ကိုယ်က လိုက်ပိုးပန်းမယ်လို့ ချိန်လိုက်ရုံရှိသေး သူများနောက် ကောက်ကောက်ပါသွားလို့ စိတ်ညစ်နေပါသလား။ ချိန်ပါ အဖြစ်ကနေ လွတ် မြောက်ချင်တဲ့ ကွီးတို့အတွက် နည်းလမ်းကောင်းများ ဝေမျှပေးချင်ပါတယ်။
သူ့ကို စိတ်ဝင်စားကြောင်း ပြသပါ
သူ့ကို ကိုယ်က စိတ်ဝင်စားနေကြောင်း ပြသပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် သူ(မ)က သိရှိမှာဖြစ်ပါတယ်။ ကိုယ့်ဘက်က စိတ်ဝင်စားကြောင်း မပြသဘဲနဲ့တော့ သူ(မ)ဘက်က အလိုလို သိလာလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ ကိုယ့်ဘက်က စိတ်ဝင်စားကြောင်း ပြသပေးနိုင်တဲ့ နည်းလမ်းတွေကလည်း အများကြီးပဲရှိပါတယ်။ အမူအရာနဲ့ပဲ ပြမလား၊ မျက်လုံးချင်းဆုံပြီး စိတ်ဝင်စားကြောင်း ပြသမလား။ ကွီးတို့ကြိုက်တဲ့ နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။
ပထမဆုံး ချိန်းတွေ့ဖို့ကို ကိုယ့်ဘက်က အရင်စပြောပါ
ကိုယ့်ဘက်က စိတ်ဝင်စားကြောင်း ပြသပြီးတဲ့နောက်မှာ ရင်းနှီးကျွမ်းဝင်မှုရှိအောင် ကြိုးစားပါ။ အွန်လိုင်းပေါ်ကနေပဲ ရင်းနှီးမှုကို အစပြုမလား။ အပြင်ကနေ လူချင်းရင်းနှီးအောင် ကြိုးစားမလား။ ကွီးတို့ ကြိုက်တဲ့ နည်းလမ်းနဲ့ ရင်းနှီးကျွမ်းဝင်အောင် ကြိုးစားနိုင်ပါတယ်။ ရင်းနှီးမှု ရလာပြီဆိုရင်တော့ ပထမဦးဆုံး ဒိတ်ဖို့ကို ကိုယ့်ဘက်က စပြောဖို့ လိုအပ်ပါလိမ့်မယ်။
သူ(မ)နဲ့ အတူတူ အချိန်ကုန်ဆုံးပါ
ပထမဆုံးအကြိမ် ဒိတ်လုပ်တာ အဆင်ပြေ မပြေကို ကွီးတို့ကိုယ်တိုင် အကဲခတ်ပါ။ အဆင်ပြေတယ်ဆိုရင်တော့ နောက်ထပ် ထပ်မံချိန်းတွေ့ဖို့ကို ကိုယ့်ဘက်က ကမ်းလှမ်းနိုင်ပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း သူ(မ)နဲ့အတူတူ အချိန်ကုန်ဆုံးသင့်ပါတယ်။
သူ(မ) ပြောတာတွေကို နားထောင်ပါ
သူ(မ) စိတ်ညစ်တဲ့အခါမျိုး၊ ရင်ဖွင့်ချင်တဲ့ အချိန်မျိုးမှာ ကိုယ့်ဘက်က အလေးအနက်ထားပြီး နားထောင်သင့်ပါတယ်။ ပြီးစလွယ် နားထောင်တာမျိုး မဟုတ်ဘဲ၊ ဂရုတစိုက်နဲ့ ရင်ဘတ်ကြီးတစ်ခုလုံးဖြင့် နားထောင်ပေးရမှာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်းနဲ့ သံယောဇဥ် ငြိတွယ်ပြီး သံယောဇဥ်တွေ ခိုင်မာလာအောင် ကြိုးပမ်းနိုင်ပါတယ်။
သူ(မ) ဝါသနာပါတာတွေ သူ(မ) အကြိုက်တွေကို သိရှိအောင် ကြိုးစားပါ
သူ(မ) ကြိုက်တတ်တာတွေ မကြိုက်တတ်တာတွေကို သေသေချာချာ မှတ်သားထားပါ။ သူ(မ) အကြိုက်တွေကို သိထားနေရင်ပဲ တော်တော်လေးကို အကျိုးရှိနေပါပြီ။ ပြီးရင်တော့ သူ(မ) ကြိုက်တတ်တဲ့ အရာလေးတွေကို ဝယ်ပေးကာ သူ(မ)ရဲ့ နှလုံးသားကို တဖြည်းဖြည်း ကိုင်လှုပ်နိုင်ပါတယ်။
ကိုယ့်ရဲ့ ပုံစံအတိုင်း နေပါ
သူ(မ)က ဘယ်မင်းသား ပုံစံကို သဘောကျလို့ သူ့စတိုင်လ် ဖမ်းဦးမယ်၊ သူ လုပ်တဲ့အတိုင်း လိုက်လုပ်ဦးမယ် ဆိုတဲ့ စိတ်ကူးမျိုး ယောင်လို့တောင် မစဥ်းစားလိုက်ပါနဲ့။ ကိုယ့်ရဲ့ ပင်ကိုယ် စတိုင်လ်အတိုင်း နေမြဲအတိုင်း နေပါ။ သူများပုံစံအတိုင်း ဟန်ဆောင်နေရင်တောင် ကွီးတို့က ဘယ်နှရက်၊ ဘယ်နှလလောက် ဟန်ဆောင်နိုင်မှာလဲ။ ကိုယ့်ကို တကယ်ချစ်တဲ့သူကတော့ ကိုယ် ဘယ်လိုပုံစံအတိုင်းနေနေ ချစ်မြဲအတိုင်း ချစ်နေမှာပါပဲ။
ဒီနည်းလမ်းတွေနဲ့ ကြိုးစားရင်း ချိန်ပါ ဘဝကနေ အမြန်ဆုံး လွတ် မြောက်ပါစေကြောင်း ဆုတောင်းပေးလိုက်တယ်ဗျို့။
Source: Seventeen
Featured Image: Freepik