ရေသောက်များတဲ့နေ့တွေ ၊ ရာသီဥတု အအေးဓာတ်ပိုတဲ့ နေ့တွေဆို ဆီးမကြာခဏ သွားရတာဟာ ထုံးစံပါပဲ။ ဒါပေမယ့် ဒီလိုအခြေအနေတွေ မရှိပါပဲ ကွီးတို့မကြာမကြာ ဆီးသွားနေရတယ်ဆိုရင်တော့ တစ်ခုခုမှားနေလို့ ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ ပုံမှန်ထက်ပိုပြီး ဆီးသွားနေရတဲ့ နောက်ကွယ်က ဆက်စပ်ကျန်းမာရေး အခြေအနေတွေအကြောင်း ပြောပြပေးချင်ပါတယ်။
(၁) ဆီးအိမ်ကင်ဆာ
Photo : Healthline
ဆီးအိမ်ကင်ဆာ ရောဂါရှိသူတွေမှာ မကြာခဏ ဆီးသွားရတဲ့ ပြဿနာ ရှိပါတယ်။ ဆီးအိမ်ကင်ဆာဟာ ဖြစ်တောင့်ဖြစ်ခဲ ရောဂါတစ်ခုပါ။ ဒါပေမယ့် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ဆီးအိမ်ကင်ဆာရောဂါ ဖြစ်နိုင်ခြေ ၃ ဆ ပိုများတဲ့အတွက် သတိတော့ထား သင့်ပါတယ်။
(၂) ဆီလမ်းကြောင်း ပိုးဝင်ခြင်း (Urinary Tract Infection)
Photo : International Society of Urological Pathology
ဆီးလမ်းကြောင်းမှာ ပိုးဝင်နေပြီဆိုရင် ကွီးတို့ မကြာခဏ ဆီးသွားတာမျိုး ဖြစ်တက်ပါတယ်။ Urinary Tract Infection ရဲ့ ရောဂါ လက္ခဏာတွေထဲမှာ ဆီးမကြာခဏ သွားတာ ၊ ဆီးသွားစဉ်မှာ ပူစပ်ပူလောင် ခံစားရတာ ၊ ဆီးသွားစဉ်အတွင်း ခါးနဲ့ တင်ပါးဆုံ ကြွက်သားတွေ ကိုက်ခဲနာကျင်တာ ၊ ဆီးတစ်စက်တစ်စက်ထွက်တာ စတာတွေ ပါဝင်ပါတယ်။
(၃) လေဖြတ်ခြင်း
Photo : Lone Star Neurology
လေဖြတ် ဝေဒနာသည်တွေမှာဆိုရင် အပေါ့အလေး စွန့်ရာမှာ များစွာ အခက်အခဲတွေ ကြုံရပါတယ်။ အကြောင်းကတော့ လေဖြတ်ပြီးနောက်မှာ ဦးနှောက်ကနေ ဆီးအိမ်ကို ထိန်းချုပ်နိုင်စွမ်း လျော့ကျသွားတဲ့အတွက် ဆီးမထိန်းနိုင်တာ ၊ ဆီးသွားလို့သွားမှန်းမသိတာ ၊ ဆီးမကြာခဏ သွားတာတွေ ခံစားရနိုင်ပါတယ်။
(၄) ဆီးချိုရောဂါ
Photo : Lane Regional Medical Center
ဆီးချိုရောဂါဟာ ဆီးမကြာခဏ သွားတာနဲ့ တိုက်ရိုက်တော့ မဆိုင်ပါဘူး။ သို့သော် ဆီးချိုရောဂါရှိသူတွေဟာ သွေးတွင်းသကြားဓာတ် မြင့်မားလာတဲ့အခါတွေမှာ ရေဆာရေငတ်ခြင်းကို ပိုဖြစ်တဲ့အတွက် ရေများများသောက်လေ့ရှိတာကြောင့် နောက်ဆက်တွဲအနေနဲ့ မကြာမကြာ ဆီးသွားချင်စိတ် ဖြစ်ပေါ်နေရတာ ဖြစ်ပါတယ်။
(၅) ဆီးကျိတ်ကြီးခြင်း
Photo : Desert Sky Urology
အသက် ၄၀ နောက်ပိုင်း အမျိုးသားတွေမှာ အဖြစ်များတဲ့ ကျားရောဂါတစ်ခု ဖြစ်ပါတယ်။ ဆီးကျိတ်ကြီးတယ်ဆိုတာဟာ ဆီးပြွန်တဝိုက်က အကျိတ်လေးတွေ ကြီးလာတဲ့အတွက် ဆီးပြွန်ကို ပိတ်စို့သလိုဖြစ်ပြီး မကြာခဏ ဆီးသွားချင်စိတ် ဖြစ်တာ ၊ ဆီးမထိန်းနိုင်တာ ၊ ဆီးကျန်တာ ၊ ဆီးယိုစိမ့်တာ ၊ ဆီးသွားနေစဉ် နာကျင်တာ စတဲ့ လက္ခဏာတွေ ခံစားရတက်ပါတယ်။
Source : University Hospitals
Featured Photo : Comprehensive Urology