ကွီး တို့သည် ကိုယ့်ရဲ့ မွေးရာပါ ဖွားဖက်တော် ကို ကျန်းမာ အောင် ဂရုစိုက်ဖို့ဆိုရင် လိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါများ အန္တရာယ်မှ ကာကွယ်ရန်တစ်ခုတည်းလို့သာ မှတ်ယူကြပါတယ်။ တကယ်တော့ ကွီးတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးသည် ထို့ထက်ပိုမိုနက်နဲပါတယ်။
ဘယ်အရာတွေက ဖွားဖက်တော်ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုရှိစေနိုင်သလဲ။
ကွီးတို့ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှု၊ ဘဝနေထိုင်မှုပုံစံနှင့် အခြားသောရောဂါအခံရှိခြင်း မရှိခြင်းတို့သည် ဖွားဖက်တော်ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုရှိစေပါတယ်။ ကိုယ့်ရဲ့ဖွားဖက်တော်က ကျန်းမာမှသာလျှင် ဆီးအောင့်ခြင်းမှ ကင်းဝေးပြီး ဆီး ကောင်းစွာသွားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် လိင်ဆက်ဆံရာမှာလည်း စိတ်ကျေနပ်စွာ စွမ်းဆောင်နိုင်မှာဖြစ်ပြီး သားသမီး ရနိုင်ခြင်း၊ မရနိုင်ခြင်းတို့သည်လည်း ဖွားဖက်တော်ကျန်းမာရေးနှင့် များစွာသက်ဆိုင်ပါတယ်။
ကွီး တို့ရဲ့ မွေးရာပါ ဖွားဖက်တော် ကို ကျန်းမာ နေအောင် ဘယ်လိုဂရုစိုက်ရမလဲ။
တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဦးစားပေးပါ
ဖွားဖက်တော်ကို အနံ့အသက်မကောင်းခြင်းမှ ကာကွယ်ဖို့ရန်အတွက် ပုံမှန်ဆေးကြောသန့်စင်ပေးဖို့လိုအပ်ပါတယ်။ ပုံမှန်ဆေးကြော သန့်စင်ခြင်းမရှိတဲ့အခါ အဆီကဲ့သို့ အကျိအချွဲများ ခိုကပ်နေတတ်ပြီး ထိုအရာသည် ဖွားဖက်တော်အရေပြားကို ရောင်ရမ်းယားယံလာစေနိုင်ပါတယ်။
ရေဓာတ်ပြည့်ဝစွာ နေထိုင်ပါ
ရေဓာတ်ပြည့်ဝခြင်းသည် ယေဘုကျကျန်းမာရေးအတွက်သာမက ဖွားဖက်တော်ကျန်းမာရေးအတွက်လည်း များစွာအရေးကြီးပါတယ်။ ရေဓာတ်လုံလောက်စွာ မရရှိခြင်းသည်လည်း ကွီးတို့ရဲ့ လိင်မှုကိစ္စစွမ်းဆောင်နိုင်ရည်ကို ကျဆင်းစေတတ်တာကြောင့် ရေဓာတ်ပြည့်ဝဖို့ရန်အတွက် တစ်နေ့လျှင် ရေ ၂ လီတာခန့် ပုံမှန်သောက်သုံးပေးရပါမယ်။
အာဟာရညီညွှတ်မျှတစွာ စားသုံးပါ
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများသည် ကွီး တို့ရဲ့ ဖွားဖက်တော် ကျန်းမာ ရေးအတွက် အင်မတန်အထောက်အကူပြုပါတယ်။ ထိုဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ များများစားသုံးပေးပါက လိင်တံသည် တောင့်တင်းထောင်မတ်နိုင်မှာဖြစ်ပါတယ်။ ထိုအာဟာရဓာတ်များ လုံလောက်စွာ မရရှိခဲ့ပါက စိတ်သွားတိုင်း ကိုယ်မပါဖြစ်တတ်ပါတယ်။
လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ
၂၀၀၅ ခုနှစ်က လေ့လာပြုလုပ်ခဲ့တဲ့ စမ်းသပ်ချက်တစ်ခုအရ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ၄၀ ရာခိုင်နှုန်းခန့် ပိုမိုတိုးတက်ကောင်းမွန်စေတယ်လို့ သိရှိရပါတယ်။ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပေးခြင်းအားဖြင့် ကိုယ့်ရဲ့ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမက ဖွားဖက်တော်ကျန်းမာရေးကိုပါ မြှင့်တင်ပေးနိုင်ပါတယ်။
စိတ်ဖိစီးမှုများကို တတ်နိုင်သမျှလျော့ချပါ
စိတ်ဖိစီးမှုများနှင့် စိတ်ပူပန်မှုလွန်ကဲခြင်းတို့သည် လိင်စွမ်းဆောင်ရည်နှင့် ကလေးရနိုင်ချေကို ထိခိုက်စေပါတယ်။ ဒါတင်မကသေးပါဘူး။ စိတ်ဖိစီးမှုများကြောင့် နှလုံးသွေးလှည့်ပတ်မှု ကျဆင်းသွားနိုင်ပါသေးတယ်။ ဒါ့ကြောင့် တတ်နိုင်သမျှ စိတ်ဖိစီးမှုများ၊ စိုးရိမ်မှုလွန်ကဲခြင်းတို့ကို လျော့ချပါ။ အသက်ရှူလေကျင့်ခန်း များများပြုလုပ်ပါ။ ကိုယ် ချစ်ခင်ရသူများနှင့် အချိန်များများကုန်ဆုံးပါ။ စိတ်တည်ငြိမ်အေးချမ်းအောင် တရားထိုင်ပါ။
အိပ်ရေး ဝဝ အနားယူအိပ်စက်ပါ
အိပ်ရေးဝဝ အိပ်စက်အနားယူခြင်းသည်လည်း ကွီးတို့ရဲ့ ဖွားဖက်တော်ကျန်းမာရေးအတွက် အထူးအရေးကြီးတာကြောင့် အိပ်ရေးပျက်မခံဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ဆေးလိပ်အလွန်အကျွံ သောက်သုံးခြင်းကိုလည်း ရှောင်ကြဉ်သင့်ပြီး အရက်၊ ဘီယာတို့ကိုလည်း သင့်တင့်မျှတရုံသာ သောက်သုံးသင့်ပါတယ်။
Source: Healthline
Featured Image: Healthline