ခေါင်းလျှော်တာ ဘာခက်သလဲ မေးစရာရှိပါတယ်။ ဟုတ်ပါတယ် အပေါ်ယံအားဖြင့် ကြည့်ရင်တော့ ဆံပင်ထိန်းသိမ်းမှုအပိုင်းမှာ အခြေခံအကျဆုံး လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်တဲ့ ခေါင်း လျှော်ခြင်းဟာ လူတိုင်းလွယ်လွယ်ကူကူ လုပ်နိုင်တဲ့ ကိစ္စတစ်ခုပါပဲ။ သို့သော်လည်း ကျွန်တော်တို့ တော်တော်များများ ခေါင်းလျှော်ခြင်းကို ပေါ့ပေါ့ဆဆလို့ ခံယူပြီး အလေ့အထအမှားတချို့ကို လုပ်မိကြတဲ့အခါ ဆံပင်ကျွတ်ခြင်း၊ ဦးရေပြားယားယံခြင်းနဲ့ အခြားသော ဆံသားကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အရာတွေ များစွာ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကွီးတို့ သိထားသင့်တဲ့ ခေါင်းလျှော်ခြင်းဆိုင်ရာ အလေ့အထအမှားတွေကို ပြောပြပေးချင်ပါတယ်။

(၁) ဆံပင်ကိုရေမစွတ်ပဲ ခေါင်းလျှော်ရည်သုံးခြင်း

Photo : Toppik

ခေါင်း လျှော်ခြင်းဆိုင်ရာ အမှားတွေထဲက အဖြစ်အများဆုံးတစ်ခုကတော့ ခြောက်သွေ့နေတဲ့ ဆံသားကို အရင်ဆုံး စိုစွတ်အောင်မလုပ်ပဲ ခေါင်းလျှော်ရည် တန်းလိမ်းတာပါ။ တကယ်တော့ ခေါင်းလျှော်ရည်မလိမ်းခင် ဆံပင်ကို ရေထဲမှာ သေချာစိမ်ထားဖို့ လိုပါတယ်။ ဆံပင်တွေက စိုစွတ်လာတဲ့အခါမှသာ ခေါင်းလျှော်ရည်သုံးပြီး ဆံပင်ကို သေချာဆေးကြောပေးရမှာ ဖြစ်ပါတယ်။ ရေမစွတ်ထားတဲ့ ခြောက်သွေ့နေတဲ့ဆံပင်ပေါ်မှာ ခေါင်းလျှော်ရည်လိမ်းတာဟာ ဦးရေပြားပေါ်မှာ အညစ်အကြေးတွေ ပိုမိုစုပုံလာစေပြီး ခေါင်းလျှော်ရည် အကြွင်းအကျန်တွေကို ဖယ်ရှားဖို့ ခက်ခဲလာစေပါတယ်။ ဒါကြောင့် ခေါင်းလျှော်တဲ့အခါ ဆံသားက ခေါင်းလျှော်ရည်ကို ကောင်းကောင်းစုပ်ယူနိုင်ဖို့ အနည်းဆုံး ၁-၂ မိနစ်လောက် အချိန်ပေးပြီး ဆံပင်ကို ရေစိုအောင် စွတ်ပေးဖို့ လိုပါတယ်။

(၂) ခေါင်းလျှော်ရည်နဲ့ ပျော့ဆေး အလွန်အကျွံသုံးခြင်း

Photo : Men’s Health

ခေါင်း လျှော်တဲ့အခါ မှန်ကန်တဲ့ ခေါင်းလျှော်ရည်နဲ့ Conditioner ပမာဏကို အသုံးပြုဖို့ အလွန်အရေးကြီးပါတယ်။ တချို့က ခေါင်းလျှော်ရည် အများကြီးသုံးတာက ဆံကေသာကို ပိုမိုသန့်စင်စေပြီး Conditioner အလွန်အကျွံသုံးတာက ဆံပင်ကို ပိုမိုပျော့ပျောင်းနူးညံ့ စေတယ်လို့ လွဲမှားစွာ ယူဆမိတက်ကြပါတယ်။ တကယ်တော့ ခေါင်းလျှော်ရည် အလွန်အကျွံသုံးတာဟာ ဆံသားရဲ့ သဘာဝအစိုဓာတ်ကို ခြောက်ခမ်းစေပြီး ဆံပင်ကျွတ်တာ ၊ ဆံပင်ပျက်စီးတာတွေ ပိုမိုဖြစ်ပွားစေနိုင်ပါတယ်။ အလားတူ Conditioner အလွန်အကျွံ သုံးမယ်ဆိုပါကလည်း ဆံသားအဆီပြန်တာတွေ ဖြစ်လာနိုင်ပါတယ်။

