အလုပ်ရှင်တစ်ယောက်၊ ခေါင်းဆောင်ကောင်း တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ဝန်ထမ်းတွေ အဖွဲ့သားတွေရဲ့ လုပ်ရည်ကိုင်ရည် တိုးတက်အောင် ဘယ်လိုပြုစုပျိုးထောင်ပေးရမလဲဆိုတာကို အမြဲတစေဆိုသလို စိတ်ဝင်စားနေမှာပါ။ သူတို့ရဲ့ လုပ်ရည်ကိုင်ရည်တွေ တိုးတက်လာပါက ဘယ်လိုမျိုး ဆုလာဘ်တွေ ချမှတ်ပေးရမလဲ။ ဘယ်လိုမျိုး စံသတ်မှတ်ချက်တွေနဲ့ ဆုချသင့်သလဲဆိုတာကို ဝေခွဲမရဖြစ်နေတတ်ပါတယ်။
ထိုကဲ့သို့ ဝေခွဲမရဖြစ်နေတဲ့အခါ အခုဖော်ပြပေးမယ့်အချက်များကိုသာ ကျင့်သုံးလိုက်ပါ။ သင့်အနေနဲ့ ခေါင်းဆောင်ကောင်း တစ်ယောက် ပီသချင်တယ်ဆိုရင်တော့ ကိုယ့်အဖွဲ့သားတွေရဲ့ လုပ်ရည်ကိုင်ရည် ကို အမြဲတစေတိုးတက်အောင် ကြံဆနေရမှာပဲဖြစ်ပါတယ်။
သက်သောင့်သက်သာရှိတဲ့ သီးသန့်နားနေခန်းတစ်ခု ဖန်တီးပါ
ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့အလုပ်စားပွဲမှာပဲ တနေကုန်ထိုင်ရခြင်းသည် စိတ်ကျဉ်းကြပ်နိုင်ပါတယ်။ Lunch Break (သို့) Coffee Break မှာ စိတ်လွတ်လက်လွတ်နဲ့ နားနားနေနေ အနားယူနိုင်ဖို့ရန်အတွက် သီးသန့်နားနေခန်းတစ်ခုကိုလည်း ဖန်တီးပေးထားဖို့လိုအပ်ပါတယ်။
ဒီလိုဖန်တီးပေးထားခြင်းသည် သင့်ရဲ့ကုမ္ပဏီအတွက်ရော၊ ဝန်ထမ်းများအတွက်ပါ ကောင်းကျိုးအများအပြား ဆောင်ကျဉ်းပေးနိုင်ပါတယ်။ ဥပမာပြောရရင် ဝန်ထမ်းတွေသည် Lunch Break ၊ Coffee Break အတွက် သပ်သပ်ကြီး အပြင်ထွက်စားစရာမလိုတဲ့အတွက်ကြောင့် သူတို့တွေ ပိုက်ဆံပိုမိုချွေတာနိုင်မယ်။ ဒုတိယကောင်းကျိုးအနေနဲ့ ဝန်ထမ်းတွေ အချင်းချင်း ရင်းနှီးမှု ပိုရနိုင်ပြီး သူတို့ရဲ့ အဖွဲ့အစည်းအလိုက် လုပ်ဆောင်နိုင်စွမ်းသည်လည်း ပိုမိုတိုးတက်လာပါလိမ့်မယ်။ ရလာဒ်အနေနဲ့ နှစ်ဦးနှစ်ဖက်စလုံးအတွက် Win-Win Situation တစ်ခုရရှိသွားပါလိမ့်မယ်။
အဖွဲ့လိုက် မီတင်မဟုတ်ဘဲ တစ်ဦးချင်း သီးသန့်မီတင်ခေါ်ပါ
တစ်ဦးတစ်ယောက်က တော်လို့ ချီးမွမ်းချင်တဲ့အခါမှာ သူ့ကို အများအရှေ့မှာ ချီးမွမ်းနိုင်ပါတယ်။ သို့သော် တစ်ယောက်တည်းကိုပဲ ထပ်ခါတလဲလဲ ချီးမွမ်းချင်သည် အခြားသူတွေရဲ့စိတ်ထဲမှာ “ငါလည်း ကြိုးစားရဲ့သားနဲ့ ငါ့ ကြိုးစားမှုကျတော့ အသိအမှတ်မပြုပါလား” ဆိုတဲ့ စိတ်ကြီး ဝင်သွားပါလိမ့်မယ်။ “ကြိုးစားလည်း ဘာမှမထူးတော့ မကြိုးစားတော့ပါဘူးကွာ” ဆိုတဲ့စိတ်မျိုး နောက်ကနေ ကပ်ပါလာတဲ့အခါ သင့်ကုမ္ပဏီအတွက် ဆုတ်ယုတ်မှုတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် တစ်ဦးတစ်ယောက်တည်းကိုပဲ ကြိမ်ဖန်တလဲလဲ ချီးမွမ်းခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
