လူတစ်ယောက်နဲ့တစ်ယောက် ချစ်ကြတယ်ဆိုတာ တကယ်တော့ ရိုးရိုးလေးလို့ ထင်ရပေမယ့် တကယ့်လက်တွေ့မှာ ထင်ထားတာထက် ပိုရှုပ်ထွေးနက်နဲတဲ့အရာတွေ အများကြီးရှိပါတယ်။ ချစ်သူရည်စားဘဝမှာ ရန်ဖြစ်တာ ၊ စိတ်ကောက်တာတွေက သာမန်အခြေအနေတစ်ခု ဆိုပေမယ့် တွဲတာအချိန်ကြာလာတာနဲ့အမျှ ဖြေရှင်းမရတဲ့ ပြဿနာတွေလည်း ပိုများလာတက်ပါတယ်။ စုံတွဲတိုင်းကတော့ ကိုယ်တည်ဆောက်ထားတဲ့ Relationship တစ်ခုကို အချစ်နဲ့စ အမုန်းနဲ့ အဆုံးသတ်တာမျိုး ဖြစ်ချင်ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ချစ်ခြင်း ရဲ့တခြားတစ်ဖက် အမှောင်ဘက်ခြမ်း က ပြဿနာလေးတွေကို စုံတွဲတိုင်း သတိထား ဆင်ခြင်မိစေဖို့ ပြောပြပေးချင်ပါတယ်။
(၁) စိတ်လှုပ်ရှားစရာတွေ လျော့လာခြင်း

Photo : Daily Mail
အချိန်တွေ ကြာလာတာနဲ့အမျှ ချစ်သူနှစ်ဦးကြားမှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဆက်ဆံရေးတစ်ခုကို ထိန်းထားဖို့ ပိုခက်ခဲလာနိုင်ပါတယ်။ ဒီလိုရင်ခုန်စရာတွေမရှိတော့တဲ့ အခြေအနေကို ပုံမှန်ပဲလို့ မှတ်ယူမထားသင့်ပါဘူး။ ကွီးတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ဆက်လက်ရှင်သန်နေစေဖို့ ရင်ခုန်စိတ်လှုပ်ရှားစရာလေးတွေ ဖန်တီးပေးဖို့ လိုပါတယ်။ ဒါကြောင့် ချစ်သူလေးကို အံ့ဩမှင်သက်စေမယ့် စပရိုက်လေးတွေ ၊ ရင်ခုန်စရာ ဒိတ်လုပ်နည်းလေးတွေနဲ့ အချစ်တွေ တဖန်ရှင်သန်ကြီးထွားလာအောင် လုပ်ဖို့ ကွီးတို့မှာ တာဝန်ရှိပါတယ်။
(၂) ထိန်းချုပ်ခံရခြင်း

Photo : Medium
ချစ်ခြင်း ရဲ့တစ်ခြားတစ်ဖက်မှာ ထိန်းချုပ်ခံရခြင်းတွေ ပါလာရင် ပျော်စရာကောင်းတဲ့ Relationship တစ်ခု မဖြစ်နိုင်တော့ပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက် ချစ်တယ် ၊ စိတ်ပူတယ်ဆိုတာဟာ အတိုင်းအတာတစ်ခုအထိပဲ ရှိသင့်ပါတယ်။ ချစ်လို့ဆိုတဲ့ ခေါင်းစဉ်တပ်ထားခြင်းရဲ့ နောက်ကွယ်က စိုးမိုးချယ်လှယ် Control လုပ်ခြင်းတွေဟာ တကယ်တော့ ကွီးတို့ချစ်သူနှစ်ဦးကို ပိုမိုဝေးကွာသွားစေမှာပါ။ ဒါကြောင့် တစ်ယောက်ကိုတစ်ယောက် ချစ်တာနဲ့ ထိန်းချုပ်ချင်တာကို ကွဲကွဲပြားပြား သိနားလည်ထားဖို့ အရေးကြီးပါတယ်။
(၃) နေ့ရက်တိုင်း တူညီတဲ့ပြဿနာတွေ ဖြစ်ခြင်း

Photo : Two Drifters
ရက်တွေ ဘယ်လောက်ပဲ ပြောင်းလဲသွားပါစေ ၊ မတူညီတဲ့ရက်တွေမှာ တူညီတဲ့ ပြဿနာတွေ ဖြစ်နေပြီဆိုရင်တော့ ဒါဟာ ပြဿနာရဲ့အစကို ပြန်လည်ဆန်းစစ်ဖို့ လိုပြီဆိုတာကို ပြနေတာပါ။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ဟာ ပြဿနာအသေးအမွှားလေးတွေကို ကျော်ချသွားတက်မျိုး လုပ်တက်ကြပါတယ်။ ပြဿနာတချို့က တစ်ခါတည်းအမြစ်ဖြတ် မဖြေရှင်းရင် နောက်ထပ်ဒီလိုတူညီတဲ့ ပြဿနာမျိုးတွေ ဆက်တိုက်ဖြစ်လာဦးမှာပါပဲ။ ဒါကြောင့် ပြဿနာတစ်ခုဖြစ်လာတဲ့အခါ ပြဿနာရဲ့ အရင်းအမြစ်ကို သေချာကိုင်တွယ်ဖြေရှင်းတက်ဖို့ လိုပါတယ်။
(၄) စိတ်လုံခြုံမှု မရှိခြင်း
Photo : Her Norm
Relationship တစ်ခုမှာ Safe ဖြစ်တယ်လို့ ခံစားရဖို့က အရေးကြီးပါတယ်။ နှုတ်အားဖြင့်ဖြစ်စေ ၊ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ အားဖြင့်ဖြစ်စေ အနိုင်ကျင့်ဗိုလ်ကျမှုတွေက ဘယ်လိုနည်းနဲ့မှ လက်ခံနိုင်စရာမရှိတဲ့ အခြေအနေတွေပါ။ တစ်ယောက်ကိုတစ်ယောက် လေးစားမှုရှိရှိနဲ့ စိတ်ချလုံခြုံတဲ့ ခံစားမှုအပြည့်အဝပေးနိုင်မှသာ သာယာပျော်ရွှင်တဲ့ အချစ်ခရီးလမ်းကို လျောက်လှမ်းနိုင်မှာပါ။ နှစ်ယောက်အတူရှိတာထက် တစ်ယောက်တည်းနေတာက ပိုပြီး စိတ်လုံခြုံမှုရှိတယ်လို့ ခံစားနေရရင်တော့ နှစ်ဦးသားပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်ပြီး ဖြေရှင်းသင့်ပါတယ်။ ညှိနှိုင်းမရတဲ့ အခြေအနေဆိုရင်တော့ ဒီ Relationship ကနေ Quit လုပ်လိုက်တာက အကောင်းဆုံးအဖြေတစ်ခု ဖြစ်လိမ့်မယ်လို့ပဲ အကြံပေးချင်ပါတယ်။
Featured Photo : Cosmopolitan

