စမတ်ဖုန်း ၊ ကွန်ပြူတာ တို့လို ဒစ်ဂျစ်တယ် ပစ္စည်းတွေ အသုံးများတဲ့ ဒီနေ့ခေတ်မှာ လူအများစု မျက်လုံး နဲ့ဆိုင်တဲ့ ကျန်းမာရေး ပြဿနာတွေ ကြုံကြရပါတယ်။ မျက်စိဝေဒနာတွေထဲမှာ Eyestrain လို့ခေါ်တဲ့ မျက်စိညောင်းကိုက်တဲ့ ပြဿနာဟာ အသက်အရွယ်မရွေး အဖြစ်များပြီး များသောအားဖြင့် အချိန်ကြာမြင့်စွာ ကားမောင်းတာ ၊ ကွန်ပြူတာ ၊ စမတ်ဖုန်းနဲ့ Digital Books တွေကို အချိန်ကြာကြာ အသုံးပြုတာ စတဲ့ အခြေအနေတွေကြောင့် ဖြစ်ပေါ်တတ်ပါတယ်။
Photo : Stoney Creek Eye Care
မျက်လုံးညောင်းကိုက်ခြင်း Eyestrain ရဲ့ ရောဂါလက္ခဏာတွေကတော့………
- မျက်ရည်ထွက်ခြင်း
- မျက်လုံးနဲ့ မျက်ကြောတွေ ညောင်းကိုက်ခြင်း
- မျက်စိစပ်ခြင်း ၊ ပူစပ်ပူလောင် ခံစားရခြင်း
- မျက်လုံး နီရဲခြင်း
- မျက်စိယားယံခြင်း
- အမြင်ဝေဝါးခြင်း ၊ ကြည်လင်ပြတ်သားမှုမရှိခြင်း
- ခေါင်းကိုက်ခြင်း
- လည်ပင်းနဲ့ ပခုံးတွေ ကိုက်ခဲခြင်း
စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
Photo : Gormley Opticians
မျက်လုံးညောင်းကိုက်ခြင်း Eyestrain ကို ကာကွယ်ဖို့ အောက်ပါနည်းလမ်းတွေ အသုံးပြုနိုင်ပါတယ်။
နံပါတ် (၁) – မျက်လုံးကို မိနစ် ၂၀ ခန့် အာရုံစူးစိုက်မှု လုပ်ပြီးတာနဲ့ ပေ ၂၀ အကွာကို စက္ကန့် ၂၀ လောက်ကြည့်ပေးပါ။
နံပါတ် (၂) – Screen Time ကို တက်နိုင်သမျှ လျှော့ချပေးပါ။
နံပါတ် (၃) – မျက်ရည်တု (Artificial Tear) မျက်စဉ်း တစ်နေ့လျှင် ၃ ကြိမ်ခန့် အသုံးပြုပေးပါ။
နံပါတ် (၄) – ရေနွေးငွေ့နဲ့ ပေါင်းခံထားတဲ့ တဘက်ကို မျက်လုံးပေါ် အုပ်ပေးပါ။ မျက်စိညောင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။
နံပါတ် (၅) – ပန်ကာ ၊ အဲကွန်းအောက်တည့်တည့်မှာ လေခံခြင်းကို ရှောင်ရှားပါ။
နံပါတ် (၆) – ဖုန်း ၊ ကွန်ပြူတာ ကြည့်ဖို့အတွက် သီးသန့်ထုတ်ထားတဲ့ မျက်မှန်ကို အသုံးပြုပါ။
တစ်နေ့တာအတွင်း ဒစ်ဂျစ်တယ် ပစ္စည်းတွေကို အချိန်အကန့်အသတ်နဲ့ အသုံးပြုသင့်သလို အသုံးပြုပြီးတိုင်းမှာလည်း ကွီးတို့ရဲ့ မျက်လုံးကို အချိန်အနည်းငယ် အနားပေးဖို့ မမေ့သင့်ပါဘူး။ အထက်ပါ အချက်တွေနဲ့ ကွီးတို့ မျက်လုံးကို ဂရုစိုက်ပေမယ့် အမြင်တွေ ဝေဝါးနေတယ် ၊ မြင်ကွင်း ၂ ထပ် ဖြစ်နေတယ် ၊ မျက်လုံးတွေနီရဲပြီး မခံနိုင်အောင် ကျိန်းစပ်နေတယ် ၊ ပြင်းပြင်းထန်ထန် ခေါင်းကိုက်တယ် ဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြီး စစ်ဆေးကုသမှု ခံယူတာ အကောင်းဆုံးပါပဲ။
Source : WebMD
Featured Photo : Eyes on Plainville