ဒါဆိုရင် အားနည်းချက်တွေကို ထောက်ပြချင်တယ်၊ အားနည်းချက်တွေအတွက် တစ်စုံတစ်ရာ ထောက်ပံ့ပေးချင်တယ်ဆိုရင်ရော ဘယ်လိုပြုလုပ်ရမလဲ။
သူနဲ့ ကိုယ်နဲ့ နှစ်ယောက်တည်း သီးသန့်မီတင်တစ်ခု ဖန်တီးလိုက်ပါ။ ထို့နောက် ဒီနေရာလေးကိုတော့ ဒီလိုလေး အားစိုက်လိုက်ရင် ပိုကောင်းလာလိမ့်မယ်။ ဟိုနေရာလေးကိုတော့ ဟိုလိုလေး ပြောင်းလိုက်ပါ စတဲ့ အကြံပြုချက်တွေ ပေးနိုင်ပါတယ်။ အများအရှေ့မှာ အားနည်းချက်များကို ထောက်ပြခြင်းသည်လည်း ခေါင်းဆောင်ကောင်း တစ်ယောက်အနေနဲ့ ကိုယ့်အဖွဲ့သားရဲ့ လုပ်ရည်ကိုင်ရည် ကို ကျဆင်းစေတဲ့အတွက်ကြောင့် ရှောင်ကြဉ်သင့်တဲ့ အပြုအမူတစ်ခုပဲဖြစ်ပါတယ်။
ဂုဏ်ပြုပွဲ အသေးစားမျိုး ဖန်တီးပေးလိုက်ပါ
အလုပ်ရှင်နဲ့ ဝန်ထမ်းအကြား၊ ဝန်ထမ်းအချင်းချင်းအကြား ရင်းနှီးမှုကို ပိုမိုရရှိစေချင်တယ်ဆိုရင်တော့ နေ့ထူးနေ့မြတ်များမှာ ညစာစားပွဲများ ဖန်တီးပေးနိုင်ပါတယ်။ ဥပမာ – ကုမ္ပဏီ နှစ်ပတ်လည်နေ့မှာ ညစာစားပွဲပြုလုပ်ပြီး တစ်နှစ်တာလုံး အကောင်းဆုံး ဝန်ထမ်းဆုများ ပေးအပ်ခြင်း၊ အသင်းအလိုက် အဖွဲ့အစည်းစိတ်ဓာတ်အရှိဆုံး အဖွဲ့ကို ကြေညာကာ ဆုပေးခြင်း အစရှိသည်တို့ကို ပြုလုပ်ပေးနိုင်ပါတယ်။
အသင်းအဖွဲ့အလိုက် လုပ်ဆောင်တတ်တဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်အောင် ပြုစုပျိုးထောင်ပါ
စောစောက ပြောခဲ့ပြီးသားဖြစ်သလိုပဲ ဒီအချက်သည်လည်း ကုမ္ပဏီတစ်ခု တိုးတက်အောင်မြင်ဖို့အတွက် အရေးအကြီးဆုံးအချက်တစ်ခုပဲဖြစ်ပါတယ်။ ဝန်ထမ်းတစ်ယောက်တည်းက ကွက်ပြီးထူးချွန်နေလို့မရပါဘူး။ ဝန်ထမ်းအားလုံး တွဲလက်ညီညီနဲ့ လုပ်ဆောင်တတ်ဖို့လိုအပ်ပါတယ်။ ဒီလိုလုပ်ဆောင်တတ်ဖို့အတွက် ခေါင်းဆောင်အနေနဲ့လည်း သေချာလေ့ကျင့်ပေးဖို့လိုအပ်ပါတယ်။ သင့်အနေနဲ့ ဝန်ထမ်းတွေထံမှ အရိုးသားဆုံး အကြံဉာဏ်မျိုး ရယူချင်တယ်ဆိုရင်တော့ အမည်မသိ Suggestion Box လေး ထားထားပေးနိုင်ပါတယ်။ ဒါဆိုရင်တော့ ဝန်ထမ်းများသည် သူတို့ရဲ့အလုပ်နဲ့ ပတ်သက်တဲ့ ထင်မြင်ချက်များ၊ ယူဆချက်များကို လွတ်လပ်စွာ အကြံပြုနိုင်ပါတယ်။
Source: Successstory
Featured Image: Sentryhealth