ဘောလုံးလောကရဲ့ ပရီးမီးယားလိဂ် ထိပ်သီး အသင်းကြီးတစ်ခု ဖြစ်တဲ့ ချဲလ်ဆီး အသင်း ရဲ့ သူဌေး ရုရှားဘီလျံနာ အေဗရာမိုဗစ်ချ်အတွက် ဖိအားတွေ ရုတ်တရပ် ကျရောက်လာပါတယ်။ အဲ့ဒါကတော့ ချဲလ်ဆီး ဘောလုံးအသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ချ်အနေနဲ့ အသင်းကြီးကြပ် အုပ်ချုပ်ရေးကို သူ့ပိုင် ပရဟိတဖောင်ဒေးရှင်းရဲ့ အုပ်ထိန်းသူတွေကို လွှဲပြောင်းလိုက်ရတာပဲ ဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာတော့ ကြားရတဲ့ သတင်းတွေထဲမှာ သူဌေးကြီးဟာ ချဲလ်ဆီး အသင်း ကို အပြီးတိုင် ရောင်းချဖို့ စဉ်းစားနေရပြီလို့ ဆိုပါတယ်။ ၂၀၀၃ ခုနှစ်က စလို့ အင်္ဂလန်ပရီးမီယားလိဂ် ချဲလ်ဆီး အသင်း ကို ဝယ်ယူခဲ့တဲ့ အေဗရာမိုဗစ်ချ်အနေနဲ့ နှစ်ပေါင်း ၂၀ ကြာ သူပျိုးထောင်ခဲ့တဲ့ အသင်းအပေါ် သံယောဇဉ် ခိုင်မြဲနေမှာ သံသယ ဖြစ်စရာ မရှိပါဘူး။

Conor McGregor
Photo : Yahoo News

အေဗရာမိုဗစ်ချ်ဟာ ချဲလ်ဆီးအသင်းကို ၂၀၀၃ ခုနှစ်က စတာလင်ပေါင် သန်း ၁၄၀ နဲ့ ဝယ်ယူခဲ့တာ ဖြစ်ပြီး ပေါင် ၃ ဘီလျံလောက် ပေးဝယ်မယ့် ဝယ်လက် ရှာနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ ဥရောပ နဲ့ ကမ္ဘာ့ချန်ပီယံအသင်းတစ်သင်းဖြစ်တဲ့ ချဲလ်ဆီးအသင်း ရောင်းမယ်ဆိုတဲ့ သတင်းတွေနဲ့အတူ ဝယ်ဖို့ စိတ်ဝင်စားနေတဲ့ သူဌေးကြီးတွေရဲ့ နာမည်လည်း ပါဝင်လာပါတယ်။

ဒီထဲမှာ အိုင်းရစ် ပရော်ဖက်ရှင်နယ် MMA လက်ဝှေ့သမားလည်း ဖြစ် UFC ဖယ်သာဝိတ်နဲ့ လိုက်ဝိတ်တန်း နှစ်ထပ်ကွမ်း ချန်ပီယံလည်း ဖြစ်တဲ့ ကော်နာ မက်ဂရီဂေါ်လည်း ပါဝင်တယ်လို့ Mirror သတင်းက ဖော်ပြပါတယ်။ ၂၀၂၁ ဇူလိုင် ၁၉ ရက်နေ့အထိ မှတ်တမ်းအရ UFC လိုက်ဝိတ်တန်းမှာ အဆင့် ၉ နေရာက ရှိတဲ့ ဒီ ဖိုက်တာဟာ Twitter လူမှုကွန်ရက်မှာ ချဲလ်ဆီးအသင်းကို ဝယ်နိုင်မလား စုံစမ်းချင်တယ်လို့ ရေးထားပါတယ်။

အရင်တစ်နှစ်လောက်ကလည်း မက်ဂရီဂေါ်ဟာ သူ့ရဲ့ Twitter Follower ၉ သန်းကို မန်ချက်စတာယူနိုက်တက်အသင်း ဝယ်ဖို့ စဉ်းစားနေကြောင်း ပြောခဲ့ဖူးသူ ဖြစ်ပါတယ်။ ခြေတစ်ဖက်ကျိုး ဒဏ်ရာကနေ နလန်ထကာစ ပွဲတွေနဲ့ ဝေးနေတဲ့ မက်ဂရီဂေါ်အနေနဲ့ ချဲလ်ဆီးအသင်းကို ဝယ်ဖို့ လေသံပစ်တာဟာ တကယ်တော့ ဖြစ်နိုင်ခြေမရှိသလောက် နည်းတဲ့ကိစ္စ ဖြစ်ပါတယ်။

