ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း အနည်းငယ်သာ ကျန်ရှိတော့တဲ့ ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗား ကတော့ ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာနိုင်ဖွယ် ရှိနေပါတယ်။

THIAGO SILVA

Photo : We Ain’t Got No History

ဘရာဇီးလ် လက်ရွေးစင်ကစားသမားဟာ ရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် လက်ရှိ စတန်းဖို့ဒ်ဘရစ်ချ်မှာ အဓိကအရေးပါတဲ့ ပရိသတ်အချစ်တော် ကစားသမားတစ်ဦးအဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ် ကစားသမားဟာ ချဲလ်ဆီးအသင်းနဲ့အတူ စတုတ္ထမြောက် ရာသီကို ဖြတ်သန်းနေတာဖြစ်ပြီး ဒီရာသီမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ် တစ်ပွဲသာ လွဲချော်ထားခဲ့ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာတော့ ဗဟိုခံစစ်ကစားသမားဟာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းနောက်ဆုံး ၆ လထဲကို ရောက်ရှိလာနေပြီဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်းထပ်တိုးမယ့် အရိပ်အယောင် မြင်တွေ့ရခြင်း မရှိသေးပါဘူး။

အင်္ဂါနေ့ညက မစ်ဒယ်ဘရော့ကို ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်ပြီးနောက် သီယာဂိုဆေးလ်ဗား က အနာဂတ်အစီအစဉ်တွေ မရှိသေးကြောင်း ပြောကြားခဲ့ပြီး တဆက်တည်းမှာပဲ ” ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုခံရတာ ဂုဏ်ယူစရာပါပဲ။ စတန်းဖို့ဒ်ဘရစ်ချ်မှာ ကစားရတဲ့အချိန်တိုင်း ကျွန်တော်ပျော်ရွှင် ရပါတယ်။ ဒါက မတူကွဲပြားတဲ့ ထူးခြားတဲ့ ခံစားချက်တစ်ခုပါ။ ပြီးတော့ ပွဲတစ်ပွဲကစားပြီးတိုင်း အဆုံးသတ်ခါနီးပြီဆိုတဲ့ ခံစားချက်ကို ကျွန်တော် သိပါတယ်။ ဒါက ကျွန်တော့်ကို အနည်းငယ်တော့ စိတ်မကောင်း ဖြစ်စေပါတယ်။ ဒါပေမယ့် ကွင်းထဲမှာ စွမ်းဆောင်ရည်ကောင်းတွေပြနိုင်ခဲ့လို့ ကျွန်တော် ပျော်ရွှင်မိပါတယ်။ ဒါက အရေးအကြီးဆုံးပါပဲ” လို့ ချဲလ်ဆီးအသင်းနဲ့ အနာဂတ်အကြောင်း အရိပ်အမြွက် ပြောခဲ့ပါတယ်။

THIAGO SILVA

Photo : Chelsea News

သီယာဂိုဆေးလ်ဗား ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ ပီအက်စ်ဂျီအသင်းကနေ ချဲလ်ဆီးကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ချဲလ်ဆီးအသင်းနဲ့ ပထမဆုံးရာသီမှာပဲ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သလို ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ချဲလ်ဆီးဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားဟာ ချဲလ်ဆီးကစားသမားဘဝတစ်လျှောက် အသင်းနဲ့အတူ ပွဲပေါင်း ၁၄၁ ပွဲကစားထားပြီး သွင်းဂိုး ၇ ဂိုး သွင်းယူထားပါတယ်။

ချဲလ်ဆီးအသင်းကတော့ မစ်ဒယ်ဘရော့ကို အနိုင်ရရှိပြီးနောက် ကာရာဘောင်ဖလား ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ကာ ဝင်ဘလေမှာ လီဗာပူး ဒါမှမဟုတ် ဖူလ်ဟမ်နဲ့ ရင်ဆိုင်ရတော့မှာပဲ ဖြစ်ပါတယ်။

THIAGO SILVA Featured Photo : talkSPORT