ရိုမန့်တစ်ဆန်တဲ့ ရုပ်ရှင်ကားတွေထဲမှာဆိုရင် မင်းသား မင်းသမီးတွေက ဘယ်လိုဖြစ်လို့ ခံတွင်းနံ့ သင်းသင်းလေးနဲ့ နိုးထလာကြတာလဲလို့ သင့်စိတ်ထဲမှာ သံသယဝင်ကောင်း သံသယဝင်ပါလိမ့်မယ်။ ရုပ်ရှင်ကားထဲမှာမို့လို့ပေါ့၊ အပြင်မှာ မဖြစ်နိုင်ဘူးလို့ ထင်ပါလိမ့်မယ်။ …..နိုးပါ။ တကယ်လို့ ကွီးတို့သာ လျှို့ဝှက်ချက်ကို သိမယ်ဆိုရင် မနက်ခင်းမှာ ခံတွင်းနံ့ သင်းသင်းလေးနဲ့ နိုးထလာမှာဖြစ်ပြီး တစ်နေ့ခင်းလုံးလည်း ခံတွင်းရနံ့ သင်းနေမှာဖြစ်ပါတယ်။ အဓိကကတော့ ခံတွင်းရနံ့ ဆိုးဝါးစေတဲ့ အကျင့်ဆိုး များကို ဖယ်ရှားပစ်ဖို့ပဲလိုအပ်တာပါ။
ညဘက် အိပ်နေတဲ့အခါ
ညဘက် အိပ်နေတဲ့အခါ ပါးစပ်ကြီး အဟောင်းသားနဲ့ မအိပ်ပါနဲ့။
လူတော်တော်များများက ညဘက် အိပ်တဲ့အခါ ပါးစပ်ကြီး ဖွင့်ထားပြီး ပါးစပ်ကနေတဆင့် အသက်ရှူကာ အိပ်ပျော်သွားတတ်ကြပါတယ်။ ဒီလိုပြုလုပ်ခြင်းသည် အာခံတွင်းကို ခြောက်သွေ့သွားစေပြီး ဘက်တီးရီးယားများ ကပ်ငြိခိုအောင်းဖို့ အားပေးအားမြှောက်ဖြစ်စေပါတယ်။ ဒါ့အပြင် နှာခေါင်းနဲ့ အသက်မရှူဘဲ ပါးစပ်နဲ့ အသက်ရှူခြင်းသည် သွားများကို ပိုးစားစေပြီး သွားဖုံးများကိုလည်း သွေးထွက်စေပါတယ်။ အချို့သော သွားဆရာဝန်များက ဒီလိုအခြေအနေကို ကာကွယ်ဖို့အတွက် ပါးစပ်ကို တိပ်နဲ့ အသာအယာပိတ်ထားပြီး အိပ်ဖို့ကို အကြံပြုထားကြပါတယ်။
ခံတွင်းသန့်ဆေးရည်များ အသုံးပြုခြင်းကို ရပ်တန့်လိုက်ပါ
ခံတွင်းသန့်ဆေးရည်များက ကွီးတို့ရဲ့ ခံတွင်းရနံ့ကို မွှေးပျံ့သွားစေနိုင်တာကတော့ မှန်ပါတယ်။ သို့သော် ယာယီသာ မွှေးပျံ့စေတာဖြစ်ပြီး အာနိသင် ပြယ်သွားတဲ့အခါမှာတော့ ခံတွင်းရနံ့က ခါတိုင်းထက် ပိုဆိုးလာနိုင်ပါတယ်။ ခံတွင်းသန့်ဆေးရည်ကို အသုံးပြုခြင်းအားဖြင့် ခံတွင်းက ခြောက်က အနံ့ဆိုးတွေ ပိုထွက်လာရခြင်းပဲဖြစ်ပါတယ်။ ဒါသည် ဘာ့ကြောင့်လဲဆိုတော့ ခံတွင်းသန့်ဆေးရည်ထဲတွင် ပါဝင်တဲ့ အယ်လ်ကိုဟော ပမာဏသည် သဘာဝအတိုင်း တံတွေးထွက်နှုန်းအပေါ် သက်ရောက်မှုရှိသွားပြီး ဆဲလ်သေများသည် လျှာနှင့် သွားဖုံးအပေါ်မှာ သွားရောက်စုပုံနေတတ်ပါတယ်။ ထိုအချက်ကြောင့် ခံတွင်းရနံ့များ ဆိုးဝါးလာရခြင်းဖြစ်ပါတယ်။
ရေသောက်ဖို့ မေ့နေလို့
