ခေါက်မုန့် တွေကတော့ မြန်မာ့ရိုးရာမုန့်တစ်မျိုးဖြစ်ပြီး ခေါက်ဖုန်း များကတော့ ကမ္ဘာတစ်ဝှမ်းမှာ လူကြိုက်များနေတဲ့ စမတ်ဖုန်းတစ်မျိုးပဲဖြစ်ပါတယ်။ ခေါက်မုန့် ကတော့ ဈေးသက်သာပေမယ့် ခေါက်ဖုန်း ရဲ့ ဈေးနှုန်းကတော့ သွေးတက်ချင်စရာပါပဲ။ ကွီးတို့လည်း ဈေးခေါင်ခေါက်နေတဲ့ စမတ်ဖုန်းကို ဝယ်ချင်နေကြမယ်ဆိုတာ ပြောရဲပါတယ်။

တကယ်တော့ ခေါက်ဖုန်းတွေသည် အခုမှ စတင်ထုတ်လုပ်ခဲ့ကြတာ မဟုတ်ပါဘူး။ ၂၀၀၀ ပြည့်နှစ် အစောပိုင်းကတည်းက ပေါ်ပြူလာဖြစ်ခဲ့တာပါ။ ဒါပေမဲ့ အခုခေတ်စားနေတဲ့ ခေတ်ဖုန်းများကို ထုတ်လုပ်ထားတဲ့ နည်းပညာက ပိုမိုခေတ်မှီပြီး Display ပိုင်းမှာဆိုရင်လည်း မိမိုက်နေတာကို မြင်တွေ့ရပါလိမ့်မယ်။

ခေါက်ဖုန်းတွေ တဖြည်းဖြည်း အဆင့်မြင့်လာပုံ

old model foldable phone

၂၀၀၀ ပြည့်နှစ်အစောပိုင်းတုန်းက ထွက်ရှိခဲ့တဲ့ ခေါက်ဖုန်းတွေကတော့ စမတ်ဖုန်းလို့ ခေါ်တွင်လို့ မရသေးပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ရဲ့ စခရင်မ်က စမတ်ဖုန်းတွေလို အလုပ်မလုပ်သေးလို့ပါပဲ။

၂၀၁၁ ခုနှစ်မှာတော့ Samsung က AMOLED Display ကို အသုံးပြုထားတဲ့ ခေါက်လို့ရတဲ့ စမတ်ဖုန်း နမူနာကို လျှပ်စစ်ပစ္စည်းဈေးရောင်းပွဲတော်မှာ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ ထိုကဲ့သို့ မိတ်ဆက်ပေးခြင်းကတော့ ယနေ့ခေတ်မှာ လူကြိုက်များနေတဲ့ ခေါက်စမတ်ဖုန်းတွေရဲ့ ပထမဦးဆုံး ခြေလှမ်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်လို လူအများ အသုံးပြုလို့ရတဲ့ ခေါက်စမတ်ဖုန်းတစ်လုံး ဖြစ်ဖို့ရန်အတွက် သုတေသနများ၊ စမ်းသပ်ချက်များ မြောက်များစွာ ပြုလုပ်ခဲ့ရပါတယ်။

၂၀၁၉ ခုနှစ်ကတော့ ခေါက်စမတ်ဖုန်းတွေရဲ့ မှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ ဘာ့ကြောင့်လဲဆိုတော့ Samsung က Galaxy Fold ဆိုတဲ့ ထုတ်ကုန် မော်ဒယ်အသစ်ကို စတင်ထုတ်လုပ်ခဲ့လို့ပဲဖြစ်ပါတယ်။ ကမ္ဘာ့ ပထမဦးဆုံး ခေါက်စမတ်ဖုန်း ဆိုပြီး စံချိန်တင်ခဲ့ပါတယ်။ ထိုအချိန်ကစပြီးတော့ အခြားသော နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Huawei ၊ Motorola စသည်တို့ကလည်း ခေါက်စမတ်ဖုန်း ဈေးကွက်ထဲသို့ ချဥ်းနင်းဝင်ရောက်လာခဲ့ပါတော့တယ်။ ယနေ့ခေတ်မှာတော့ ခေါက်စမတ်ဖုန်းတွေသည် ဈေးကွက်ထဲမှာ အဓိက ကြိုးကိုင်နေတဲ့အရာတစ်ခုဖြစ်ပြီး ဖုန်းလောကကို ဦးဆောင်နေတယ်ဆိုလည်း မမှားပါဘူး။

