အစားအစာတွေက ကျွန်တော်တို့ကို နေ့စဉ်လှုပ်ရှားမှုတွေ ပြုလုပ်ဖို့၊ အသက်ရှင်နေထိုင်နိုင်ဖို့ စွမ်းအင်ကို ပေးစွမ်းပါတယ်။ ဒါ့ကြောင့် အသက်ရှည်ကျန်းမာချင်ရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားသုံးဖို့ လိုပါတယ်။ လူတိုင်းက ဒီအချက်ကို သိသော်လည်းပဲ ပိုမိုစားကောင်းအောင် ပြုလုပ်ထားတဲ့ အစားအစာတွေကို ပိုပြီး ကြိုက်နှစ်သက်ကြတယ် မဟုတ်ပါလား။ စားကောင်းအောင် ပြုလုပ်ထားတဲ့ အသင့်စားအစားအစာတွေက အာဟာရတန်ဖိုးအနည်းငယ်မျှသာရှိရုံသာမက ခဏခဏ စားဖြစ်နေရင်တော့ ကျန်းမာရေးအပေါ် ဆိုးဝါးစွာ သက်ရောက်မှု ရှိလာနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် ရေရှည်စားသုံးနေရင် ကွီးတို့ထင်ထားတာထက် ဆိုးကျိုးပိုသက်ရောက်နိုင်တဲ့ အစားအစာ တွေကို ဝေမျှပေးချင်ပါတယ်။
သကြား
Photo : Food & Wines
ကွီးတို့အနေနဲ့ စားစရာတစ်ခုခုကို ဖြစ်စေ၊ ကော်ဖီ၊ လက်ဖက်ရည်သောက်သုံးတဲ့အခါဖြစ်စေ ချိုချိုလေးမှ သောက်သုံးတတ်ပါသလား။ ချိုတာတွေကို ခုံခုံမင်မင်စားသုံးနေမိတယ်ဆိုရင် ကွီးတို့သကြားကို အလွန်အကျွံ စားသုံးမိနေနိုင်ပါတယ်။ သကြားက ကမ္ဘာတစ်ဝှမ်းလုံးမှာ ဆီးချိုနှင့် အဝလွန်ခြင်းရဲ့ အကြီးမားဆုံး အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ၎င်းက ကွီးတို့ရဲ့ အသည်း၊ ပန်ကရိယနှင့် အစာခြေစနစ်ကိုလည်း ထိခိုက်စေပါတယ်။ ဒါ့ကြောင့် သကြားကို အလွန်အကျွံစားသုံးခြင်းကို ရှောင်ပြီး သင့်တင့်မျှတစွာ စားသုံးဖို့ အမြဲသတိပြုပါ။ အချိုဓာတ်များတဲ့ ဘယ်အစားအစာမဆို သတိပြုပါ။
အချိုရည်များ
Photo : Britanncia
ကာဗွန်နိတ်အချိုရည်များမှာ သကြားနဲ့ ကဖိန်းဓာတ်တွေ ပါဝင်ပါတယ်။ ဒီလို အချိုရည်တွေကို တစ်ခါတစ်လေ သောက်သုံးတာက ပြဿနာမရှိသော်လည်းပဲ နေ့စဉ်သောက်သုံးနေမိပြီး ရေရှည်ဖြစ်လာရင်တော့ ကျန်းမာရေးအတွက် ထိခိုက်နိုင်ပါတယ်။ အချိုရည်တွေ ပုံမှန်သောက်သုံးခြင်းက အဝလွန်ခြင်း၊ အမျိုးအစား ၂ ဆီးချိုရောဂါ၊ ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါလက္ခဏာများနဲ့ ခန္ဓာကိုယ်ကျန်းမာရေး အခြေအနေအပေါ်ကို များစွာ သက်ရောက်နိုင်ပါတယ်။ ဒီလို အချိုရည်များကို စွဲစွဲမြဲမြဲ သောက်သုံးမိနေတယ်ဆိုရင် ရပ်လိုက်ဖို့ အကြံပေးပါရစေ။ အဲ့ဒီအစား ဆေးဖက်ဝင် အကင်များနဲ့ ဖျော်စပ်ထားသော လက်ဖက်ရည်များ၊ လတ်ဆတ်သော သစ်သီးဖျော်ရည်များကို သောက်သုံးပါ။
ဆီကြော်များ
Photo : Taste
