ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒို ဟာ နောက်ထပ် ၁ နှစ်အတွင်း ပရော်ဖက်ရှင်နယ် ကစားသမားဘဝကနေ အနားယူနိုင်ဖွယ်ရှိတယ်ဆိုတဲ့ အရိပ်အမြွက်ကို ချစ်သူ ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်က ထုတ်ဖော်ပြသ လိုက်ပါတယ်။

ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်ဟာ ပဲရစ် ဖက်ရှင်ရှိုးမှာ ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ ယူနိုက်တက်ဂန္ထဝင်ကို ဂုဏ်ပြုတဲ့အနေနဲ့ အထင်ကရ ကျောနံပါတ် ၇ ပါ အနီရောင်ဝတ်စုံကို ဝတ်ဆင်ကာ ရှိုးလျှောက်ခဲ့တာ ဖြစ်ပါတယ်။

Georgina Rodriguez

Photo : NDTV

ပွဲအပြီးမှာတော့ ရော်နယ်ဒိုဟာ မကြာခင်မှာ ကစားသမားဘဝကနေ အနားယူတော့မှာဖြစ်ကြောင်း ဂျော်ဂျီနာ က အတည်ပြုခဲ့ပါတယ်။ ” ရော်နယ်ဒိုက နောက်ထပ် ၁ နှစ်လောက်ဆို အနားယူပါပြီ။ ၂ နှစ်လည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ကျွန်မ မပြောတက်ပါဘူး ” လို့ ဂျော်ဂျီနာ ပြောကြားခဲ့ပါတယ်။

အသက် ၃၉ နှစ်အရွယ် ပေါ်တူဂီသားဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာနဲ့ စာချုပ်သက်တမ်းမှာ လာမယ့် ၂၀၂၅ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဘောလွန်းဒီအော ၅ ဆုရှင်ဟာ အသက် ၄၀ အထိ ဘောလုံးကစားချင်တယ်လို့ ယခင်ကပြောခဲ့ဖူးသလို လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားဖို့လည်း ဆန္ဒရှိနေပါတယ်။

ဘောလုံးလောကမှာ ဆုဖလားပေါင်းမြောက်များစွာ သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုအတွက် တစ်ခုတည်းသော ကျန်ရှိနေသေးတဲ့ ကမ္ဘာ့ဖလား ဆုဖလားကြီးကို ကိုင်မြှောက်နိုင်ဖို့ အခွင့်အရေးဟာ သူ့ရဲ့ ကစားဘဝ အကြီးမားဆုံး အိပ်မက်တစ်ခုလို့ ပြောလို့ရပါတယ်။

ဒါ့အပြင် ရော်နယ်ဒိုဟာ အသက် ၁၃ နှစ်အရွယ် သားဖြစ်သူ ခရစ္စတီယာနို ဂျူနီယာနဲ့အတူ ဘောလုံးကစားဖို့ စိတ်အားထက်သန်နေတယ်လို့ ဝန်ခံခဲ့ဖူးပြီး ရော်နယ်ဒို မျိုးဆက် ၂ ခုကို ကွင်းထဲမှာ အတူတကွမြင်တွေ့ရဖို့က မိသားစုရဲ့ အိပ်မက်ဖြစ်တယ်လို့ ဆိုထားပါတယ်။

ရော်နယ်ဒိုဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ပွဲပေါင်း ၂၉ ပွဲမှာ သွင်းဂိုး ၂၈ ဂိုး စွမ်းဆောင်ပေးထားနိုင်ပါတယ်။ ပေါ်တူဂီသားဟာ ၂၀၀၃ ခုနှစ် မန်ချက်စတာ ယူနိုက်တက်ကိုမပြောင်းမီ စပို့တင်း လစ္စဘွန်းမှာ ကစားသမားဘဝကို စတင်ခဲ့တာပါ။ အိုးထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်ရယူပြီးနောက် ၂၀၀၉ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ နဲ့ ရောက်ရှိလာခဲ့ပါတယ်။ စပိန်ဘီလူးကြီးတွေနဲ့အတူ ၉ ရာသီအတွင်း ချန်ပီယံလိဂ်ဖလား ၄ ကြိမ်ရယူခဲ့ပြီးနောက် အီတလီမြေ ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွေ့ကစားခဲ့ပါတယ်။ ဂျူဗင်တပ်စ်မှာ ၃ နှစ်ကြာ ကစားပြီး ၂၀၂၁ ခုနှစ်မှာတော့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ကို အံ့အားသင့်ဖွယ် တကြော့ပြန် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

Cristiano Ronaldo

Photo : Goal.com

ဒါပေမယ့် ယူနိုက်တက်မှာ ၁ ရာသီသာ ကစားခဲ့ပြီး အသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့တဲ့နောက်မှာတော့ များပြားလှတဲ့ လုပ်ခလစာငွေ တစ်နှစ် ပေါင် ၁၇၃ သန်းတန်စာချုပ်နဲ့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပေါ်တူဂီ လက်ရွေးစင်အသင်းနဲ့အတူ ပွဲပေါင်း ၂၀၅ ပွဲ ပါဝင်ကစားထားပြီး ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ပြင်သစ်အသင်းကို ကျော်ဖြတ်ကာ ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့ပါတယ်။

Featured Photo : Goal.com