ချစ်တင်းနှော ချိန် အရှိန်ကောင်းတုန်း ဆီးသွားချင်တဲ့ ဖြစ်ရပ်မျိုး ကြုံဖူးပါသလား ? ဒီအခြေအနေဟာ အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များတာ တွေ့ရပါတယ်။ ဒါဟာ လိင်စိတ်နိုးကြားမှုကြောင့် ဖြစ်တက်သလို တစ်ခါတစ်ရံမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ လိင်ဆက်ဆံနေစဉ်အတွင်း ဆီးသွားချင်ရတဲ့ သိထားသင့်သမျှ နောက်ကွယ်က အကြောင်းအရင်းတွေကို ပြောပြပေးပါမယ်။
(၁) တင်ပါးဆုံ ကြွက်သား အားနည်းခြင်း
Photo : One Medical
Pelvic Floor Muscles တွေ အားနည်းနေတဲ့အခါ ဆီးသွားချင်စိတ်များတာ သို့မဟုတ် ဆီးမထိန်းနိုင်တာ စတဲ့ အခြေအနေတွေ ဖြစ်တက်ပါတယ်။ တင်ပါးဆုံကြွက်သားတွေဟာ ဆီးအိမ် ၊ သားအိမ်နဲ့ လိင်အင်္ဂါအနီးတဝိုက်က ကြွက်သားတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းအပေါ် တိုက်ရိုက်သက်ရောက်မှုရှိပြီး ကိုယ်ဝန်ဆောင်ခြင်း ၊ ကလေးမီးဖွားခြင်း ၊ အသက်ကြီးလာခြင်း ၊ သို့မဟုတ် လေ့ကျင့်ခန်းမလုပ်ခြင်း စတဲ့ အခြေအနေတွေကြောင့် ကြွက်သားတွေ အားနည်းလာတက်ပြီး အထူးသဖြင့် လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်ဆောင်နေချိန်အတွင်း ဆီးသွားခြင်းကို ထိန်းချုပ်ရာမှာ ခက်ခဲသွားတက်ပါတယ်။
(၂) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
Photo : Docquity
ဆီးလမ်းကြောင်း ပိုးဝင်ရောဂါ သို့မဟုတ် UTI ဟာ ကမ္ဘာပေါ်မှာ လူများစွာ တွေ့ကြုံခံစားရလေ့ရှိတဲ့ ကူးစက်ရောဂါ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ BMC Infectious Diseases ရဲ့ သုတေသန စာတမ်းတစ်စောင်မှာ ဆီးလမ်းကြောင်း ပိုးဝင်ရောဂါဟာ တစ်နှစ်အတွင်း ကမ္ဘာတစ်ဝှမ်းရှိ လူသန်းပေါင်း ၁၅၀ ကျော်အပေါ် သက်ရောက်မှုရှိတယ်လို့ ဆိုထားပါတယ်။ UTI ဟာ ဆီးအိမ်အား ယားယံစေပြီး မကြာခဏ ဆီးသွားချင်စိတ်ကို ဖြစ်ပေါ်စေတက်သလို ချစ်တင်းနှော နေစဉ်အတွင်းမှာ ထိုးသွင်းဆက်ဆံမှု ဖိအားကြောင့် ဆီးသွားချင်တာ ၊ ဆီးယိုစိမ့်တာ စတဲ့ အခြေအနေတွေ ဖြစ်နိုင်ခြေ ရှိပါတယ်။
(၃) ခန္ဓာဗေဒဆိုင်ရာ ပြဿနာများရှိခြင်း
Photo : CNN
အချို့သော ခန္ဓာဗေဒဆိုင်ရာ အခြေအနေတွေဟာလည်း ချစ်တင်းနှော နေစဉ်အတွင်းမှာ မရည်ရွယ်ပဲ ဆီးသွားခြင်းကို ဖြစ်ပေါ်စေတက်ပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် အချို့သူတွေမှာ ဆီးအိမ် သို့မဟုတ် ဆီးလမ်းကြောင်းပေါ် ဖိအားသက်ရောက်မှု အနည်းငယ်ရှိတာနဲ့ အလိုလို ဆီးသွားချင်စိတ်ကို ဖြစ်စေနိုင်တာပါ။ သုတေသီတွေကတော့ အမျိုးသမီးတွေမှာ ကလေးမီးဖွားပြီး အခြေအနေမှာ ဆိုရင်လည်း အဆိုပါ အခြေအနေ ဖြစ်နိုင်ခြေ ရှိတယ်လို့ ဆိုထားပါတယ်။ မီးဖွားပြီးနောက်မှာ တင်းပါဆုံ ကြွက်သားတွေ အားနည်းလာခြင်းကြောင့် ဆီးသွားချင်စိတ်များခြင်း သို့မဟုတ် ဆီးမထိန်းနိုင်ခြင်း ဖြစ်ရတာ ဖြစ်ပါတယ်။
(၄) လိင်စိတ်နိုးကြားမှု မြင့်တက်ခြင်း
Photo : Insight Psychological
လိင်စိတ်နိုးကြားမှု အမြင့်ဆုံး ရောက်နေချိန်မှာလည်း ဆီးသွားချင်စိတ်ကို ဖြစ်စေတက်ပါတယ်။ လိင်စိတ်နိုးကြားတက်ကြွမှုဟာ တင်ပါးဆုံ ဧရိယာအတွင်းမှာ သွေးစီးဆင်းမှုကို တိုးလာစေခြင်း သို့မဟုတ် အာရုံခံနိုင်စွမ်း မြင့်မားလာခြင်း စတဲ့ အခြေအနေတွေကြောင့် တုံ့ပြန်မှုကို ဖြစ်ပေါ်စေပြီး ချစ်တင်းနှော စဉ်အတွင်း ဆီးသွားခြင်း ၊ ဆီးယိုစိမ့်ခြင်း စတဲ့ အခြေအနေတွေ ဖြစ်နိုင်ပါတယ်။
Source : Healthshots
Featured Photo : Ada Jennifer