ဒါပေမဲ့ ဘယ်လောက်ပဲ နည်းပညာ မြင့်မားအောင် ပြုလုပ်ထားပါစေ၊ အားသာချက်နဲ့ အားနည်းချက်တို့ကတော့ ဒွန်တွဲနေစမြဲပါပဲ။

အရင်ဦးဆုံး အားသာချက်တွေကို ကြည့်လိုက်ရအောင်။

ခေါက်စမတ်ဖုန်းရဲ့ အားသာချက်များ

ခေါက်မုန့် ခေါက်ဖုန်း

ပေါ့ပါးတယ်၊ ကိုင်လို့ ကိုင်ထားမှန်းမသိသာဘူး။ ခေါက်လို့ရတဲ့အတွက်ကြောင့် အိတ်ကပ်ထဲမှာ ထည့်သွားလို့ရတယ်။ မခေါက်ဘဲ ဖြန့်လိုက်မယ်ဆိုရင်လည်း သာမန်စမတ်ဖုန်းတစ်ခုလို ကောင်းကောင်း အလုပ်လုပ်နိုင်တယ်။ ဖုန်းတစ်လုံးတည်းနဲ့ ဘက်စုံ အသုံးပြုနိုင်တာကတော့ သူ့ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်များ

ခေါက်မုန့် ခေါက်ဖုန်း

အဓိက အားနည်းချက်ကတော့ ဈေးကြီးလွန်းခြင်းပါပဲ။ နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာကို အသုံးပြုကာ ထုတ်လုပ်ထားပြီး ဒီဇိုင်းပိုင်းကလည်း နောက်ဆုံးပေါ် အလန်းစား ဒီဇိုင်းကို အသုံးပြုထားတဲ့အတွက်ကြောင့် သူ့ရဲ့ တန်ဖိုးက သာမန်စမတ်ဖုန်းတွေနဲ့ယှဥ်ရင် ပိုများပါတယ်။ နောက်ထပ် အားနည်းချက်ကတော့ သူ့စခရင်မ်ရဲ့ ခံနိုင်ရည်အားပါ။ ခေါက်စမတ်ဖုန်းဆိုတော့ သူ့ရဲ့ စခရင်မ်က မကြာခဏ ခေါက်လိုက်၊ ဖြန့်လိုက်ဒဏ်ကို ခံနိုင်ရည် သတ်မှတ်ချက်ရှိပါတယ်။ ပြီးတော့ အိတ်ကပ်ထဲမှာ ထည့်ထားလို့ရအောင် ထုတ်လုပ်ထားတာဆိုတော့ တစ်ခါတစ်လေမှာ စခရင်မ်က အက်ကြောင်းတွေ ပေါ်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ကွီးတို့သာ ဒီအားနည်းချက်တွေကို မမှုဘူးဆိုရင်တော့ ခေါက်စမတ်ဖုန်းတစ်လုံးကို မျက်စိစုံမှိတ်ပြီး ဝယ်ယူလိုက်ပါ။ မျက်စိစုံမမှိတ်ထားလို့ကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိတ်ဆင်းရဲခံနေရသလိုပါပဲ။

ကွီးတို့ရော ဈေးကွက်ထဲမှာ ခေတ်စားနေတဲ့ ခေါက်စမတ်ဖုန်းတွေကို ဘယ်လိုထင်မြင်မိပါသလဲ။ အနာဂတ်မှာရော ခေါက်ဖုန်းတွေချည်းပဲ ခေတ်စားလာတော့မှာလား။

Source: Vegibit

Featured Image: Cnet