UFC စတားဖြစ်ပြီး UFC ပရိုမိုးရှင်းသမိုင်းမှာ Pay-Per-View အခပေးကြည့်ပွဲတွေထဲက လူကြည့်အများဆုံး ၅ ပွဲမှာ ၄ ပွဲက မက်ဂရီဂေါ်ရဲ့ ပွဲတွေဆိုတာ ငြင်းမရပါဘူး။ ဖယ်သာဝိတ် ၊ လိုက်ဝိတ်တန်းတွေကနေ ထိုးသတ်ကြေး ဒေါ်လာသန်း ပေါင်းများစွာ ရတယ်ဆိုတာလည်း မှန်ပါတယ်။ မေဝဲလ်သာနဲ့ ၂၀၁၇ တုန်းက ပွဲမှာ ဒေါ်လာ သန်း ၁၀၀ ဝန်းကျင်လောက် ရပြီး သူထုတ်တဲ့ Proper 12 ဝီစကီအမှတ်တံဆိပ်ကနေ ငွေတွေလည်း ဝင်ပေမယ့် Celebritiy Net Worth ရဲ့ ဖော်ပြချက်အရ သူ့ရဲ့ အသားတင် ချမ်းသာမှုဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ ယူရိုသန်း ၁၇၀ ပဲ ရှိနေတာ ဖြစ်ပါတယ်။

Forbes မဂ္ဂဇင်းရဲ့ အဆိုအရ မက်ဂရီဂေါ်ဟာ လိုင်ယွန်နယ် မက်ဆီ နဲ့ ခရစ္စတီယာနို ရော်နယ်ဒိုတို့ထက် ပိုချမ်းသာပေမယ့် ချဲလ်ဆီးလို အသင်းကို တခြားဝယ်လက် ဘီလျံနာကြီးတွေနဲ့ ယှဉ်ဝယ်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောရမှာပါ။ လောလောဆယ် ချဲလ်ဆီးအသင်းကို ဝယ်ချင်တဲ့ အဖွဲ့အနည်းဆုံး ၃ ဖွဲ့ ထက်မနည်း ရှိနေတယ်လို့ ဆိုပါတယ်။

အေဗရာမိုဘစ်ချ် ရဲ့ လက်ထက်မှာ ချဲလ်ဆီး အသင်းကို ထိပ်သီးအသင်းကြီး ဖြစ်လာအောင် ရင်းနှီးမြှပ်နှံမှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး ဆုဖလားပေါင်းများစွာလည်း သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အေဗရာမိုဘစ်ချ် ပိုင်ဆိုင်မှုအောက်မှာ ချဲလ်ဆီးအသင်း ရဲ့ ထူးထူးခြားခြား အောင် မြင်မှုအနေနဲ့ ချန်ပီယံလိဂ် ဖလား ၂ ကြိမ် ၊ ပရီးမီးယားလိဂ် နဲ့ FA Cup ဖလား ငါးကြိမ်စီ အပြင် ယူရိုပါလိဂ် ၂ ကြိမ် နဲ့ လိဂ်ဖလား သုံးကြိမ်ပါ ရခဲ့တာ ဖြစ်ပါတယ်။

Roman Abramovich

Photo : BBC

ပြီးခဲ့တဲ့ ၂၀၂၁ ဩဂုတ်လထဲမှာ ချဲလ်ဆီးအသင်းဟာ Uefa Super Cup နဲ့ ဖေဖော်ဝါရီလထဲမှာ အသင်းရဲ့ ပထမဆုံး Club World Cup တို့ ရခဲ့ပါတယ်။ အသင်း အောင်မြင်ရေးအတွက် အေဗရာမိုဘစ်ချ်ဟာ မန်နေဂါ ၁၃ ယောက်အထိ ပြောင်းခဲ့သလို ပြောင်းရွှေ့ကြေး ဈေးကွက်မှာလည်း ပေါင် ၂ ဘီလျံကျော်အထိ သုံးစွဲခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးအမျိုးသမီးအသင်းလည်း အေဗရာမိုဘစ်ရဲ့ လက်အောက်မှာ အောင်မြင်မှုတွေ ရခဲ့ပြီး အမျိုးသမီးများ စူပါလိဂ် ဖလား ၄ ကြိမ် ၊ အမျိုးသမီးအသင်း FA Cup ဖလား သုံးကြိမ်နဲ့ ချန်ပီယံလိဂ် ဖိုင်နယ်အဆင့်တွေ တက်ရောက်နိုင်ခဲ့တဲ့ မှတ်တမ်းတွေ ရခဲ့ပါတယ်။ အသက် ၅၅ နှစ်အရွယ် ရုရှားဘီလျံနာ အေဗရာမိုဗစ်ချ်ဟာ အသားတင် ဒေါ်လာ ၁၂.၅ ဘီလျံခန့် ကြွယ်ဝပြီး ယူကေမှာလည်း ဒေါ်လာသန်းရာပေါင်းများစွာတန်တဲ့ အိမ်ခြံမြေ ပိုင်ဆိုင်မှုတွေ ရှိထားသူလည်း ဖြစ်ပါတယ်။

ရုရှားဘီလျံနာကြီးအနေနဲ့ ယူကေက ပိုင်ဆိုင်မှုတွေလည်း အောက်ဈေးနဲ့ ရောင်းချပြီး ဗြိတိန်မှာ စီးပွားရှာမှု ရပ်ဆိုင်းရဖို့ ရှိပါတယ်။ ဗြိတိန်အမတ်တွေရဲ့ ဝေဖန်မှု ခံနေရတဲ့ ရုရှားသူဌေး အေဗရာမိုဗစ်ချ်ကတော့ ချဲလ်ဆီးအသင်းကို ရောင်းချပြီး ယူကရိန်းစစ်ဘေးသင့် ပြည်သူတွေကို လှူဒါန်းသွားမယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

Featured Photo : Bloomberg