တကယ်ချစ်တဲ့ စုံတွဲတိုင်း မကြာခဏ ရန်ဖြစ်လေ့ရှိတယ်လို့ ပြောကြပါတယ်။ ချစ်သူတွေကြားမှာ ရန်ဖြစ်တဲ့ ကိစ္စဟာ အထူးအဆန်းတစ်ခုတော့ မဟုတ်ပါဘူး။ ချစ်တဲ့ စိတ်ကြောင့် ရန်ဖြစ်ကြသလို နာလည်မှု လွဲမှားတဲ့ ကိစ္စအသေးအဖွဲလေးတွေကြောင့်လည်း ရန်ဖြစ်ရကြပါတယ်။ ဘာကြောင့်ပဲ ဖြစ်ဖြစ် ချစ်သူနှစ်ဦး ရန်ဖြစ်စကားများကြပြီဆိုရင် ပြေလည်အောင် ဖြေရှင်းနိုင်ဖို့က အဓိကကျတယ် မဟုတ်လား။ ရန်ဖြစ်ချိန်မှာ အညိုးအတေးတွေနဲ့ နာနာကျင်ကျင် တေးမှတ်ထားမယ့်အစား ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဘဝလေးက ပိုပြီးပျော်စရာကောင်းပါတယ်။ ဒီတစ်ခေါက်မှာတော့ မကြာမကြာ ရန်ဖြစ်နေရပါတယ်ဆိုတဲ့ ချစ်သူ စုံတွဲတွေအတွက် ရန်ဖြစ်ချိန် တွေ လျော့သွားအောင် ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းတချို့ကို ပြောပြပေးချင်ပါတယ်။
(၁) ဖြေရှင်းပါ

Photo : Zulily Blog
ပြဿနာတစ်ခု ပြေလည်ဖို့ဆိုရင် ဖြေရှင်းမှ ရမှာပါ။ ဘယ်လောက်ပဲ အသေးအမွှား ပြဿနာလေးတွေ ဆိုစေဦးတော့ ပြဿနာတွေကို မဖြေရှင်းပဲ ကျော်ချသွားရင် တစ်ချိန်မှာ ပြဿနာ အကြီးကြီးတစ်ခုဖြစ်လာဖို့ အစပျိုးနေတာလို့ ပြောနိုင်ပါတယ်။ ဒါကြောင့် ဖြေရှင်းလို့ရတဲ့အချိန်မှာ ပြဿနာတွေကို ဖြေရှင်းထားပါ။ ရန်ဖြစ်စကားများကြပြီဆိုရင် ဖြစ်တဲ့အကြောင်းအရင်း ပေါ်မူတည်ပြီး နှစ်ယောက်လုံး စိတ်ရှင်းတဲ့အထိ ပြေလည်အောင် ဖြေရှင်းဖို့ အကြံပြုချင်ပါတယ်။
(၂) ညှိနှိုင်းဆွေးနွေးပါ
Photo : VistaCreate
သမီးရည်းစား ဆက်ဆံရေးမှ မဟုတ်ပါဘူး မိသားစု ဆက်ဆံရေး ၊ သူငယ်ချင်းတွေကြားက ဆက်ဆံရေးတွေမှာလည်း တစ်ခါတစ်လေ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ရပါတယ်။ နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့ အချစ်ခရီးလမ်းကို လျောက်လှမ်းနိုင်ဖို့ဆိုရင် ညှိနှိုင်းမှုရှိဖို့က အရမ်းကိုအရေးကြီးပါတယ်။ အဆင်မပြေတာတွေရှိလာတဲ့အခါ တစ်ကိုယ်ကောင်းမဆန်ပဲ သူ့ဘက် ကိုယ့်ဘက် နှစ်ဦးနှစ်ဖက်စလုံးကို ကြည့်ပြီး ညှိနှိုင်းဆွေးနွေးရမှာပါ။ ဒီလိုလုပ်တာဟာ ချစ်သူ နှစ်ဦးကြား ရန်ဖြစ်ချိန် တွေလျော့နည်းစေပြီး နားလည်မှု ပိုမိုရရှိစေမှာ ဖြစ်ပါတယ်။
(၃) အပြန်အလှန် ပြစ်တင်တာမျိုး ရှောင်ပါ

Photo : Blog OZONEE
ပြဿနာတွေ ဖြစ်လာတဲ့အခါ ကိုယ်လွတ်ရုန်းဖို့ ဘယ်တော့မှ မစဉ်းစားသင့်ပါဘူး။ သူ့ကြောင့် ကိုယ့်ကြောင့်ဆိုတာမျိုး အပြန်အလှန် လက်ညှိးထိုး အပြစ်ပုံချနေတာဟာ ပြဿနာတစ်ခုကို ပြေလည်သွားဖို့ထက် ပြဿနာပိုကြီးလာဖို့ပဲ ရှိပါတယ်။ အမှားလုပ်တဲ့သူက အမှားအတွက် တာဝန်ယူပါ။ တစ်ဖက်လူကလည်း နားလည်မှုရှိရှိ ခွင့်လွှတ်ပေးတက်ရပါမယ်။ ဒါမှလည်း ပြဿနာတစ်ခု ဖြစ်လာချိန်မှာ အကောင်းဆုံး ရလဒ်အဖြေတစ်ခု ထွက်လာမှာပါ။
(၄) ပွင့်ပွင့်လင်းလင်း ပြောဆိုပါ

Photo : One Medical
ချစ်သူ နှစ်ဦးဟာ ဘယ်လောက်ပဲ နှလုံးသားချင်း စည်းချက်ညီပါတယ်ပြောပြော အပြန်အလှန် အဆင်မပြေတဲ့ အချက်တွေ ၊ ထုတ်မပြောပဲ ကျော်ချသွားလိုက်ရတဲ့ ကိစ္စတွေဆိုတာ တစ်ကြိမ် တစ်ခါတော့ ရှိတက်ကြပါတယ်။ တကယ်တော့ ချစ်သူနှစ်ဦးကြားက ပွင့်လင်းမှုဟာ Relationship တစ်ခုရဲ့ ဆက်ဆံရေးကို အများကြီး ပြောင်းလဲစေပါတယ်။ ဘယ်လိုအရာတွေက ကိုယ်နဲ့ အဆင်မပြေဘူး ၊ ဘယ်အချက်တွေကိုတော့ ရှောင်ကြဉ်ရမယ်/ နားလည်ခွင့်ပြုပေးရမယ်ဆိုတာတွေကို ပွင့်လင်းစွာ ပြောဆိုထားမယ်ဆိုရင် ပြဿနာနည်းပြီး ပျော်ရွှင်ရတဲ့ အချစ်ရေးကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
Photo : Brick Underground

