ငှက်ပျောသီးများသည် အရသာရှိရုံမကဘဲ အသားအရေနှင့် ဆံကေသာ အလှအပအတွက် အထောက်အကူဖြစ်စေတဲ့ ပိုတက်စီယမ်၊ Antioxidnats ၊ ဗီတာမင်နှင့် သတ္တုဓာတ်များ၊ ဘိုင်အိုတင်းဓာတ်များလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ကွီး တို့ရဲ့ ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း ငှက်ပျောသီး က များစွာ အသုံးဝင်ပါသေးတယ်။

ကွီး တို့အိမ်မှာ ငှက်ပျောသီး တစ်လုံး ရှိရုံနဲ့တင် ခန္ဓာကိုယ် ကျန်းမာရေးအတွက် ဘက်စုံအသုံးပြုနိုင်ပါတယ်။ ဘယ်လိုအသုံးပြုနိုင်သလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အတူတူ ဆက်လက်ဖတ်ရှုကြည့်ရအောင်။

စွမ်းအင်အပြည့်နှင့် လန်းဆန်းတက်ကြွနေစေခြင်း

man at work

မနက်ပိုင်းမှာ စွမ်းအင်အပြည့်နဲ့ လန်းဆန်းတက်ကြွနေမပေမယ့် နေ့လည်ခင်းဘက် ရောက်တဲ့အခါ အလုပ်များတဲ့ဒဏ်ကြောင့် တစ်နေကုန်ပင်ပန်းနွမ်းနယ်နေပါသလား။

ဒါဆိုရင်တော့ ငှက်ပျောသီးတစ်လုံးလောက် မြန်မြန်လေး သွားစားလိုက်ပါ။ ငှက်ပျောသီးထဲမှာ ပါဝင်တဲ့ ကစီဓာတ်၊ အမိုင်နိုအက်စစ်ဓာတ်၊ သဘာဝအချိုဓာတ်နှင့် အခြားသောသတ္တုဓာတ်များသည် စွမ်းအင်အပြည့်နဲ့ လန်းဆန်းတက်ကြွနိုင်အောင် ကူညီပေးပါတယ်။ ငှက်ပျောသီးအဖြစ် မစားချင်ပါကလည်း ငှက်ပျောသီးဖျော်ရည်အဖြစ် ပြောင်းလဲသောက်သုံးနိုင်ပါသေးတယ်။ ငှက်ပျောသီး ဖျော်ရည် ဖျော်သောက်တဲ့အခါမှာတော့ သကြားနှင့် အခြားသော အချိုဓာတ်များ မထည့်ဘဲ သဘာဝအတိုင်း ဖျော်သောက်ရမှာပဲ ဖြစ်ပါတယ်။

အသားအရေကို အစိုဓာတ်ဖြည့်ပေးခြင်း

benefits of banana

ငှက်ပျောသီးများသည် အသားအရေကို အစိုဓာတ်ဖြည့်တင်းပေးနိုင်တဲ့ သဘာဝသစ်သီးတစ်မျိုးပဲဖြစ်ပါတယ်။ သူ့ထဲမှာပါဝင်တဲ့ ဗီတာမင်အေဓာတ်သည် ခြောက်သွေ့နေတဲ့ အသားအရေကို ပြန်လည်စိုပြေစေပြီး ဆဲလ်သေများကိုလည်း အသစ်ပြန်ဖြစ်ပေါ်စေပါတယ်။

မှည့်နေတဲ့ ငှက်ပျောသီးတစ်လုံးကို အနှစ်များဖြစ်သွားအောင် ချေမွှလိုက်ပါ။ ထို့နောက် ခြောက်သွေ့နေတဲ့ အသားအရေပေါ် သုတ်လိမ်းပေးလိုက်ပါ။ (မျက်စိထဲ မဝင်အောင် သေချာဂရုစိုက်ရပါမယ်။)

