မန်ချက်စတာ ယူနိုက်တက်အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယား ဟာ အီးမေးလ်ကနေ တဆင့် ချက်ရှိုင်းယားက သူ့ရဲ့နေအိမ်ကို ဗုံးခွဲမယ်လို့ ခြိမ်းခြောက် ခံခဲ့ရပေမယ့် အသင်းကနေ ထွက်ရအောင်လုပ်လို့ ရမှာမဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။

အသက်၂၉ နှစ်အရွယ် မက်ဂွိုင်းယားဟာ သူရဲ့ လက်တွဲဖော် ဖန် ဟော်ကင်းစ်နဲ့ ကလေးနှစ်ယောက်နဲ့အတူ ချက်ရှိုင်းယားက နေအိမ်မှာ နေထိုင်လျက်ရှိပြီး အဆိုပါ ခြိမ်းခြောက်မှုဖြစ်စဉ်နဲ့ ပတ်သတ်လို့ ကြာသပတေးနေ့က သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ” ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း မက်ဂွိုင်းယား ရဲ့မိသားစုနေအိမ်ကို ဆိုးရွားတဲ့ ခြိမ်းခြောက်မှုတစ်ခု ရရှိခဲ့ပါတယ် ”

Photo : The Guardian

” သူ့မိသားစုနဲ့ သူ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေရဲ့ ဘေးကင်းလုံခြုံရေးက ဟယ်ရီ့အတွက် နံပါတ်တစ် ဦးစားပေးဆိုတာ သိသာပါတယ်။ သူက ဒီတစ်ပတ် ပိတ်ရက်မှာ ကစားရမယ့် ပွဲစဉ်အတွက် ပုံမှန်အတိုင်း ပြင်ဆင်နေပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။

ချက်ရှိုင်းယား ရဲတပ်ဖွဲ့ကလည်း ” ဘေးလွတ်ရာကို ပြောင်းရွှေ့ဖို့တော့ မလိုပေမယ့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ယနေ့မွန်းလွဲပိုင်းမှာ ခြံထဲမှာရော အနီးပတ်ဝန်းကျင်မှာပါ ဗုံးရှာတဲ့ခွေးနဲ့ ရှာဖွေစစ်ဆေးမှုတွေလုပ် ခဲ့ပါတယ် ၊ သံသယဖြစ်စရာ ပစ္စည်းတစ်စုံတစ်ရာတော့ မတွေ့ခဲ့ရပါဘူး” လို့ ပြောခဲ့ပါတယ်။

မက်ဂွိုင်းယားဟာ ယခုနှစ်ဘောလုံးရာသီမှာ ယူနိုက်တက်ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ဆက်တိုက်ရင်ဆိုင်နေရပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့က အန်ဖီးလ်မှာ လီဗာပူးကို ၄ – ၀ ဂိုးရလဒ်နဲ့အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် တစ်ရက်အကြာမှာ အခုလို ခြိမ်းခြောက်ခံခဲ့ရတာ ဖြစ်ပါတယ်။

သူနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုကတော့ အခုလိုမျိုး ခြိမ်းခြောက်မှုဟာ သူရဲဘောကြောင်တဲ့ ပရိသတ်တစ်ချို့က လုပ်တာလို့ မက်ဂွိုင်းယားက ယုံကြည်နေကြောင်း The Sun ကို ပြောခဲ့ပါတယ်။ ဆက်လက်ပြီး အဆိုပါ သတင်းရင်းမြစ်က ” ဟယ်ရီကို ဒီလိုခြိမ်းခြောက်မှုမျိုးနဲ့ မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာအောင် လုပ်လို့ရမှာ မဟုတ်ပါဘူး”

” သူ့ရဲ့နံပါတ်တစ် ဦးစားပေးက သူ့မိသားစု ဘေးကင်းလုံခြုံရေးပါ ၊ ဒါပေမယ့် အဲ့ဒါကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် သူ့မှာအင်အားရှိပါတယ် ၊ ဒီလိုခြိမ်းခြောက်တာဟာ သူရဲဘောကြောင်တဲ့ ပရိသတ်တစ်ချို့က လုပ်လိုက်ဟန်တူပါတယ်”


Photo : Manchester Evening News

” အဲ့ဒီလိုသာ သက်သေပြနိုင်ခဲ့မယ်ဆိုရင် သူတို့ဟာ ဒီလိုဂုဏ်သတင်းကြီးမားတဲ့ ဘောလုံးအသင်းတစ်သင်းရဲ့ နာမည်ကို အကြီးအကျယ် အရှက်တကွဲဖြစ်ရအောင် လုပ်နေတာပါ ၊ မက်ဂွိုင်းယား နဲ့ သူ့မိသားစုရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာတွေရှိလာခဲ့ပြီး ခြိမ်းခြောက်မှုတွေကြောင့် တုန်လှုပ်သွားစေခဲ့တယ် ” လို့ ပြောခဲ့ပါတယ်။

နည်းပြ ရာ့ဖ် ရန်းနစ်ခ်ရဲ့ မန်ချက်စတာ ယူနိုက်အသင်းဟာ စနေနေ့ညနေမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနဲ့ အမ်းမရိတ်စ်မှာ သွားရောက် ကစားရမှာ ဖြစ်ပြီး အသင်းရဲ့ ထိပ်ဆုံး ၄ သင်းစာရင်း ဝင်ရေးမျှော်မှန်းချက်ကို ဆက်လက်ရှင်သန်နိုင်ဖို့ ကြိုးပမ်းနေတာကြောင့် မက်ဂွိုင်းယားက အသင်းရဲ့ တစ်စိတ်တစ်ပိုင်း တစ်ခုအနေနဲ့ ဆက်လက်ပါဝင်ဖို့ မျှော်လင့်လျှက် ရှိနေပါတယ်။

Featured Photo : Daily Mail