်စေပါတယ်။ ပျို့ခြင်း၊ အော့အန်ခြင်း သို့မဟုတ် ဗိုက်နာခြင်းကိုလည်း ခံစားရနိုင်ပါတယ်။ ဒါ့အပြင် ဟော်မုန်းများ လျင်မြန်စွာ ထွက်တာ၊ အသက်ရှုမြန်တာ နှလုံးခုန်နှုန်း တိုးလာတာတွေလည်း ဖြစ်လာနိုင်ပြီး အစာခြေစနစ်ကို ဆိုးကျိုးသက်ရောက်စေပါတယ်။
လိင်စိတ်နှင့် မျိုးပွားမှုစနစ်
Photo : Couples
စိတ်ဖိစီးမှုက ခန္ဓာကိုယ်ရော စိတ်ပါ ပင်ပန်းနွမ်းနယ်စေပါတယ်။ စိတ်ဖိစီးမှုတွေ ကြုံလာရတဲ့အခါ လိင်မှုကိစ္စမှာ စိတ်ဆန္ဒတွေ မရှိတာ မဆန်းပါဘူး။ စိတ်ဖိစီးမှုက အချိန်အကြာကြီး ဆက်ရှိနေရင်၊ အမျိုးသားတစ်ယောက်ရဲ့ Testosterone အဆင့် ကျဆင်းသွားနိုင်ပါတယ်။ ၎င်းက သုက်ပိုးထုတ်လုပ်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး လိင်အင်္ဂါ ချို့ယွင်းမှု သို့မဟုတ် ပန်းသေစေနိုင်ပါတယ်။ ဒါ့အပြင် နာတာရှည်စိတ်ဖိစီးမှုက ဆီးကျိတ်နှင့် ဝှေးစေ့ကဲ့ သို့သော အမျိုးသားမျိုးပွားအင်္ဂါများအတွက် ရောဂါပိုးကူးစက်နိုင်ခြေကို တိုးစေနိုင်ပါတယ်။
စိတ်ဖိစီးမှုကြောင့် ခံစားရနိုင်တဲ့ အခြားသော ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေကတော့ ကြွက်သားများ တင်းမာခြင်းနှင့်နာကျင်မှု၊ အလုပ်စွမ်းအားကျတာ၊ ခေါင်းကိုက်ခြင်းတာ၊ အာရုံကြော အကြောဆွဲခြင်း သို့မဟုတ် ကြွက်သားများ ကျုံ့တာ၊ အစာစားချင်စိတ်ပြောင်းလဲတာ၊ စိတ်တိုတာ၊ အိပ်ပျော်ဖို့ ခက်ခဲတာ စတာတွေ ဖြစ်လာနိုင်ပါတယ်။
အခုဖော်ပြပေးလိုက်တာကတော့ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးသက်ရောက်မှုတွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကွီးတို့ရဲ့ စိတ်ကို လုံးဝလျစ်လျူမရှုဘဲ စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေကို အတတ်နိုင်ဆုံး ကိုယ်နဲ့ ကိုက်ညီတဲ့ နည်းလမ်းလေးတွေ သုံးပြီး ဖြေလျော့ပေးပါ။
Source : Health line
Featured Photo : Happier Human