မိနစ် ၂၀၊ ၂၅ မိနစ်ခန့် ကြာတဲ့အခါမှာတော့ ကြက်သီးနွေး ရေနွေးလေးဖြင့် မျက်နှာသစ်ပေးလိုက်ပါ။ ထို့နောက်မှာတော့ အစိုဓာတ်ထိန်းခရင်မ်လေး လိမ်းကျံပေးလိုက်တဲ့အခါ နူးညံ့စိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်ရပါလိမ့်မယ်။

ဆံကေသာ အလှအပနှင့် ဆံကေသာ ကျန်းမာရေးအတွက် အသုံးပြုနိုင်ခြင်း

benefits of banana

ဆံကေသာ ကြမ်းတမ်း ပျက်စီးနေတဲ့ ကွီး တို့အတွက် ငှက်ပျောသီး သည် အကောင်းဆုံး အဖော်မွန်တစ်ခုပဲဖြစ်ပါတယ်။ သူ့ထဲမှာ ပါဝင်တဲ့ ဖောလစ်အက်ဆစ်သည် ဆံကေသာကို တောက်ပနေစေပြီး ဆံကေသာကို နူးညံ့စိုပြေကာ ရေဓာတ်ဖြည့်တင်းပေးပါတယ်။

ပြုလုပ်နည်းကလည်း လွယ်ကူရိုးရှင်းပါတယ်။ အရင်ဦးဆုံး ငှက်ပျောသီးမှည့် တစ်လုံးကို ပျားရည် စားပွဲတင်ဇွန်း တစ်ဝက်ဖြင့် ခရင်မ်ပုံစံဖြစ်သွားအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ဆံကေသာကို မိမိလျှော်နေကျ ခေါင်းလျှော်ရည်ဖြင့် လျှော်ပေးလိုက်ပါ။ ထို့နောက် ဆံပင်ကို အနည်းငယ် မစို မခြောက်လေး ဖြစ်သွားအောင် သုတ်ပေးလိုက်ပါ။

ထို့နောက် စောစောက ငှက်ပျောသီးအနှစ်ကို ဆံကေသာ အရင်းကနေ အဖျားအထိ သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် ဦးခေါင်းကို Shower Cap လေးဖြင့် ဆောင်းထားလိုက်ပါ။

မိနစ် ၂၀၊ မိနစ် ၃၀ ကြာမှ ကြက်သီးနွေး ရေနွေးဖြင့် ဆေးချလိုက်ပါ။ လိုအပ်ပါကလည်း ခေါင်းလျှော်ရည်ဖြင့် လျှော်ချနိုင်ပါသေးတယ်။ ဒီနည်းလမ်းကို တစ်ပတ် တစ်ကြိမ်ခန့် ပြုလုပ်ပေးရုံမျှဖြင့် ကွီးတို့ရဲ့ ကြမ်းတမ်းပျက်စီးနေတဲ့ ဆံကေသာက ပြန်လည်နူးညံ့စိုပြေ လာပါလိမ့်မယ်။

ခြင်ကိုက်ခံရခြင်းကြောင့် အရေပြားယားယံတဲ့အခါ အသုံးပြုနိုင်ခြင်း

ကွီး ငှက်ပျောသီး

ငှက်ပျောသီးထဲမှာ ပါဝင်တဲ့ သဘာဝသကြားဓာတ်သည် ခြင်ရဲ့ တံတွေးကလင်းကနေ လူရဲ့အသားထဲသို့ လွှင့်ထုတ်လိုက်တဲ့ အရည်များကို ပြန်လည် စုပ်ယူနိုင်စွမ်းရှိပါတယ်။

အရင်ဦးဆုံး ခြင်ကိုက်ခံရတဲ့ နေရာလေးကို သန့်စင်ပေးလိုက်ပါ။ ထို့နောက် ငှက်ပျောသီးအခွံရဲ့ အတွင်းသားဖြင့် ခြင်ကိုက်ခံရတဲ့နေရာကို ပွတ်တိုက်ပေးလိုက်ပါ။ ငှက်ပျောသီးအခွံသည် ခြင်ကိုက်ခံရခြင်းကြောင့် ယားယံတဲ့ဝေဒနာကို လျော့ပါးသက်သာစေပါလိမ့်မယ်။

