ကွီး တို့ရဲ့ အာရုံကြော စနစ်သည် ခန္ဓာကိုယ်တစ်ခုလုံး ရုပ်ပိုင်းဆိုင်ရာအရ သွားလာလှုပ်ရှားနိုင်ရန်နှင့် စိတ်ပိုင်းဆိုင်ရာအရ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ဖို့ရန်အတွက် လုပ်ဆောင်ပေးရတာဖြစ်ပါတယ်။ အာရုံကြောစနစ်ထဲတွင် ဦးနှောက်နှင့် ကျောရိုးမကြီးအပြင် အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းတွေဖြစ်တဲ့ မျက်လုံး၊ နား၊ အနံခံအာရုံ၊ အရသာ ခံစားသိသော အရသာခံအာရုံဆိုပြီး အစိတ်အပိုင်း အမျိုးမျိုး ပါဝင်ပါတယ်။
ထိုအာရုံအစိတ်အပိုင်းများထဲမှ တစ်ခုခု ချွတ်ယွင်းသွားပါက ကျွန်တော်တို့လူသားတွေရဲ့ နေ့စဥ် လုပ်ငန်းဆောင်တာများကိုပါ ထိခိုက်လာနိုင်ပါတယ်။
ဒါ့ကြောင့် ကိုယ့်ရဲ့ နေ့စဥ် လုပ်ငန်းဆောင်တာများကို အထိအခိုက်မရှိဘဲ ကောင်းမွန်စွာ လုပ်ဆောင်ချင်တယ်ဆိုရင်တော့ ကွီး တို့ရဲ့ အာရုံကြော စနစ်ကို ဂရုစိုက်ဖို့ လိုအပ်ပါလိမ့်မယ်။ ကွီး တို့ရဲ့ အာရုံကြော စနစ် အားနည်းနေပြီဖြစ်ကြောင်းကိုလည်း ရံဖန်ရံခါမှာ လက္ခဏာပြလေ့ရှိပါတယ်။
အခုဖော်ပြပေးမယ့် လက္ခဏာများကတော့ အာရုံကြောစနစ် ထိခိုက်လာချိန်မှာ ပြသလေ့ရှိတဲ့ လက္ခဏာရပ်များပဲဖြစ်ပါတယ်။ သို့သော် လူတစ်ယောက်နဲ့ တစ်ယောက်မှာ တွေ့ရလေ့ရှိတဲ့ လက္ခဏာများကတော့ မတူညီတတ်ကြပါဘူး။
ထိုလက္ခဏာများကတော့ …
- အမြဲတမ်း (သို့) မကြာခဏ ခေါင်းကိုက်ခြင်း
- အရေပြားများ ထုံနေခြင်း
- ကြွက်သား သန်မာမှုများ ကျဆင်းခြင်း
- အမြင် အာရုံ ဝေဝါးခြင်း (သို့) အမြင်အာရုံ နှစ်ထပ်ဖြစ်ခြင်း
- မှတ်ဥာဏ် ကျဆင်းခြင်း
- စိတ်ဓာတ်ကျခြင်း
- စိတ်နှင့် လူနှင့် မကပ်ကာ တလွဲ လုပ်ဆောင်မိနေခြင်း
- တက်ခြင်း
- စကားပြောဆိုရာတွင် ဝါကျများကို မှန်ကန်အောင် မပြောဆိုနိုင်တော့ခြင်း
အစရှိတဲ့ ရောဂါလက္ခဏာများကို ကြုံတွေ့ရတတ်ပါတယ်။
ကွီးတို့အနေနဲ့ မိမိကိုယ်ကို အာရုံကြောစနစ်မှာ ပြဿနာရှိနေပြီလို့ သံသယရှိနေပြီဆိုရင်တော့ ကျွမ်းကျင်ဆရာဝန်များထံ အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။ ဦးနှောက်နှင့် အာရုံကြောသည် လူ့ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းများထဲတွင် အရေးကြီးဆုံး အခန်းကဏ္ဍတွင် ပါဝင်တဲ့အတွက်ကြောင့် အချိန်မနှောင်းခင်ကတည်းက မြန်မြန် ကုသသင့်ပါတယ်။
ဖြစ်လာတော့မှ ပိုက်ဆံ အကုန်အကျများပြီး ကုသနေရတာထက် မဖြစ်လာခင်ကတည်းက ကြိုတင်ကာကွယ်မယ်ဆိုရင် ရောဂါကြောင့် စိတ်ပင်ပန်းမှုဒဏ်မှ ကင်းဝေးပြီး ငွေကုန်ကြေးကျလည်း သက်သာစေပါတယ်။
ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ အာရုံကြောစနစ်ကို အထိအခိုက်မရှိရလေအောင် ပြုလုပ်နိုင်မယ့် အဆင့် (၇) ဆင့်ရှိပါတယ်။ ထိုအဆင့် (၇) ဆင့်ကို မှန်မှန် ပြုလုပ်နိုင်မယ်ဆိုရင်တော့ ကျန်းမာပြီး ပိုမိုကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။
အဆင့် (၁) နေ့စဥ် လေ့ကျင့်ခန်း ပြုလုပ်ပါ
လေ့ကျင့်ခန်းလို့ ဆိုရာမှာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများအပြင် ဦးနှောက် စွမ်းဆောင်ရည်ကို မြင့်တင်ပေးတဲ့ ဥာဏ်စမ်း ပဟေဠိများကိုလည်း တစ်နေ့လျှင် ၁၀ မိနစ်ခန့် ပြုလုပ်သင့်ပါတယ်။ ထိုကဲ့သို့ ပြုလုပ်ပေးခြင်းသည် အသက်အရွယ် ကြီးရင့်လာတဲ့အခါ မှတ်ဥာဏ် ကျဆင်းခြင်း၊ မကြာခဏ မေ့လျော့တတ်ခြင်းတို့မှ ကာကွယ်ပေးနိုင်တယ်လို့ ဦးနှောက်နှင့် အာရုံကြော အထူးကု ဆရာဝန်များက ပြောကြားထားပါတယ်။
အဆင့် (၂) အိပ်ရေး ဝဝ အိပ်စက် အနားယူပါ
အိပ်စက် အနားယူခြင်းသည် ကွီးတို့ရဲ့ ကိုယ်ခန္ဓာ ကျန်းမာရေး၊ စိတ်ကျန်းမာရေးနှင့် လုံခြုံမှုတို့အပေါ်မှာ များစွာ အကျိုးသက်ရောက်မှု ရှိပါတယ်။ လူတစ်ယောက်သည် တစ်နေ့လျှင် ပျမ်းမျှအားဖြင့် ၈ နာရီခန့် အိပ်စက်အနားယူသင့်ပါတယ်။ မကြာခဏ အိပ်ရေးပျက်ပါက ကိုယ်ရော စိတ်ပါ ပင်ပန်းနွမ်းနယ်ပြီး မတော်တဆမှုများကို ကြုံတွေ့ရကာ အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။
အဆင့် (၃) သဘာဝ နေရာင်ခြည်နှင့် ထိတွေ့ပါ
သဘာဝ နေရာင်ခြည်သည် ကျန်းမာရေး ပြဿနာများမှ ကင်းဝေးအောင် ကူညီပေးနိုင်တယ်လို့ လေ့လာချက်များအရ သိရှိရပါတယ်။ ဒါ့ကြောင့် မနက်ခင်းတိုင်းမှာ သဘာဝ နေရောင်ခြည်ဖြင့် ၁၀ မိနစ်ခန့် ထိတွေ့ပေးကာ အာရုံကြောစနစ်ကို ကောင်းမွန်လာအောင် ပြုလုပ်နိုင်ပါတယ်။ တချိန်တည်းမှာပဲ နေရာင်ခြည်ထံမှ ဗီတာမင်ဒီကို ရရှိတဲ့အတွက်ကြောင့် ကွီးတို့ရဲ့ အရိုးအဆစ်များလည်း သန်မာလာမှာဖြစ်ပါတယ်။
အဆင့် (၄) စိတ်ငြိမ်အောင် တရားထိုင်ပါ
တရားထိုင်ခြင်းသည် စိတ်ကို တည်ငြိမ်စေပြီး အာရုံကြောစနစ်ကိုလည်း အနားရစေပါတယ်။ ကျွန်တော်တို့ရဲ့ အာရုံကြောစနစ်သည် သိစိတ်နှင့် မသိစိတ်တို့ကို အလိုအလျောက် တုန့်ပြန်ရဖို့အတွက် တာဝန်ယူရပါတယ်။ တရားထိုင်ခြင်းအားဖြင့် နှလုံးခုန်နှုန်း မှန်ကန်လာပြီး အသက်ရှုခြင်းကိုလည်း ပုံမှန်အတိုင်း ဖြစ်ပေါ်စေကာ စိတ်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
