အပြုံးဟာ လူတစ်ယောက်ရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ ကိုယ်ပိုင် သင်္ကေတ တစ်ခုပါ။ နေ့စဉ်ဘဝထဲမှာ လူတွေနဲ့ ထိတွေ့ဆက်ဆံတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ အပြုံးချိုချိုလေးတွေ ပြုံးပြချင်တယ်ဆိုရင်တော့ ကွီးတို့ရဲ့ သွားလေးတွေဟာ ဖြူဝင်းနေမှ ဖြစ်မှာပါ။ ဒါကြောင့် ဒီဆောင်းပါးမှာတော့ ကွီးတို့ သွားလေးတွေကို သဘာဝအတိုင်း ဖြူဝင်းစေမယ့် နည်းလမ်းလေးတွေကို ပြောပြပေးပါမယ်။

(၁) ပန်းသီးရှာလကာရည်

Apple Cider Vinegar

Photo : Mensxp

ဘက်တီးရီးယားပိုးတွေကို ရှင်းလင်းပေးနိုင်စွမ်းရှိတဲ့ Acetic Acid ပါဝင်တဲ့ ပန်းသီးရှာလကာရည်ကို သဘာဝ ခံတွင်းသန့်စင်ဆေးရည် အဖြစ်သုံးကြပါတယ်။ ပန်းသီးရှာလကာရည်ဟာ ခံတွင်းအတွင်းက ဘက်တီးရီးယားပိုးမွှားတွေနဲ့ အညစ်အကြေး အစွန်းအထင်းတွေကို သိသိသာသာ ဖယ်ရှားပေးနိုင်တာကြောင့် ခံတွင်းရနံ့ကို ကောင်းစေပြီး သွားတွေကို ဖြူဝင်းလာစေမှာ ဖြစ်ပါတယ်။ ပန်းသီးရှာလကာရည်ကို ၂ – ၃ မိနစ်လောက် ပါးစပ်ထဲငုံပြီးနောက် ထွေးထုတ်လိုက်ပါ။ ထို့နောက် ရိုးရိုးရေနဲ့ ပလုတ်ထပ်ကျင်းရမှာ ဖြစ်ပါတယ်။ တစ်ပတ်ကို ၂ – ၃ ကြိမ်ခန့် ပြုလုပ်နိုင်ပါတယ်။

(၂) ဆီ

Oil

Photo : Mensxp

အိန္ဒိယရိုးရာနည်း ဖြစ်ပါတယ်။ ဆီကို ပါးစပ်ထဲငုံပြီး မိနစ်အနည်းငယ် ပလုတ်ကျင်းရမှာ ဖြစ်ပါတယ်။ ရှေးအိန္ဒိယ လူမျိုးတွေကတော့ ခံတွင်း ကျန်းမာသန့်ရှင်းရေးနဲ့ သွားတွေကို ဖြူဝင်းစေဖို့အတွက် ဒီနည်းလမ်းကို နှစ်ပေါင်းများစွာ သုံးခဲ့ကြပါတယ်။ ပလုတ်ကျင်းတဲ့အခါ အုန်းဆီ သို့မဟုတ် နှမ်းဆီကို အသုံးပြုတာ အကောင်းဆုံးပဲလို့ ညွှန်းထားပါတယ်။

(၃) မုန့်ဖုတ်ဆိုဒါ

Baking Soda

Photo : Mensxp

မုန့်ဖုတ်ဆိုဒါမှာ အပျော့စား အညစ်အကြေး အစွန်းအထင်းတွေကို ဖယ်ရှားသန့်စင်စေနိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ လေ့လာမှုတွေအရ မုန့်ဖုတ်ဆိုဒါနဲ့ တစ်ပတ်လျှင် အနည်းဆုံး ၁ ကြိမ်ခန့် သွားတိုက်ပေးမယ်ဆိုရင် ကွီးတို့ ရဲ့ သွားတွေကို သိသိသာသာ ဖြူဝင်းလာစေမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ သတိထားရမှာ တစ်ခုကတော့ မုန့်ဖုတ်ဆိုဒါဟာ သွားကြွေလွှာကို တိုက်စားနိုင်တဲ့အတွက် နေ့တိုင်းသုံးဖို့တော့ မသင့်လျော်ပါဘူး။

Source : Mensxp

Featured Photo : Cosmetic Dentistry Spokane WA