တစ်ခါတစ်လေမှာ ချစ်ရဲ့သားနဲ့ ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့ဘဲ ပြီးပြတ်သွားတဲ့ ဆက်ဆံရေးတွေ ကွီးတို့ တွေ့ဖူးမှာပါ။ Relationship တစ်ခုမှာ တစ်ယောက်နဲ့ တစ်ယောက်ချစ်နေဖို့က အဓိကဆိုပေမယ့် ရေရှည်မှာ သာယာပျော်ရွှင်တဲ့ အချစ်ခရီးလမ်းကို လျှောက်ချင်တယ်ဆိုရင်တော့ ရှိသင့်ရှိထိုက်တဲ့ အခြေခံ လိုအပ်ချက်လေးတွေကို သိရှိလိုက်နာကျင့်သုံးဖို့ လိုအပ်ပါတယ်။ ချစ်နေရုံ တစ်ခုတည်းနဲ့ လုံလောက်ပြီလို့ ထင်နေရင်တော့ မှားနေတယ်လို့ ပြောပါရစေ။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ ချစ်ရသူလေးနဲ့ ချစ်ခြင်းမေတ္တာအပြင် အပြန်အလှန် ထားရှိတည်ဆောက်သင့်တဲ့ အခြေခံအုတ်မြစ် အချက် (၃) ချက်ကို ဖော်ပြပေးချင်ပါတယ်။
ယုံကြည်မှု
Photo : Ideapod
Relationship တစ်ခုမှာ ဘယ်လောက်ပဲ တစ်ယောက်နဲ့ တစ်ယောက်ချစ်နေပါစေ၊ ယုံကြည်မှုကို တည်ဆောက်မထားရင်တော့ သံသယတွေနဲ့ ရေရှည်မှာ ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ ယုံကြည်မှုဆိုတာ ဆက်ဆံရေးတိုင်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ များသောအားဖြင့် ချစ်သူစုံတွဲများက တစ်ဦးနဲ့ တစ်ဦးဆက်ဆံပုံကို အခြေခံပြီး ယုံကြည်မှုကို တည်ဆောက်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ချစ်နေကြတဲ့ ဆက်ဆံရေးတစ်ခုမှာ လိုအပ်တဲ့ အခြေခံအကျဆုံး ခံစားချက်ကို ပြောပါဆိုလျှင် တစ်ယောက်အပေါ် တစ်ယောက်ထားရှိတဲ့ ယုံကြည်မှုကပေးတဲ့ စိတ်လုံခြုံမှုပါပဲ။
ယုံကြည်မှုတည်ဆောက်ရာမှာ တစ်ယောက်နဲ့တစ်ယောက် အကြောင်းအရာတွေကို ဝေမျှဖို့ လိုအပ်ပါတယ်။ သူ့အကြောင်း ကိုယ့်အကြောင့် ပွင့်ပွင့်လင်းလင်း ဝေမျှကာ ညှိနှိုင်းမှုများဖြင့် အချစ်ခရီးကို ရှေ့ဆက်ပါ။ အချိန်ကြာလာသည်နှင့်အမျှ ယုံကြည်မှုက ပိုမိုအားကောင်းလာနိုင်ပြီး တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ ပြည့်နှက်လာကာ သာယာပျော်ရွှင်တဲ့ ဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်ရမှာပါ။
လေးစားမှု
Photo : Verywell Mind
ကွီးတို့ရေ ကိုယ်ကလည်း သူမကို ချစ်တယ်၊ သူမကလည်း ကိုယ့်ကို ချစ်တယ်ဆိုပြီး၊ တစ်ဖက်သားကို မလေးမစား ဆက်ဆံတာမျိုး လုံးဝမလုပ်ပါနဲ့။ ရင်းနှီးတဲ့ဆက်ဆံရေးမှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားမှုရှိဖို့နဲ့ ကြင်ကြင်နာနာဆက်ဆံဖို့က အရေးကြီးပါတယ်။
ကွီးတို့အနေနဲ့ သူမအပေါ်ထားရှိတဲ့ လေးစားမှုနဲ့ အလေးထားမှုတွေကို ပြသဖို့နည်းလမ်းတွေ အများကြီးရှိပါတယ်။ သူမစကားပြောရင် အလေးအနက်ထား နားထောင်ပေးတာ၊ ဆွေးနွေးပေးတာမျိုးတို့အပြင် တစ်ခုခုကို ဆုံးဖြတ်တာမှာ ကိုယ့်ရဲ့ ထင်မြင်ချက်၊ ယူဆချက်တွေကလည်း အရေးကြီးသလို တစ်ဖက်သားရဲ့ ဆုံးဖြတ်ချက်များကိုလည်း လေးစားလိုက်နာပေးပြီး ညှိနှိုင်းဆောင်ရွက်ဖို့ လိုပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ ပြုမူဆက်ဆံပုံကလည်း တစ်ဖက်သားအပေါ် ကိုယ့်ချစ်သူပဲဆိုပြီး လက်လွတ်စပယ်ပြုမူတာမျိုး မလုပ်နဲ့။
ရိုးသားမှု
Photo : YourTango
တစ်ယောက်နဲ့ တစ်ယောက် ပွင့်လင်းရိုးသားမှုရှိခြင်းကလည်း သာယာပျော်ရွှင်ဖွယ်ကောင်းသော ဆက်ဆံရေးတစ်ခုအတွက် အရေးကြီးတဲ့ အချက်တစ်ခုပါပဲ။ ဒီလို ရိုးသားမှုရှိဖို့အတွက်ဆိုရာမှာ ကိုယ့်ရဲ့ ချစ်သူနဲ့ အရာအားလုံးကို ဝေမျှရမယ်လို့ မဆိုလိုပါဘူး။ လူတစ်ယောက်ချင်းစီတိုင်းမှာ ကိုယ်ရေးကိုယ်တာများ သီးသန့်ထားရှိနိုင်ပါတယ်။
သို့သော်လည်း Relationship တစ်ခုမှာ တစ်ဖက်သား သိသင့်သိထိုက်တဲ့ ကိစ္စတွေနဲ့ ခံစားချက်များကို မျှဝေဖို့ လိုပါတယ်။ ကိုယ့်ဘက်က စစ်မှန်သော ရိုးသားမှုနဲ့ ဆက်ဆံတဲ့အခါမှာ သူမဘက်ကလည်း ကွီးတို့ရဲ့ စိတ်ရင်းအမှန်ကို ပိုမိုနားလည်လာကာ ကွီးတို့ရဲ့ ဆက်ဆံရေးဟာ ပိုပြီး သာယာဖြောင့်ဖြူးလာပါလိမ့်မယ်။
ကွီးတို့ရေ သူမကို ချစ်နေရုံ တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ကွီးတို့ရဲ့ ဆက်ဆံရေးကို ရေရှည်တည်တံ့ဖို့ဆိုရင် အပေါ်မှာ ဖော်ပြပေးခဲ့တဲ့ အချက်လေးတွေကို လိုက်နာကျင့်သုံးဖို့ လိုပါတယ်ဗျာ။
Source : Eugene Therapy
Featured Photo : Mellow