စပိန်ဘီလူးကြီး ဘာစီလိုနာအသင်းကတော့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ရှ်ဖို့ဒ် ကို အငှားနဲ့ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာသွားခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ဟာ လွန်ခဲ့တဲ့ ၃၆ နှစ်ခန့် ၁၉၈၉ ခုနှစ်မှာ နူးကမ့်ကနေ ထွက်ခွာသွားခဲ့တဲ့ အင်္ဂလန်ဂန္ထဝင် ကစားသမားဟောင်းကြီး ဂယ်ရီလိုင်ကာနောက်ပိုင်း ကတ်တလန်ကလပ်အတွက် ပထမဆုံးကစားပေးမယ့် အင်္ဂလိပ်ကစားသမား ဖြစ်လာခဲ့ပါတယ်။

Marcus Rashford
Photo : Transfermarkt

အိုးထရက်ဖို့ဒ်မှာ နည်းပြ ရူဘင် အာမိုရင်လက်အောက် နေရာရဖို့ ရုန်းကန်ခဲ့ရတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာ အသင်းမှာတော့ ပုံမှန်ပွဲထွက်ကစားခွင့်ရဖို့အတွက် မျှော်လင့်ရပါတယ်။ စပိန်ဘီလူးကြီးတွေဟာ အင်္ဂလန်သားကို ရာသီကုန်မှာ အပြီးသတ်ခေါ်ယူခွင့် သဘောတူညီချက်ပါတဲ့ ၁ နှစ်သက်တမ်းရှိတဲ့ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ကတော့ စပိန်မြေကို ရောက်ရှိလာတာနဲ့ ပတ်သတ်ပြီး ” အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ ဒီအသင်းက လူတွေရဲ့ အိပ်မက်တွေကို လက်တွေ့ဖြစ်လာစေတဲ့ ကလပ်တစ်ခုလို့ ကျွန်တော် မြင်မိပါတယ်။ သူတို့ ဆုဖလားကြီးတွေ ကိုင်မြှောက်နိုင်ခဲ့ကြတယ်။ ဒီအသင်းရဲ့ရပ်တည်ချက်က ကျွန်တော့်အတွက် တကယ်ကို အဓိပ္ပါယ်အများကြီး ရှိပါတယ်”

” ကျွန်တော့်အတွက် အိမ်ဆိုတဲ့ နေရာတစ်ခုကို ပြန်ရောက်လိုက်ရသလို ခံစားရစေပါတယ်။ ဒီကိုလာခဲ့တာက ကျွန်တော့်ဘဝရဲ့ ကြီးမားတဲ့ ရွေးချယ်မှု တစ်ခုပါပဲ။ ဘာစီလိုနာအသင်းက ကျွန်တော့်အတွက် မိသားစုတစ်ခု ဖြစ်သလို ဒီအသင်းမှာက ကစားသမားတိုင်း သက်တောင့်သက်သာနဲ့ သူတို့ရဲ့ အရည်အချင်းတွေကို ပြသခွင့်ရနိုင်တဲ့ အကောင်းဆုံး နေရာတစ်ခုပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

Marcus Rashford

Photo : Goal.com

အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၆၂ ပွဲ ပါဝင်ကစားပေးထားတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ နည်းပြ သောမတ်စ်တူချယ်ရဲ့ စပိန်မြေမှာလည်း အကောင်းဆုံး စွမ်းဆောင်ရည်တွေနဲ့အတူ ဂျာမန်သားနည်းပြကြီးရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်မယ့် ခြေစွမ်းကောင်းတွေကို ပြသနိုင်ဖို့ မျှော်လင့်ရပါတယ်။ ရက်ရှ်ဖို့ဒ် ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အတွက် အင်္ဂလန်အသင်း လူစာရင်းမှာ ပါဝင်ခွင့် မရခဲ့ပေမယ့် ယခုအခါမှာတော့ နည်းပြဆောက်ဂိတ်ရဲ့ လက်ရွေးစင် ကစားသမားစာရင်းမှာ ပြန်လည်ရွေးချယ်ခံထားရပြီး အယ်လ်ဘေးနီးယားနှင့် လတ်ဗီးယားတို့နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ် ၂ ပွဲလုံးမှာ ပါဝင်ကစားခွင့် ရခဲ့ပါတယ်။

လက်ရှိမှာတော့ ရက်ရှ်ဖို့ဒ်ဟာ စပိန်ဘီလူးကြီး တွေနဲ့အတူ ရာသီကြိုလေ့ကျင့်ရေးတွေ စနေပြီဖြစ်ပြီး လာမယ့် ဇူလိုင် ၂၇ ရက်မှာ ဗစ်ဆဲလ်ကိုဘီနဲ့ ကစားရမယ့် ရာသီကြိုခြေစမ်းပွဲမှာ ပထမဆုံး ပွဲဦးထွက် ပွဲထွက်ခွင့်ရဖွယ် ရှိနေပါတယ်။

Source : Goal.com

Featured Photo : FC Barcelona