(၃) ရှုပ်ပွနေတဲ့ ဆံပင်အတိုင်း ခေါင်းလျှော်ခြင်း

ခေါင်း

Photo : The Longhairs

ဒါကတော့ ဆံပင်အရှည်ထားတဲ့ ကွီးတို့အနေနဲ့ အများစုလုပ်မိတက်တဲ့ အမှားတစ်ခုပါပဲ။ ရှုပ်ပွနေတဲ့ ဆံပင်တွေကို ဒီအတိုင်းလျှော်လိုက်တာဟာ ဆံပင်တွေကို ကျိုးကြေပျက်စီးလွယ်ပြီး ဆံပင်ကျွတ်ခြင်းကို ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ခေါင်း မလျှော်ခင်မှာ ဆံပင်တွေရှုပ်ပွနေတယ်ဆိုပါက ဘီးကိုအသုံးပြုပြီး ဆံသားတွေ ရှုပ်ယှက်ခက်ရောထွေး နေတာမျိုးမဖြစ်အောင် အရင်ဆုံး ဖြီးပေးဖို့လိုပါမယ်။

(၄) နေ့တိုင်း ခေါင်းလျှော်ခြင်း

ခေါင်း

Photo : Man For Himself

ခေါင်း နေ့တိုင်းလျှော်တာဟာ တကယ်တော့ သန့်ရှင်းကျန်းမာတဲ့ ဦးရေပြားနဲ့ ဆံကေသာကို ရရှိမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဆံပင်မှာ သဘာဝအဆီတွေဆိုတာရှိပြီး ၎င်းတို့က ဆံသားအတွက် အကာအရံအဖြစ် လုပ်ဆောင်ပေးကာ ဆံသားကွဲအက်ခြင်းနဲ့ ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ပေးပြီး ဆံသားတောက်ပြောင်မှုကို ထိန်းသိမ်းပေးပါတယ်။ ခေါင်းလျှော်ရည်ကို နေ့တိုင်းသုံးတဲ့အခါ ဆံသားရဲ့ သဘာဝအစိုဓာတ်ကို ဖယ်ထုတ်ပေးပြီး ဆံသားခြောက်သွေ့တာ၊ မွဲခြောက်တာတွေ ဖြစ်စေနိုင်ပါတယ်။ အကောင်းဆုံးရလဒ် ရရှိဖို့ဆိုရင်‌တော့ တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ခေါင်းလျှော်ရည်အပျော့စားကို အသုံးပြုပြီး ခေါင်းလျှော်ပေးနိုင်ပါတယ်။

(၅) ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်လျှော်ခြင်း

ခေါင်း

Photo : MensXP

ခေါင်း လျှော်တဲ့အခါ ခပ်ကြမ်းကြမ်း ပွတ်တိုက်ကုတ်ဖဲ့လျှော်တာဟာ ဦးရေပြားကို ပိုမိုသန့်ရှင်းသွားစေမှာ မဟုတ်ပါဘူး။ တကယ်တော့ ဆံပင်နဲ့ ဦးရေပြားဟာ အလွန်နူးညံ့သိမ်မွေ့စွာ ကိုင်တွယ်ဖို့ လိုအပ်ပြီး မဟုတ်ပါက ဆံသားကွဲအက်ခြင်း ၊ ဆံပင်ကျွတ်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ခေါင်းလျှော်ရည်ကို ဦးရေပြားအပေါ်ကို တိုက်ရိုက်ထည့်သုံးတာမျိုးကို တတ်နိုင်သမျှ ရှောင်ပါ။ ဖြစ်နိုင်ရင် ခေါင်းလျှော်ရည်ကို လက်ထဲအရင်ထည့်ပြီး ဆံသားကို ပွတ်လိမ်းခြင်းနည်းလမ်းကိုသာ အသုံးပြုသင့်ပါတယ်။ ပြီးမှသာ ဦးရေပြားကို လက်ချောင်းထိပ်လေးတွေနဲ့ ညင်သာစွာနှိပ်နယ်ပေးပါ။ နောက်တစ်ခုက ခေါင်းလျှော်တဲ့အခါ ရေအပူချိန်ကို သတိထားဖို့လိုပါမယ်။ တချို့က ရေခပ်နွေးနွေးလေးနဲ့ ခေါင်းလျှော်ရတာကို နှစ်သက်ကြပါတယ်။ ရေအပူချိန် အရမ်းများနေရင် ဆံပင်ခြောက်တာ ၊ ဆံပင်ပျက်စီးတာတွေ ဖြစ်စေနိုင်တာကြောင့် ရေပူနဲ့ခေါင်းလျှော်တဲ့အခါ ကြက်သီးနွေးရေကိုသာ အသုံးပြုဖို့ အကြံပေးချင်ပါတယ်။

Featured Photo : The Manual