ကိုယ့်ရဲ့ စကီလေးနဲ့ ကြည်ကြည်နူးနူး ချစ်တင်းနှော ပြီးတဲ့နောက်မှာ ကွီးတို့ ခန္ဓာကိုယ်က ထုတ်လွှတ်လိုက်တဲ့ သုတ်ရည်ထဲကနေ သွေး တွေကို မြင်နေရလို့ ရှော့ခ်ရသွားပါသလား။ ဘာ့ကြောင့် ဒီလိုမျိုး ဖြစ်ရသလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးထိ ဆက်ဖတ်ကြည့်လိုက်ပါ။
ချစ်တင်းနှော ပြီးနောက် သုတ်ရည်ထဲကနေ သွေး ထွက်ခြင်း
ဒီလိုမျိုး ဖြစ်စဥ်ကို ဆေးဘက်ဆိုင်ရာ အခေါ်အဝေါ်အရဆိုရင်တော့ Haematospermia လို့ ခေါ်ပါတယ်။ အမျိုးသား ခန္ဓာကိုယ်တွင်းမှ ထုတ်လွှတ်လိုက်တဲ့ သုတ်ရည်ထဲတွင် သွေးပါလာခြင်း ဖြစ်စဥ်မျိုး ဖြစ်ပါတယ်။ များသောအားဖြင့်တော့ နာကျင်ခြင်း (လုံးဝ) မရှိတတ်ပါဘူး။ ဒါပေမဲ့ သွေးရောင်ကို မြင်ရတာကတော့ စိတ်ညစ်စရာပါပဲ။ တစ်ကြိမ် တစ်ခါလောက်သာ မြင်တွေ့ရတယ်ဆိုရင်တော့ စိုးရိမ်စရာ မရှိပါဘူး။
ဒီ Haematospermia လို့ခေါ်တဲ့ သုတ်ရည်ထဲတွင် သွေးပါခြင်းက ဘယ်လောက်တောင် အဖြစ်များသလဲဆိုတာကို သိရှိနိုင်ဖို့ရာ အလွန် ခက်ခဲပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အမျိုးသား တော်တော်များများက သူတို့ ပြီးမြောက်သွားပြီးတဲ့နောက် သုတ်ထုတ်လွှတ်တဲ့အခါ သူတို့ရဲ့ ထုတ်လွှတ်လိုက်တဲ့ သုတ်ရည်များကို သူတို့ကိုယ်တိုင် ပြန်မကြည့်ဖြစ်ကြတာကြောင့်ပဲ ဖြစ်ပါတယ်။ တချို့ကျတော့လည်း သိတော့ သိပါရဲ့၊ ဒါပေမဲ့ ဆရာဝန်ထံ သွားရောက် ပြသရမှာကို ရှက်ကြောက်ကြတဲ့အတွက်ကြောင့် တစ်ယောက်တည်းပဲ ကြိတ်ပြီး ကုသလေ့ရှိကြပါတယ်။
အသက် ၄၀ ကျော်နှင့် အထက် အရွယ်ရှိတဲ့ ဆီးကျိတ်ရောဂါ ခံစားရတဲ့ အမျိုးသားပေါင်း ၂၆၀၀၀ ကျော်တွင်တောင်မှ ဒီ Haematospermia ဖြစ်စဥ်ကို ၀.၅ ရာခိုင်နှုန်းသော အမျိုးသားများကသာ ကြုံတွေ့ကြရတာ ဖြစ်ပါတယ်။
ဘယ်လိုရောဂါ လက္ခဏာများကို မြင်တွေ့ရလေ့ရှိသလဲ
သုတ်ရည်ထဲတွင် သွေးပါတဲ့အခါမှာ သွေးစက် တစ်စက်လောက်ပဲ ပါတာမျိုးလည်း ဖြစ်နိုင်သလို တစ်ချို့ကျတော့ ထုတ်လွှတ်လိုက်တဲ့ သုတ်ရည်တစ်ခုလုံးမှာ သွေးအပြည့် ဖုံးလွှမ်းနေတာမျိုးလည်း မြင်တွေ့ရတတ်ပါတယ်။ နီနီရဲရဲနဲ့ လတ်လတ်ဆတ်ဆတ် သွေးရောင်ကို မြင်တွေ့ရခြင်းက ကွီးတို့သည် လောလောလတ်လတ် သုတ်လွှတ်လိုက်ခြင်းကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ အညိုရောင် (သို့) အနက်ရောင် သွေးကတော့ သွေးထွတ်ချိန် ကြာသွားခြင်းဖြစ်ကြောင်းကို ညွှန်ပြနေပါတယ်။ တကယ်လို့ ကွီးတို့က အသက် ၄၀ နှင့် အထက်လည်း ဖြစ်နေပြီ၊ ဒီလိုမျိုး သုတ်ရည်ထဲတွင် သွေးပါခြင်းကလည်း ကြိမ်ဖန်များလာပြီ၊ အထူးသဖြင့် နာကျင်မှုကို ခံစားနေရတယ်၊ ဆီးသွားတဲ့အခါမှာလည်း နာကျင်နေတယ်ဆိုရင်တော့ အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။
ဘာ့ကြောင့် သုတ်ရည်ထဲတွင် သွေးပါရသလဲဆိုတော့
ရောဂါပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်း (သို့) ကွီးတို့ရဲ့ မျိုးပွားအင်္ဂါအဖွဲ့အစည်းထဲတွင် ကျောက်သေးသေးလေးများ တည်နေခြင်း အစရှိတဲ့ အကြောင်းအရင်းများကြောင့် သုတ်ရည်ထဲတွင် သွေးပါရခြင်း ဖြစ်ပါတယ်။ ကင်ဆာ ဆိုတာကတော့ ရှားရှားပါးပါး ဖြစ်တောင့်ဖြစ်ခဲတဲ့ အကြောင်းအရင်းတစ်ခုပဲ ဖြစ်ပါတယ်။
တချို့ သွေးခဲရောဂါ ခံစားရတဲ့သူများ (သို့) သွေးကျဲဆေး သောက်နေရသူများသည်လည်း သုတ်ရည်ထဲတွင် သွေးပါခြင်းမျိုးကို မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။ အလွန်အကျွံ သွေးတိုးခြင်းကလည်း အကြောင်းအရင်းတစ်ခု ဖြစ်နိုင်ပါတယ်။ များသောအားဖြင့်တော့ ဒီကျန်းမာရေး ဖြစ်စဥ်က အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့အထိ မဖြစ်တဲ့အတွက်ကြောင့် စိတ်ပူစရာ မလိုပါဘူး။ ဆေးမြီးတိုတွေနဲ့ ကုသဖို့ မကြိုးစားဘဲ ဆရာဝန်ထံ သေချာ ပြသကာ ကုသမှု ခံယူမယ်ဆိုရင်တော့ မြန်မြန် သက်သာ ပျောက်ကင်းနိုင်ပါတယ်။
ကွီးတို့ရော ချစ်တင်းနှော ပြီးနောက် သုတ်ရည်ထဲတွင် သွေး ပါတဲ့ အဖြစ်မျိုး ကြုံဖူးကြပါသလား။
Source: Healthymale.org.au
Featured Image: Fekomiherbals