လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုး ရှိမရှိ စစ်ဆေးဖို့ကို အများစုက ရှက်ကြပါတယ်။ တကယ်တော့ ဒါဟာ ရှက်စရာ မဟုတ်ပါဘူး။ လိင်မှုဘဝ ကျန်းမာရေးကို ဂရုစိုက်သူတိုင်း မဖြစ်မနေ လုပ်ဆောင်သင့်တဲ့ စစ်ဆေးမှု တစ်ခုပါ။ ဒီဆောင်းပါးမှာတော့ ကွီးတို့ ဘာကြောင့် သွေးစစ် ဖို့ လိုတာလဲ တနည်းအားဖြင့် STIs Test တွေ ဘာကြောင့်လုပ်သင့်တာလဲ ဆိုတဲ့ အကြောင်းအရင်း အချို့ကို ပြောပြပါမယ်။

(၁) ကိုယ့်ရဲ့ လိင်မှုဆိုင်ရာ ကျန်းမာရေးအခြေအနေ သိနိုင်တယ်

STIs Test

Photo : Better2Know

ကိုယ့်မှာ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေ ရှိမရှိကို ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ သွေးစစ် ကြည့်တာက အကောင်းဆုံးနဲ့ အမှန်ကန်ဆုံး နည်းလမ်းတစ်ခုပါပဲ။ အဖြေတိတိကျကျကို သိတဲ့အခါမှ ကြိုတင်ကာကွယ်ခြင်း ဒါမှမဟုတ် ကုသခြင်းဆိုတဲ့ အဆင့်တွေကို ဆက်လက်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

(၂) ကိုယ့်ကိုယ်ကိုယ် တာဝန်ယူမှု ရှိသူတစ်ယောက် ဖြစ်စေတယ်

STIs Test

Photo : ReachOut Australia

သွေးစစ်တာဟာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တာ ၊ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် ကိုယ်တိုင်တာဝန်ယူမှု အပြည့်ရှိတယ်ဆိုတာကို ဖော်ပြနေခြင်း ဖြစ်ပါတယ်။ STIs ဟာ လိင်မှုဆိုင်ရာ ထိတွေ့မှု တစ်ကြိမ်ရှိရုံနဲ့ တခြားသူထံ အလွယ်တကူ ကူးစက်ပြန့်ပွား နိုင်ပါတယ်။ ရောဂါရှိမရှိ စစ်ဆေးခြင်းအားဖြင့် ကိုယ့်ရဲ့ ကျန်းမာရေးကို ကိုယ်တိုင် အပြည့်အဝ တာဝန်ယူသူတစ်ယောက် ဖြစ်စေသလို ကိုယ်နဲ့ထိတွေ့ ဆက်ဆံတဲ့ ချစ်သူ ပါတနာအပေါ်လည်း လေးစားတန်ဖိုးထားရာ ရောက်စေပါတယ်။

(၃) ရောဂါလက္ခဏာ မပြတဲ့ ကူးစက်ခံရမှု အခြေအနေတွေကို သိနိုင်တယ်

STIs Test

Photo : Jill Gibson, MD

အချို့သော လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေဟာ ကူးစက်ခံရပြီးနောက်မှာ ရောဂါလက္ခဏာ မပြတာမျိုး ရှိတက်ပါတယ်။ ဒီလို လက္ခဏာ မပြတဲ့ ကူးစက်ခံရမှု အခြေအနေတွေကို သိနိုင်ဖို့ဟာ သွေးစစ် ကြည့်မှပဲ ရမှာပါ။ အထူးသဖြင့် ကွီးတို့က အကာအကွယ်မဲ့ ဆက်ဆံမှု ပြုလုပ်ထားတဲ့ အခြေအနေမှာ ရှိတယ်ဆိုရင် ပုံမှန်စစ်ဆေးမှု ခံယူသင့်ပါတယ်။

(၄) စောစီးစွာ ကုသမှု ခံယူလို့ရတယ်

STIs Test

Photo : Palmetto Community Care

STIs အားလုံးဟာ ကုသလို့ရပြီး အများစုကတော့ ပျောက်ကင်းသက်သာ နိုင်ပါတယ်။ ရောဂါအခြေအနေကို စောစီးစွာ သိရှိတဲ့အခါ ထိရောက်မြန်ဆန်တဲ့ ကုသမှုတွေကို မြန်မြန်ဆန်ဆန်ပဲ ခံယူလို့ရမှာ ဖြစ်ပါတယ်။

(၅) ကုန်ကျစရိတ် သက်သက်သာသာနဲ့ အလွယ်တကူ စစ်ဆေးလို့ ရတယ်

STIs Test

Photo : FirstMed Webshop

STIs စစ်ဆေးဖို့က အရင်ခေတ်တွေကလောက် မခက်တော့ပါဘူး။ နီးစပ်ရာ ဆေးရုံဆေးခန်းတွေ ဒါမှမဟုတ် အခမဲ့ စစ်ဆေးလို့ရမယ့် ကျန်းမာရေး စင်တာတွေမှာ သွားရောက်စစ်ဆေး နိုင်ပါတယ်။ ရှုပ်ထွေးခက်ခဲတဲ့ အဆင့်တွေ မပါပဲ သွေးနမူနာ ယူပြီးနောက်မှာ အဖြေကို အချိန်ပိုင်း သို့မဟုတ် ရက်ပိုင်းအတွင်းမှာ သိနိုင်ပဲ ဖြစ်ပါတယ်။

Source : Better2Know

Featured Photo : slate.com