ခံတွင်းရနံ့ ဆိုးများ ထွက်လာအောင် တွန်းအားပေးနေတဲ့ နောက်ထပ် အကျင့်ဆိုး တစ်ခုကတော့ ရေသောက်နည်းခြင်းပဲဖြစ်ပါတယ်။ ရေသောက်နည်းတဲ့အတွက် ခံတွင်းခြောက်လာပြီး ခံတွင်းရနံ့ နံလာရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ရနံ့ပြင်းတဲ့ အစားအစာတွေဖြစ်ကြတဲ့ ကော်ဖီ၊ ကြက်သွန်၊ စပ်သော အစားအစာများကို စားသုံးပြီးတဲ့အခါမှာလည်း ရေများများသောက်သုံးပေးဖို့ လိုအပ်ပါတယ်။ ရနံ့ပြင်းတဲ့ အစားအစာများ စားသုံးတဲ့အခါ ထိုအစားအစာထဲတွင် ပါဝင်တဲ့ ဒြပ်ပေါင်းများသည် သွေးမှတဆင့် အဆုတ်ထဲအထိ ဝင်ရောက်သွားပြီး ထိုမှတဆင့် ခံတွင်းရနံ့ဆိုးအဖြစ် ထွက်ပေါ်လာရခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် အစားအစာ တစ်စုံတစ်ခု မစားခင်မှာ အရင်ဦးဆုံး စဥ်းစားပြီးမှ သုံးဆောင်သင့်ပါတယ်။
မနက်စာ မစားခြင်း
မနက်စာ စားခြင်းသည် နေ့တစ်နေ့အတွက် အရေးအကြီးဆုံး အရာတစ်ခုပဲဖြစ်ပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ ခံတွင်းရနံ့အတွက်လည်း များစွာ အရေးကြီးပါတယ်။ လေ့လာချက်တစ်ခုအရ မနက်စာ မစားတဲ့ ဆယ်ကျော်သက်များသည် မနက်စာ စားသော ဆယ်ကျော်သက်များထက် ခံတွင်းရနံ့ ပိုမိုဆိုးရွားနေကြောင်း သိရှိရပါတယ်။ ဒါ့အပြင် မနက်စာ ရွေးချယ်တဲ့အခါမှာလည်း ကျန်းမာတဲ့ မနက်စာများကို ရွေးချယ်သင့်ပါတယ်။ အဆီ၊ အဆိမ့်များလွန်းသော အစားအစာများ၊ ချိုရဲလွန်းသော အစားအစာများကို ရှောင်ကြဥ်ရမှာပဲဖြစ်ပါတယ်။
သွားတိုက်တံများကို အချိန်ကြာမြင့်သည်အထိ အသုံးပြုခြင်း
ခံတွင်းရနံ့ ဆိုးဝါးခြင်းသည် အကြောင်းအရင်းများစွာကြောင့် ဖြစ်ပေါ်တတ်ပါတယ်။ ထိုအချက်များထဲတွင် သွားတိုက်တံများကို အချိန်ကြာမြင့်စွာ အသုံးပြုခြင်းသည်လည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ သွားတိုက်တံတစ်ချောင်းလျှင် ၃ လမှ ၄ လခန့်အထိသာ အသုံးပြုသင့်ပါတယ်။ သွားတိုက်တံအမွှေးများ ဖွာလန်ကြဲနေပါက အသုံးပြုရန် မသင့်တော်တော့ကြောင်း ဖော်ပြနေပါတယ်။
ကွီးတို့အိမ်က သွားတိုက်တံရော ဘယ်လိုအခြေအနေရှိနေပြီလဲဆိုတာ သတိထားမိရဲ့လား။
Source: Brightside
Featured Image: Freepik