ဟောလိဝုဒ် ရုပ်ရှင်လောကမှာလည်း ပေါကား ဈေးကွက် ရှိပါတယ်။ အဖန်တရာ ထပ်နေတဲ့ ဇာတ်လမ်းဇာတ်အိမ် ၊ လူသိပ်မသိတဲ့ မျက်နှာသစ် အက်တာတွေနဲ့ ပေါပေါလောလော ရိုက်ကူးထားတဲ့ ကွာလတီအနှိမ့်စား ပေါကားတွေက ကြည့်ရှုသူ ရုပ်ရှင်ချစ် ပရိသတ်တွေအတွက်တော့ အင်မတန် စိတ်ပျက်စရာပါပဲ။ ဒီလို ပေါပေါလောလော ရုပ်ရှင်ကားတွေ မကြည့်ချင်ဘူး ၊ အမှန်အကန်ကြမ်းမယ့် ကားတွေပဲ ကြိုက်တဲ့သူတွေအတွက် ဒီဆောင်းပါးမှာတော့ အခုနှစ် ၂၀၂၅ ထဲမှာ ထွက်ထားတဲ့ အမိုက်စား အက်ရှင် ကားကောင်းတချို့ကို ညွှန်းပေးချင်ပါတယ်။
(၁) The Old Guard 2 (2025)
Source : Netflix
၂၀၂၀ တုန်းက ထွက်ခဲ့တဲ့ The Old Guard 1 ရဲ့အဆက် ဒုတိယမြောက် အက်ရှင် ဇာတ်ကားသစ် ဖြစ်ပါတယ်။ The Old Guard 1 ကို မကြည့်ထားပဲ The Old Guard 2 (2025) ကို တန်းကြည့်မယ်ဆိုရင်တော့ ရုပ်ရှင်ရဲ့ ဇာတ်လမ်းအသွားအလာကို ကောင်းကောင်း နားလည်နိုင်ဖို့ ခက်ပါလိမ့်မယ်။ ဒီဇာတ်ကားက စိတ်ဝင်စားဖို့ကောင်းတဲ့ မသေမျိုး Immortal Warriors တွေရဲ့ အကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ Action / Adventure ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
(၂) The Amateur (2025)
20th Century Studios
ဇာတ်လမ်းဇာတ်အိမ် ကောင်းကောင်းနဲ့ အမှန်အကန်ကြမ်းတဲ့ အက်ရှင် ကားမျိုးမှ ကြည့်ချင်တယ်ဆိုရင်တော့ The Amateur (2025) က ကွီးတို့အတွက် ကွတ်တိပါပဲ။ ဒီဇာတ်ကားက လျို့ဝှက်ကုဒ်ဖော်တဲ့ CIA အေးဂျင့် Charles Heller ရဲ့အကြောင်းကို အဓိက ဇာတ်အိမ်တည်ထားပြီး ဇနီးဖြစ်သူအတွက် သွေးကြွေးဆပ် ရှယ်ကြမ်းပြမယ့် ဇာတ်ကားကောင်း ဖြစ်ပါတယ်။
(၃) Flight Risk (2025)
Source : Lionsgate Movies
မင်းသားကြီး Mark Wahlberg အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ အသစ်စက်စက် ရုပ်ရှင်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားက အက်ရှင်ရုပ်ရှင်ကားဆိုတာ ထက်ကိုပိုပြီး သည်းထိတ်ရင်ဖို စွန့်စားခန်း Thriller / Adventure ဆန်ဆန် ဇာတ်လမ်းဇာတ်အိမ်မျိုး ပေါင်းစပ်တည်ထားပါတယ်။ ဩဇာကြီးမားတဲ့ နာမည်ကြီး လူဆိုးဂိုဏ်းခေါင်းဆောင်နဲ့ ပတ်သတ်နေတဲ့ သက်သေခံတစ်ဦးကို လေယာဉ်နဲ့ ခေါ်ဆောင်လာရာ လမ်းတစ်လျှောက်က သည်းထိပ်ရင်ဖို စွန့်စားခန်း အက်ရှင် ပြကွက်တွေကို ခံစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
(၄) M3GAN 2.0 (2025)
Source : Universal Pictures
M3GAN 2.0 (2025) ကတော့ ပထမကား M3GAN ထွက်ပြီး ၂ နှစ်အကြာမှာ အဆက်အနေနဲ့ ထပ်ထွက်လာတဲ့ သိပ္ပံစိတ်ကူးယဉ် အက်ရှင် Horror ရုပ်ရှင်ကား ဖြစ်ပါတယ်။ AI နည်းပညာ ထွန်းလာတဲ့ ဒီဘက်ခေတ်မှာ စက်ရုပ်တွေကို ကွန်မန်ဒိုတပ်သားအနေနဲ့ စစ်ဆင်ရေးတွေမှာ အသုံးပြုဖို့ ကြိုးစားလာတာ သိပ်တော့ မဆန်းပါဘူး။ ဒါပေမယ့် AI ပရိုဂရမ်ထည့်သွင်းထားတဲ့ စက်ရုပ်ဆိုတဲ့အတိုင်း ထိန်းချုပ်မှုအောက်က လွတ်သွားရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်ဆိုတာ မေ့ထားလို့ မရပြန်ပါဘူး။ ဒီဇာတ်ကားက ပထမ M3GAN နဲ့ ဇာတ်အိမ်ချိတ်ပြီး AI စက်ရုပ်တွေ အမွှေကြီး မွှေမယ့် စိတ်ဝင်စားစရာ ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။
Source : MovieWeb
Featured Photo : MovieWeb