ကြာသပတေးနေ့က ဆော်ဒီအာရေဗျနိုင်ငံ Riyadh မြို့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းဟာ လီဝန်ဒေါစကီး ၊ ယာမယ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အိုဆာဆူနာကို ၂ – ၀ ရလဒ်ဖြင့် ဂိုးပြတ် အနိုင်ရရှိပြီး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
Photo : Reuters
အဆိုပါပွဲစဉ်ရဲ့ ပထမပိုင်းပွဲကစားချိန်အတွင်းမှာ ဘာစီလိုနာ အသင်းအနေနဲ့ ပြိုင်ဘက်အသင်း အိုဆာဆူနာကို အသာစီးရ ဖိအားပေး ကစားထားနိုင်ခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်နိုင်တဲ့ အခွင့်အရေးတွေ ပိုများခဲ့ပေမယ့်လည်း ဂိုးအဖြစ်ပြောင်းလဲ နိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။
ဒုတိယပိုင်း ပွဲချိန် ၅၉ မိနစ် အရောက်မှာတော့ ဂမ်ဒိုဂန်ရဲ့ ဖြတ်တင်ပေးပို့မှု ကနေတဆင့် လီဝန်ဒေါစကီးက အတိအကျဆုံး အပိုင်ကန်သွင်းခဲ့ပြီး ဘာစီလိုနာအသင်းအတွက် ဦးဆောင်ဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာပဲ ဘာစီလိုနာအသင်းကပဲ ဆက်လက်ပြီး ပွဲကိုဦးဆောင်ကစားခဲ့ကာ အိုဆာဆူနာအသင်းဘက်က ချေပဂိုးရရှိဖို့အတွက် အပြင်းအထန် ကြိုးပမ်းလာတဲ့ တန်ပြန်တိုက်စစ်တွေကို အကောင်းဆုံး ခုခံကာကွယ်ရင်း ပွဲချိန်လက်ကျန်မိနစ်တွေဆီ ရောက်ရှိလာခဲ့ပါတယ်။
ပွဲကစားချိန် မိနစ် ၉၀ ပြည့်လို့ ထပ်ဆောင်းအချိန်ပို ၉၃ မိနစ်အရောက်မှာတော့ ဂျာအိုဖီးလစ်ရဲ့ ဖန်တီးပေးမှုကနေတဆင့် ယာမယ်ရဲ့ သေချာတဲ့ အဆုံးအဖြတ် အနိုင်ဂိုးနဲ့အတူ ၂ – ၀ ဆိုတဲ့ ဂိုးပြတ်အနိုင်ရလဒ် ထွက်ပေါ်ခဲ့ပြီး ဘာကာတို့ စူပါဖလားဖိုင်နယ်ကို တက်ရောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။
Photo : Cyprus Mail
စပိန်စူပါဖလား ဗိုလ်ပွဲမှာတော့ ခါးသီးပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး ဘောလုံးပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားမှု အပြည့်အဝပေးစွမ်းမယ့် အယ်လ်ကလက်စီကို ပွဲစဥ်ကြီးကို လာမယ့် တနင်္ဂနွေနေ့ညမှာပဲ ကြည့်ရှုခံစားသွားရတော့မှာ ဖြစ်ပါတယ်။
အခုတစ်ကြိမ်နဲ့ဆိုရင် စပိန်စူပါဖလား ဗိုလ်လုပွဲမှာ ရီးရဲလ်နဲ့ ဘာကာတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ ၉ ကြိမ်မြောက် ရှိခဲ့ပြီးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ရာသီ စူပါဖလားဗိုလ်လုပွဲမှာတော့ ဘာစီလိုနာအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ၃ – ၁ ဂိုးနဲ့ အနိုင်ရရှိကာ စပိန်စူပါဖလားကို ဆွတ်ခူးရရှိခဲ့ပါတယ်။
Featured Photo : Opta Analyst