အဆင့် (၅) ခြေပြောင်ဖြင့် လမ်းလျှောက်ပါ
Photo: Freepik
သဘာဝ တရားကြီးက လူသားတွေအတွက် ကောင်းကျိုး အများကြီး ပေးစွမ်းတယ်ဆိုတာကို တခါတရံမှာ ကျွန်တော်တို့ မေ့တတ်ကြပါတယ်။ ခန္ဓာကိုယ်ကို ပထဝီ မြေကြီးနှင့် တိုက်ရိုက် ထိတွေ့ခြင်းအားဖြင့် ရောင်ရမ်းခြင်းနှင့် နာကျင်မှုတို့ကို လျော့ချပေးပြီး အာရုံ ခံနိုင်စွမ်းကို မြင့်မားစေပါတယ်။ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကိုလည်း လျော့ချပေးပါတယ်။ ကွီးတို့အနေနဲ့ မြေကြီးပေါ်မှာ ဖိနပ်မပါဘဲ ခြေပြောင်ဖြင့် လမ်းလျှောက်ပေးခြင်းအားဖြင့် အကျိုးကျေးဇူးများစွာကို ခံစားရစေမှာပါ။ သို့သော် ကိုယ် လျှောက်မယ့် မြေကြီးက ဆူး၊ ငြောင့် ခလုတ်များ၊ အခြားအန္တရာယ်ရှိတဲ့ သံတိုသံစများ မရှိအောင်တော့ ဂရုစိုက်ရပါမယ်။
အဆင့် (၆) Green Tea သောက်သုံးပါ
တစ်နေ့လျှင် Green Tea အနည်းဆုံး တစ်ခွက်ခန့် သောက်သုံးခြင်းသည် ကွီးတို့ရဲ့ အာရုံကြောစနစ်ကို ကောင်းမွန်စေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ Green Tea ထဲမှာ ပါဝင်တဲ့ အမိုက်အို အက်ဆစ်ဓာတ်သည် ခန္ဓာကိုယ်တွင်းရှိ Serotonin ပမာဏကို မြင့်တင်ပေးပြီး အာရုံ စူးစိုက်နိုင်စွမ်းနှင့် စဥ်းစားတွေးခေါ်နိုင်စွမ်းကို မြင့်တင်ပေးပါတယ်။ ဒါတင်မကသေးပါဘူး။ ညဘက်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတဲ့အပြင် ဆီးချိုရောဂါ ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးပါတယ်။
အဆင့် (၇) ကျန်းမာရေးနှင့် ညီညွှတ်တဲ့ အစားအစာများ စားသုံးပါ
ကျန်းမာရေးနှင့် ညီညွှတ်တဲ့ အစားအစာများ စားသုံးခြင်းသည် ခန္ဓာကိုယ် အလေးချိန်ကို ထိန်းညှိပေးပြီး ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ ဦးနှောက်နှင့် အာရုံကြောစနစ်ကို အထောက်အကူပြုတဲ့ အစားအစာများကတော့ အစေ့အဆံများ၊ ဆော်လမွန်ငါး၊ ငါးသေတ္တာ၊ ပဲပင်ပေါက်၊ သဘာဝအဆီ၊ အာလူး၊ ငှက်ပျောသီး၊ ကြက်ဥ၊ ဘဲဥစတဲ့ ဥအမျိုးမျိုး၊ အမဲအသည်း အစရှိတဲ့ အစားအစာများပဲဖြစ်ပါတယ်။
အထက်ဖော်ပြပါ အဆင့် (၇) ဆင့်သည် လွယ်ကူရိုးရှင်းတဲ့အတွက်ကြောင့် ကွီးတို့ရဲ့နေ့စဥ်ဘဝမှာ ထည့်သွင်း ပြုလုပ်နိုင်တဲ့ အမူအကျင့်လေးများပဲဖြစ်ပါတယ်။
Source: Lalpathlabs
Featured Image: Freepik