FA ဘဝမှာ ကိုယ့်ရဲ့ အာခံတွင်းရနံ့က ဘယ်လိုမျိုးပဲ ဖြစ်နေပါစေ ဂရုစိုက်စရာမလိုပေမယ့်၊ ကောင်မလေး ရလာပြီဆိုရင်တော့ ကိုယ့်ရဲ့ ကောင်မလေးကို ခံတွင်း ရနံ့ သင်းသင်းလေးနဲ့ပဲ မွှေးမွှေး ပေးချင်ကြမှာပဲ ဖြစ်ပါတယ်။ တကယ်တော့ FA ပဲ ဖြစ်ဖြစ်၊ ရည်းစားပဲရှိရှိ ကိုယ့်ရဲ့ သွားနှင့် ခံတွင်း ကျန်းမာရေးကို ဂရုစိုက်ဖို့သည် အထူးအရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှ ကိုယ့်ကိုလည်း ကိုယ့်ချစ်သူက ဂရုစိုက်မှာပဲ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ ခံတွင်း ရနံ့က သင်းပျံ့နေမှသာလျှင် မွှေးမွှေး ပေးခံရတဲ့ ကွီးတို့ရဲ့ ချစ်သူ ကောင်မလေးကလည်း နှာခေါင်း မရှုံ့မှာပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ခံတွင်းရနံ့ကြောင့် မိမိကိုယ်ကိုယ် ယုံကြည်ချက် ကင်းမဲ့နေသလို ခံစားရပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများကို အသုံးချနိုင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ခံတွင်းရနံ့ နံခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေး အခြေအနေ တစ်စုံတစ်ရာကြောင့် အာခံတွင်းရနံ့ နံတယ်ဆိုရင်တော့ ကွီးတို့ရဲ့ သွားဆရာဝန်က နည်းလမ်းတစ်မျိုးမျိုးကို ညွှန်ပြပေးပါလိမ့်မယ်။
ကိုယ့်ရဲ့ ကျန်းမာရေးကြောင့် မဟုတ်ဘဲ ကိုယ့်ရဲ့ နေထိုင် ပြုမူပုံများကြောင့် ခံတွင်းရနံ့ ဆိုးဝါးနေရတာဆိုရင်တော့ အခုဖော်ပြသွားမယ့် နည်းလမ်းများကို အသုံးချနိုင်ပါတယ်။
အစား စားပြီးနောက်မှာ သွားတိုက်ပါ
ကွီးတို့ လုပ်ငန်းခွင်မှာ သွားတိုက်တံတစ်ချောင်း အမြဲတမ်း ဆောင်ထားပါ။ အစား စားပြီးတဲ့နောက်မှာ သွားတိုက်ဖို့ မမေ့ပါနဲ့။ ကိုယ် အသုံးပြုတဲ့ သွားတိုက်ဆေးသည်လည်း ဖလိုရိုက် ပါဝင်တဲ့ သွားတိုက်ဆေးဖြစ်ဖို့ လိုအပ်ပါတယ်။ တစ်နေ့လျှင် အနည်းဆုံး သွား နှစ်ကြိမ်ခန့် တိုက်သင့်ပါတယ်။ အထူးသဖြင့် အစား စားပြီးနောက်မှာ တိုက်ဖို့ လိုအပ်ပါတယ်။ Antibacterial ဂုဏ်သတ္တိ ပါဝင်တဲ့ သွားတိုက်ဆေးများသည် ခံတွင်း ရနံ့ဆိုးများကို လျော့ချပေးနိုင်ပါတယ်။
သွားပွတ်ကြိုးကို တစ်ရက်လျှင် အနည်းဆုံး တစ်ကြိမ်ခန့် အသုံးပြုပါ
သွားပွတ်ကြိုးကို နည်းမှန် လမ်းမှန် အသုံးပြုပါက သွားကြားထဲမှာ အစာ အကြွင်းအကျန်များ ကပ်ငြိနေခြင်းမှ ကာကွယ်ပေးပြီး သွားမှာ ကပ်ငြိနေတတ်တဲ့ သွားချေးများကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ သွားမှာ သွားချေးများ မကပ်တော့တဲ့အတွက်ကြောင့် ကွီးတို့ရဲ့ ခံတွင်း ရနံ့ မွှေးမွှေး လေး ဖြစ်သွားမှာပဲဖြစ်ပါတယ်။
လျှာကို ပွတ်တိုက်ဖို့လည်း မမေ့ပါနဲ့
ကွီးတို့ရဲ့ သွားမှာ ဘက်တီးရီးယားများ များစွာ ကပ်တွယ်ခိုအောင်းနေတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ခံတွင်းရနံ့ဆိုးများ ထွက်လာအောင် လှုံ့ဆော်နေတာပဲ ဖြစ်ပါတယ်။ သွားတိုက်တဲ့အခါမှာ လျှာကို သွားတိုက်တံနဲ့ သေချာ ပွတ်တိုက်ပေးမယ်ဆိုရင် ဘက်တီးရီးယားများကို ဖယ်ရှားရာ ရောက်ပြီး ခံတွင်းရနံ့လည်း ပိုမိုသင်းပျံ့လာမှာပဲ ဖြစ်ပါတယ်။
