ချစ်ရတဲ့ ချစ်သူကောင်မလေးကို စိတ်ချမ်းသာ ပျော်ရွှင်အောင် ထားရမှာက မဟာပုရိသတိုင်းရဲ့ သမိုင်းပေး တာဝန်တစ်ခုပါပဲ။ ချစ်သူလေးရဲ့ မျက်နှာပေါ်က အပြုံးပန်းလေးတွေ မြင်ရဖို့ ကွီးတို့ ဘာမှခက်ခက်ခဲခဲ လုပ်ဆောင်စရာ မလိုပါဘူး။ အခုပြောပြမယ့် အချက်လေးတွေ သိထားရုံနဲ့ ကွီးတို့ရဲ့ ချစ်သူလေးကို စိတ်ချမ်းသာ ပျော်ရွှင်အောင် ထားနိုင်မှာပဲ ဖြစ်ပါတယ်။

(၁) စိတ်ချလုံခြုံမှုပေးပါ

Photo : Brides

လူတစ်ယောက်နဲ့တစ်ယောက် ချစ်တယ်ဆိုရာမှာ စိတ်လုံခြုံမှုကလည်း အများကြီးအရေးပါပါတယ်။ မိန်းကလေးတိုင်းက သူချစ်မြတ်နိုးတဲ့ ယောက်ျားတစ်ယောက်ရဲ့ရင်ခွင်မှာ စိတ်အေးချမ်းသာစွာ ခိုလုံချင်ကြသူတွေ ချည်းပါပဲ။ ဒါကြောင့် ကွီးတို့အနေနဲ့ ကိုယ့်ချစ်သူကောင်မလေးအတွက် စိတ်ချလုံခြုံမှုပေးနိုင်တဲ့ ရင်ခွင်တစ်ခု ဖြစ်ဖို့အရေးကြီးပါတယ်။ သူမနဲ့ ရင်းနှီးပွင့်လင်းမှုရှိတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ပါ။ တစ်ယောက်အကြောင်းတစ်ယောက် ပိုမိုနားလည်အောင်လုပ်ပါ။ အသေးအမွှား ကိစ္စလေးကအစ မလိမ်ညာပါနဲ့။ စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာမှာပါ စိတ်ချလုံခြုံမှုပေးနိုင်တဲ့ သူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။

(၂) မှီခိုစရာပခုံးတစ်ဖက်အဖြစ် ရှိပေးပါ

Photo : Her Way

ခေတ်သစ်နေထိုင်မှုပုံစံတွေအရ လူသားတွေရဲ့ နေ့စဉ်ဘဝမှာ ပျော်စရာဆိုတဲ့ အရာတွေ အတော်လေးကို နည်းပါးလာပါတယ်။ လောကဓံရဲ့ ရိုက်ချက်ပြင်းပြင်းတွေနဲ့အတူ အဘက်ဘက်က ထိုးနှက်တိုက်ခိုက်မှုတွေဟာ လူသားတိုင်းအပေါ်မှာ သက်ရောက်မှုရှိနေပြီး အဆင်မပြေမှုတွေ ၊ ဝမ်းနည်းခြင်း ၊ စိတ်ဓာတ်ကျခြင်းတွေက လူတိုင်းနီးပါး ခံစားနေကြရတာပါ။ ဒီလိုအချိန်မှာ ကိုယ့်ချစ်သူလေးအတွက် မှီခိုစရာ ပခုံးတစ်ဖက်အဖြစ် ရှိနေဖို့ လိုပါတယ်။ မိန်းကလေးတော်တော်များများက သူတို့ရဲ့ ရင်တွင်းခံစားချက်တွေကို ဖွင့်ထုတ်ဖော်ပြတက်ကြသူတွေပါ။ သူမ အားငယ်ချိန်တိုင်း ၊ အဆင်မပြေချိန်တိုင်းမှာ သူမရဲ့ ရင်တွင်းခံစားချက်တွေကို ဂရုတစိုက် နားထောင်ပေးမယ့် မှီခိုစရာပခုံးတစ်ဖက်အဖြစ် ရှိနေပေးခြင်းက သူမအတွက်တော့ စိတ်ချမ်းသာ ပျော်ရွှင်စေမယ့် ကြီးမားတဲ့ ဆုလာဒ်တစ်ခုအဖြစ် ခံစားရစေမှာပါ။

(၃) ပန်းစည်းလက်ဆောင်ပေးပါ

Photo : LoveToKnow Dating

မိန်းကလေးတိုင်း တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်း တူချင်မှတူ ပါလိမ့်မယ်။ ဒါပေမယ့် မိန်းကလေး တော်တော်များများ တူညီစွာ နှစ်ခြိုက်သဘောကျတဲ့ လက်ဆောင်တစ်ခုက ပန်းစည်းပါပဲ။ ချစ်သူလေးကို ပန်းပေးတာဟာ ချစ်မြတ်နိုးကြောင်း ၊ ဂရုစိုက်ကြောင်းကို ဖော်ပြနေတဲ့ လက္ခဏာတစ်ခုပါ။ ဒါကြောင့် ကိုယ့်ချစ်သူလေးကို ပျော်ရွှင်စေတယ်ဆိုရင် အနည်းဆုံးတစ်ကြိမ်တော့ ပန်းစည်းလက်ဆောင် ပေးသင့်ပါတယ်။

(၄) သီးသန့်အချိန်ပေးပါ

Photo : Men’s Health

နေ့ရက်တိုင်းမှာ ချစ်သူကောင်မလေးအတွက် သီးသန့်အချိန်တစ်ခု ပေးဖို့လည်းလိုပါတယ်။ ဒါဟာ သူမကို အလေးနက်တန်ဖိုးထားကြောင်းကို ဖော်ပြနေတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ မိန်းကလေးတိုင်းက ကိုယ့်ချစ်သူကောင်လေးဆီက သူမအတွက်သီးသန့်အချိန်ပေးခံရတာကို နှစ်သက်သဘောကျ ပျော်ရွှင်ကြပါတယ်။ ဘယ်လောက်ပဲ အလုပ်များနေပါစေ သူမနဲ့ ခဏတဖြုတ် ဖုန်းပြောတာ ၊ ဗီဒီယို Call ခေါ်ပြီးစကားပြောတာမျိုး လုပ်ပေးပါ။ အားလပ်ရက်တွေမှာ သူမနဲ့အတူတူ နှစ်ယောက်တည်း အချိန်ဖြုန်းတာ ၊ ကြည်နူးပျော်ရွှင်စရာ အမှတ်တရလေးတွေ ဖန်တီးပေးတာမျိုး လုပ်သင့်ပါတယ်။

Featured Photo : Men’s Health