မြင့်မားသော အပူချိန်တွင် ဆီဖြင့်ကြော်ထားသော အစားအစာများက Acrylamide ဟုခေါ်သော ကင်ဆာရောဂါတစ်မျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဆီကြော်များက အဆီများလွန်းရုံသာမက ဆားကို အသုံးပြုထားခြင်းကြောင့် ဆိုဒီယမ်ဓာတ် မြင့်မားစေပါတယ်။ ၎င်းက သွေးပေါင်ချိန်နှင့် ကိုလက်စထရောပြဿနာများကို ဖြစ်ပေါ်စေနိုင်ပြီး လေဖြတ်ခြင်းနဲ့ ရုတ်တရက် နှလုံးဖောက်ခြင်းတို့ ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။
ပြုပြင်ထားသော အသားများ
Photo : Virtual Health Partners
ပြုပြင်ထားသော အသားများက ဆိုဒီယမ်နှင့် နိုက်ထရိတ်များ မြင့်မားသောကြောင့် နှစ်မျိုးလုံးသည် ကျန်းမာရေးကို များစွာထိခိုက်စေနိုင်ပါတယ်။ သုတေသနပြုချက်များအရ အဆိုပါအသားများကို စားသုံးခြင်းက အူမကြီးကင်ဆာဖြစ်နိုင်ခြေ တိုးမြင့်လာခြင်းနှင့် ဆက်စပ်နေကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
အသင့်စား ခေါက်ဆွဲများ
Photo : Indepanedent
အကြမ်းအားဖြင့် ကျွန်တော်တို့အားလုံးက အသင့်စားခေါက်ဆွဲတွေက ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ သိသော်လည်းပဲ ခုံခုံမင်မင်စားနေကြဆဲပါပဲ။ အသင့်စား ခေါက်ဆွဲတွေသာမက အသင့်စားသုံးနိုင်ဖို့ ပြုလုပ်ထားတဲ့ မည်သည့်အစားအစာမှာမဆို ဆိုဒီယမ် ပမာဏမြင့်မားစွာ ပါဝင်ပါတယ်။ ဒါက ရေရှည်မှာ ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒါ့အပြင် အာရုံကြောနဲ့ မျိုးပွားမှု စနစ်အတွက် အဆိပ်အတောက်ဖြစ်စေသည့် Monosodium Glutamate (MSG) အများအပြားပါရှိပါတယ်။
ဟမ်ဘာဂါ
Photo : Britanncia
ဟမ်ဘာဂါ ကဲ့သို့ အစားအစာများကို အလွန်အကျွံစားသုံးခြင်းကလည်း ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ဟမ်ဘာဂါ အများအပြားတွင် ပါဝင်သော ကျန်းမာရေးနှင့် မညီညွတ်သော အဆီနှင့် ကိုလက်စထရော များသည် နှလုံးရောဂါနှင့် အခြားသော နာတာရှည် ကျန်းမာရေး ချို့ယွင်းမှုများ ဖြစ်နိုင်ခြေကို တိုးမြင့်စေပါတယ်။ ဒါ့အပြင် မကောင်းတဲ့ အဆီတွေက သွေးတွင်း ကိုလက်စရောအဆင့်ကို မြင့်စေပြီး နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေကို မြင့်တတ်စေပါတယ်။
အခုဖော်ပြပေးလိုက်တာတော့ မကြာခဏစားသုံးရင် ကျန်းမာရေးကို ထိခိုက်လာနိုင်တဲ့ အစားအစာအချို့ပဲ ဖြစ်ပါတယ်။ ကွီးတို့က ဒါတွေကို ခဏခဏ စားဖြစ်နေရင်တော့ အခုပဲ ရပ်တန့်လိုက်ပါ။ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ ကွီးတို့စားသုံးတဲ့ အစားအစာတွေကလည်း အရေးပါကြောင်း နားလည်ထားပါ။
Source : Health Shots
Featured Photo : Vista Create