ညဘက်တွင် နှစ်ခြိုက်စွာ အိပ်စက်နိုင်အောင် ကူညီပေးခြင်း

ကွီး ငှက်ပျောသီး

ကွီး တို့အနေနဲ့ ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်လို့မရဘူးဆိုရင်တော့ အိပ်ရာဝင်ခါနီးလေးမှာ ငှက်ပျောသီးကို စားသုံးပြီး အိပ်ရာဝင်နိုင်ပါတယ်။ ငှက်ပျောသီးထဲမှာ ပါဝင်တဲ့ ပိုတက်စီယမ်နှင့် မဂ္ဂနီစီယမ်တို့က ကြွက်သားများကို ပြေလျော့စေပြီး ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ကူညီပေးပါတယ်။

သွားများကို ဖြူဖွေးဝင်းပစေခြင်း

ကွီး ငှက်ပျောသီး

ငှက်ပျောသီးမှည့်တစ်လုံးသည် သွားများကို ဖြူဖွေးဝင်းပလာအောင်လည်း ကူညီပေးပါသေးတယ်။ ငှက်ပျောသီးမှည့်တစ်လုံး စားပြီးသွားတဲ့အခါ ငှက်ပျောသီးအခွံကို အနည်းငယ် လှီးဖြတ်လိုက်ပါ။ ထို့နောက် ထိုငှက်ပျောသီးအခွံရဲ့ အတွင်းသားဖြင့် သွားများကို ပွတ်တိုက်ပေးလိုက်ပါ။ ထို့နောက် ၁၀ မိနစ်ကြာ စောင့်ပြီးနောက်မှာတော့ မိမိတိုက်နေကျ သွားတိုက်ဆေးဖြင့် တိုက်ပေးလို့ရပါပြီ။ တစ်နေ့ကို နှစ်ကြိမ်ခန့် ပြုလုပ်ပေးရုံမျှဖြင့် ကွီးတို့ရဲ့သွားတွေသည် ဖြူဖွေးဝင်းပလာမှာပဲ ဖြစ်ပါတယ်။

ခြေဖနောင့်ကွဲခြင်းတို့အတွက် အသုံးပြုနိုင်ခြင်း

ကွီး ငှက်ပျောသီး

ငှက်ပျောသီးရဲ့ အစိုဓာတ်ထိန်းပေးနိုင်စွမ်းကတော့ အံ့မခန်းပဲဖြစ်ပါတယ်။ ခြေဖနောင့်ကွဲတဲ့အခါမှာလည်း ငှက်ပျောသီးကို အသုံးပြုနိုင်ပါတယ်။ အရင်ဦးဆုံး ခြေဖဝါးကို သန့်စင်အောင် ဆေးကြောလိုက်ပါ။ ငှက်ပျောသီးမှည့် ၂ လုံးကို အနှစ်များဖြစ်သွားအောင် ဇွန်းဖြင့် ချေပစ်လိုက်ပါ။ ထို့နောက် ခြောက်သွေ့နေသော ခြေဖဝါးပေါ်တွင် သုတ်လိမ်းပေးလိုက်ပါ။

၁၀ မိနစ်ကြာအောင် ထားထားပြီးတဲ့အခါမှာတော့ ကြက်သီးနွေး ရေနွေးဖြင့် ခြေထောက် ပြန်ဆေးပေးလိုက်ပါ။ ငှက်ပျောသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်များသည် ခြေဖဝါး ခြောက်သွေ့ကွဲအက်ခြင်းမှ သက်သာစေပြီး ခြေဖဝါးကို ပြန်လည် နူးညံ့စေမှာဖြစ်ပါတယ်။

Source: Tasteofhome

Featured Image: Newsweek