သွားထိန်းကိရိယာများ၊ ခံတွင်းထဲ ထည့်မယ့် ပစ္စည်းများကို သန့်ရှင်းရေး ပြုလုပ်ပါ
Photo: Thedentallounge
ကွီးတို့အနေနဲ့ သွားညီဖို့ရန်အတွက် ကုသမှု ခံယူနေစဥ်၊ သွားထိန်းကိရိယာများ တပ်ဆင်တဲ့အခါမှာလည်း ထိုကိရိယာများကို သေသေချာချာ သန့်စင်ဆေးကြောဖို့ လိုအပ်ပါတယ်။ သန့်စင် ဆေးကြောတဲ့ နည်းလမ်းများကိုလည်း သွားဆရာဝန်များထံမှ တစ်ခါတည်း မေးမြန်းကာ လေ့လာသင်ယူထားရပါမယ်။ ထိုကိရိယာမျိုးစုံကို သွားထဲ မထည့်ခင် သေချာစွာ ဆေးကြောပြီးမှသာလျှင် အာခံတွင်းထဲ ထည့်ရမှာဖြစ်ပါတယ်။
အာခေါင်ခြောက်ခြင်းကို အဖြစ်မခံပါနဲ့
အာခံတွင်းကို အစိုဓာတ် ထိန်းပေးဖို့ရန်အတွက်ဆိုလျှင် ကွမ်းစားခြင်းကို ရှောင်ကြဥ်သင့်ပြီး ရေ များများ သောက်သုံးသင့်ပါတယ်။ ကော်ဖီကဲ့သို့ ကာဖိန်းဓာတ် ပါဝင်တဲ့ ဖျော်ရည်များသည် ကွီးတို့ရဲ့ အာခံတွင်းကို ပိုမိုခြောက်သွေ့လာစေမှာဖြစ်ပြီး ခံတွင်းရနံ့ကိုလည်း ပိုမိုဆိုးရွားလာစေနိုင်ပါတယ်။
တံတွေး အထွက်နှုန်းကို တိုးမြှင့်ပေးဖို့ရန်အတွက် သကြားလုံးစားခြင်း (သို့) ပီကေ ဝါးခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါတယ်။ သဘာဝ နည်းလမ်းဖြင့် တံတွေး များများထွက်အောင် ပြုလုပ်ပါက ကွီးတို့ရဲ့ အာခံတွင်း ရနံ့သည်လည်း ပိုမို မွှေးပျံ့လာမှာပဲ ဖြစ်ပါတယ်။
ကိုယ် စားသုံးတဲ့ အစားအစာများကိုလည်း သေချာဂရုစိုက်ပါ
ကွီးတို့ရဲ့ ခံတွင်းရနံ့ကို ပိုမိုဆိုးရွားလာစေတဲ့ အစားအစာတွေဖြစ်တဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ များ စားသုံးခြင်းမှ ရှောင်ကြဥ်သင့်ပါတယ်။ အချိုဓာတ် လွန်ကဲသော အစားအစာများ အလွန်အကျွံ စားသုံးခြင်းသည်လည်း ကွီးတို့ရဲ့ သွားနှင့် ခံတွင်း ကျန်းမာရေးကို ထိခိုက်စေပြီး ခံတွင်းရနံ့ ဆိုးရွားစေပါတယ်။
သွားတိုက်တံများကို အသစ်လဲဖို့ မမေ့ပါနှင့်
ကွီးတို့ရဲ့ သွားပွတ်တံ အမျှင်များက ဖွာလန်ကြဲနေပါက သွားတိုက်တံ အသစ်တစ်ချောင်း လဲပေးရမယ့်အချိန် ရောက်လာပြီပဲ ဖြစ်ပါတယ်။ ပုံမှန်ဆိုလျှင်တော့ သုံးလမှ လေးလလျှင် တစ်ကြိမ်ခန့် သွားတိုက်တံများကို လဲလှယ်ပေးရမှာပဲ ဖြစ်ပါတယ်။
သွားဆရာဝန်ထံမှ ပုံမှန်ကုသမှု ခံယူပါ
သွားရောဂါကြီးကြီးမားမား မခံစားရရင်တောင်မှ ကွီးတို့ရဲ့ သွားဆရာဝန်ထံတွင် တစ်နှစ်လျှင် နှစ်ကြိမ်ခန့် ပုံမှန် စစ်ဆေးမှု ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ ကွီးတို့ရဲ့ သွားနှင့် ခံတွင်းက ကျန်းမာနေပြီး သွားပိုးစားခြင်း ကင်းဝေးမှသာလျှင် ပုလဲလုံးလေးတွေ စီထားပြီး ဖြူဖွေးဝင်းပနေတဲ့ သွားများကို ပိုင်ဆိုင်နိုင်ကာ ပြုံးအလှပိုင်ရှင်တစ်ယောက် ဖြစ်မှာပဲဖြစ်ပါတယ်။
ကွီးတို့ရော ကိုယ့်ရဲ့ သွားကျန်းမာရေးကို ဘယ်လိုနည်းလမ်းများဖြင့် ဂရုစိုက်လေ့ ရှိပါသလဲ။
Source: Mayoclinic
Featured Image: Freepik