ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်တွင်းမှာ ဇီဝကမ္မဖြစ်စဉ်တွေကြောင့် အန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေ ဒါမှမဟုတ် ပြင်ပကနေလာတဲ့ မတော် တဆ မြိုချမိတာ ၊ ရှူသွင်းမိတာနဲ့ အရေပြားကနေ တဆင့် ကျုံ့ဝင်တာတွေကြောင့် အဆိပ်အတောက်တွေ ရှိနေတတ်ပါတယ်။ ဒီ အဆိပ်အ တောက် တွေကို ခန္ဓာကိုယ်က ကောင်းကောင်း မဖယ်ရှားနိုင်ရင် အဆိပ်သင့်တာမျိုး ဖြစ်လာနိုင်ပါတယ်။ အခုပြောပြပေးမှာက ခန္ဓာကိုယ် တွင်းမှာ အဆိပ်အတောက် တွေ ရှိနေတယ်ဆိုတာကို ပြသနေတဲ့ လက္ခဏာတွေ အကြောင်း ဖြစ်ပါတယ်။

(၁) ဝမ်းချုပ်ခြင်း

Photo : Healthline

ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေနဲ့ ဆေးဝါးတွေရဲ့ဘေးထွက် ဆိုးကျိုးအနေနဲ့ ပထမဆုံးပြတဲ့လက္ခဏာကတော့ ဝမ်းချုပ်တာပါ။ ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်တဲ့ အဆိပ်အတောက်ဓာတ်တွေကတော့ ခဲ ၊ အင်တီကိုလင်းဓာတ် ၊ မူးယစ်ဆေးဝါး ၊ စိတ်ကျဆေးများ၊ စိတ်ရောဂါကုဆေးနဲ့ ဗီတာမင် ဒီ လွန်ကဲစွာမှီဝဲခြင်း စတာတွေ ပါဝင်ပါတယ်။

(၂) ကိုယ်အလေးချိန်တိုးခြင်း

Photo : Spectrum Nutrition

ပတ်ဝန်းကျင်က အဆိပ်အတောက် အများအပြားက ဇီဝဖြစ်ပျက်မှုနဲ့ ခန္ဓာကိုယ်ဟော်မုန်းတွေကို ထိခိုက်စေနိုင်ပြီး ကိုယ်အလေးချိန်လည်း တိုးမြင့်လာစေပါတယ်။ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို လွန်ကဲစွာ ထိတွေ့ပြီး ထိရောက်စွာ မစွန့်ထုတ်နိုင်တဲ့အခါ အဆိပ်အတောက်တွေကို သွေးကြောထဲမှာ မလည်ပတ်နိုင်အောင်တားဆီးဖို့ အဆီအဖြစ် သိုလှောင်ထားပါတယ်။ ဒါက ဆီးချိုရောဂါလို ဆိုးရွားတဲ့ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(၃) ခန္ဓာကိုယ် အပူချိန်မြင့်ပြီး ချွေးထွက်များခြင်း

Photo : Hindustan Times

ကဖိန်းဓာတ် ၊ Organophosphate ၊ MDMA နဲ့ စိတ်ကြွဆေးပြားကဲ့သို့ အဆိပ်အတောက် ဓာတ်တွေက ခန္ဓာကိုယ်တွင်း Sympathomimetic သက်ရောက်မှုကို တိုးမြင့်စေပြီး ခန္ဓာကိုယ်ရဲ့အပူချိန်ကို တိုးမြှင့်စေကာ ခန္ဓာကိုယ်အပူလွန်ကဲခြင်း နဲ့ ချွေးထွက်များခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ပိုးသတ်ဆေးတွေမှာ တွေ့ရတဲ့ Organophosphates ကြောင့်ဖြစ်ပေါ်လာတဲ့ Cholinergic အဆိပ်သင့်ခြင်းဟာ ခန္ဓာကိုယ်ကို ချွေးထွက်များစေနိုင်ပြီး အလားတူ ဆိုးကျိုးများ သက်ရောက်စေနိုင်ပါတယ်။

(၄) အရေပြားဆိုင်ရာ ပြဿနာဖြစ်ခြင်း

Photo : Medical News Today

အဆိပ်အတောက်တွေကို အရေပြားက စုပ်ယူနိုင်တဲ့အတွက် အရေပြားယားယံခြင်းနဲ့ အရေပြား ထိခိုက်ပျက်စီးတာတွေ ဖြစ်တတ်ပါတယ်။ လုပ်ငန်းခွင်မှာ လုပ်ငန်းသုံးဓာတုပစ္စည်းတွေနဲ့ ထိတွေ့တာက အရေပြားယားယံတာအပြင် ရောင်ရမ်းတာ ၊ ဓာတ်မတည့်တာနဲ့ အရေပြားပိုးဝင်တာ ၊ ကင်ဆာနဲ့ အရေပြားဒဏ်ရာကဲ့သို အရေပြားလက္ခဏာတွေ တွေ့ရတတ်ပါတယ်။ ဒါ့အပြင် သတ္တုပစ္စည်းတွေနဲ့ ကြေးချွတ်ဆေး ၊ အက်ဆစ်တွေကလည်း အရေပြားကို ထိခိုက်ဒဏ်ရာ ရစေနိုင်ပါတယ်။

(၅) ခေါင်းကိုက်ခြင်းနဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်း

Photo : GetDoc

ခေါင်းကိုက်တာက ခန္ဓာကိုယ်တွင်းအဆိပ်သင့်တဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ ကာဗွန်မိုနောက်ဆိုဒ်နဲ့ ဆိုင်ယာနိုက် အဆိပ်သင့်မှုက အဆိပ်တောက်များခြင်းကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်းရဲ့အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ Nitroglycerin လို သွေးကြောတွေကို ကျယ်စေတဲ့ဓာတ်က ဦးနှောက်သွေးစီးဆင်းမှုကိုတိုးစေပြီး ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ တခြားအကြောင်းအရင်းတွေကတော့ မီသလင်းကလိုရိုက်၊ ပိုးသတ်ဆေး၊ ဓာတုပစ္စည်းတွေနဲ့ ဟော်မုန်းမညီမျှခြင်းနဲ့ နည်းပါးခြင်းတွေကြောင့်လည်း ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

Featured Photo : Colorado Allergy & Asthma Centers