လိင်မှုကိစ္စမှာ မပါမဖြစ်တဲ့ ဇာတ်လိုက်မင်းသားကြီးကတော့ ခမောက် လို့ခေါ်တဲ့ ကွန်ဒုံးတွေပါပဲ။ ကွန်ဒုံးဟာ သာမန်လိင်ကတဆင့် ကူးစက်နိုင်တဲ့ ကူးစက်ရောဂါတွေ (STIs) နဲ့ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေကို တားဆီးကာကွယ်ပေးတဲ့နေရာမှာ အဓိကကျတဲ့ အကာ အကွယ်တစ်ခုပါ။ ကွီးတို့အနေနဲ့ လိင်မှုဆိုင်ရာကျန်းမာရေးကို အလေးထားတယ်ဆိုရင် ကွန်ဒုံးတွေကိုလည်း ဂရုစိုက်ဖို့ အရေးကြီးပါတယ်။

ခမောက်တွေရဲ့ ထိန်းသိမ်းမှုက ဘယ်လောက်အရေးပါသလဲ ?

condom

Photo : Washington Post

ခမောက် တွေဟာ လိင်မှုကျန်းမာရေးအရ အလွန်အရေးပါတဲ့ အကာအကွယ်အသုံးအဆောင်တစ်ခု ဖြစ်တာကြောင့် တိကျတဲ့ စံချိန်စံညွှန်းတွေအတိုင်း သေချာစမ်းသပ်စစ်ဆေးပြီးမှ ထုတ်လုပ်လေ့ရှိတဲ့အတွက် များသောအားဖြင့် အတိုင်းအတာတစ်ခုအထိ ယုံကြည်စိတ်ချမှု ရှိပါတယ်။ ဒါပေမယ့် မှန်ကန်စွာ ထိန်းသိမ်းမှု မရှိဘူးဆိုရင်တော့ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်နိုင်ခြေ ရှိပါတယ်။

ပထမဆုံးအနေနဲ့ ကွန်ဒုံး အသုံးပြုတော့မယ်ဆိုရင် အိတ်ခွံပေါ်က သက်တမ်းကုန်ဆုံးကို စစ်ဆေးဖို့ လိုပါတယ်။ ဒိတ်လွန်နေတဲ့ ကွန်ဒုံးတွေဟာ မူလအာနိသင်ထက် အားပျော့သွားစေတဲ့အတွက် ရောဂါပိုးတွေနဲ့ ကိုယ်ဝန်ရနိုင်ခြေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ နောက်တစ်ချက်ကတော့ ကွန်ဒုံးသုံးတဲ့အခါ အိတ်ခွံပေါ်မှာ ပေါက်ပြဲမှုရှိမရှိကို သေချာစစ်ဆေးပါ။ ပျက်စီးမှုတစ်စုံတစ်ရာ မြင်ရပါက အဆိုပါ ကွန်ဒုံးကို လုံးဝမသုံးမိစေဖို့ အရေးကြီးပါတယ်။

ကွန်ဒုံးတွေကို ပေါက်ပြဲပျက်စီးစေတဲ့ အရာတွေထဲမှာ လက်သည်းအပါအဝင် ချွန်ထက်တဲ့အရာတွေ ၊ အပူချိန်ပြောင်းလဲမှု ၊ နေရောင်ခြည်တိုက်ရိုက်ထိတွေ့ခြင်း ၊ လေးလံတဲ့ ဖိအားတစ်စုံတစ်ရာနဲ့ ပိုက်ဆံအိတ်ထဲမှာ အချိန်အကြာကြီးထည့်ထားရင်တောင် ကွန်ဒုံးတွေကို ပြင်းထန်စွာ ပျက်စီးသွားစေနိုင်ပါတယ်။

ခမောက်တွေကို သိမ်းဆည်းထားဖို့ အကောင်းဆုံးနေရာတွေ

Photo : MISTER SIZE

ခမောက် တွေကို ဘယ်နေရာမှာ သိမ်းဆည်းထားရမလဲဆိုတာ သိထားဖို့က အရေးကြီးပါတယ်။ အဓိကအားဖြင့် ကွန်ဒုံးတွေကို အပူချိန်အရမ်းများတဲ့နေရာတွေ ၊ အရမ်းအေးတဲ့ နေရာတွေမှာ သိမ်းဆည်းထားဖို့ မသင့်တော်ပါဘူး။ ပုံမှန် အခန်းအပူချိန်မှာ သိမ်းထားခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။ နောက်ပြီး နေရောင်ခြည် တိုက်ရိုက်ထိတွေ့တဲ့ နေရာတွေ ၊ စိုထိုင်းဆများတဲ့ ရေချိုးခန်းလို နေရာတွေ ၊ ကားအတွင်းခန်း ၊  ဖိအားများတဲ့ စာအုပ်ကြား / အလေးချိန်ရှိတဲ့ ပစ္စည်းတွေအောက်နဲ့ ခေါက်ထားတဲ့ ပိုက်ဆံအိတ်ထဲလို နေရာတွေမှာ သိမ်းဆည်းထားခြင်းကို ရှောင်ကြဉ်ရပါမယ်။ လူအများစုအတွက်တော့ အိပ်ခန်းဟာ ကွန်ဒုံးထားရှိဖို့ အကောင်းဆုံးနေရာဖြစ်ပြီး အိပ်ရာဘေးအံဆွဲ သို့မဟုတ် အနီးနားမှာရှိတဲ့ စားပွဲနဲ့ ဗီရိုလို နေရာတွေမှာ သိမ်းဆည်းထားတာက အသင့်တော်ဆုံးပဲ ဖြစ်ပါတယ်။

ခမောက်တွေကို ပိုက်ဆံအိတ်ထဲမှာ ထည့်ထားသင့်သလား ?

condom

Photo : Men’s Health

ပိုက်ဆံအိတ်ထဲမှာ ကွန်ဒုံးတွေကို တော်တော်များများ ထည့်ထားကျလေ့ရှိပေမယ့် ဒါက အကောင်းဆုံး ရွေးချယ်မှုမဟုတ်ပါဘူး။ ပိုက်ဆံအိတ်တွေဟာ ယေဘုယျအားဖြင့် ခေါက်ထား ဖိထားတာများပြီး မကြာခဏဆိုသလို ဇစ်အဖွင့်အပိတ် လုပ်လေ့ရှိတဲ့အတွက် ဒီလှုပ်ရှားမှုတွေအားလုံးဟာ ကွန်ဒုံးကို ပျက်စီးစေနိုင်ပါတယ်။ အကယ်၍ ကွန်ဒုံးကို ဘဏ်ကဒ်လို အမာခံ ကဒ် ၂ ခုကြားညှပ်ထားပြီး သိမ်းထားမယ်ဆိုရင်တော့ ခေါက်ခြင်း ၊ ကွေးခြင်း တွေကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပိုက်ဆံအိတ်ထဲမှာ ကွန်ဒုံးထည့်ထားတယ်ဆိုရင် ပိုက်ဆံအိတ်ပေါ် တက်ထိုင်တာမျိုးပင် မလုပ်သင့်ပါဘူး။ နောက်ပြီး ကွန်ဒုံးကို ပိုက်ဆံအိတ်ထဲမှာ ရက်သတ္တပတ်အတော်ကြာ ထည့်ထားမယ်ဆိုရင်လည်း အာနိသင်လျှော့ကျပြီး ထိရောက်တဲ့ ကာကွယ်မှုပေးနိုင်မှာ မဟုတ်တော့ပါဘူး။

Featured Photo : Greatist