မန်ချက်စတာယူနိုက်တက် ကစားသမား ခရစ္စတီယာနို ရော်နယ်ဒို က သူ့ရဲ့ ချစ်သူ ဂျော်ဂျီနာ ရိုဒရီဂွက်ဇ် မွေးဖွားခဲ့တဲ့ မွေးကင်းစ အမြွှာကလေးငယ် နှစ်ဦးမှ တစ်ဦးသေဆုံးသွားခဲ့ကြောင်း ဝမ်းနည်းကြေကွဲဖွယ် ဖွင့်ဟလာခဲ့ပါတယ်။
Photo : talkSPORT
ခရစ္စတီယာ နိုရော်နယ်ဒိုနဲ့ ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်တို့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ အမြွှာကိုယ်ဝန် လွယ်ထားရကြောင်းကို ပရိသတ်တွေကို အသိပေး ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် တနင်္လာနေ့ ညနေပိုင်းမှာ ရော်နယ်ဒိုက ၎င်းရဲ့ အင်စတာဂရမ်လူမှုကွန်ယက် စာမျက်နှာမှာ သူတို့ရဲ့ အမြွှာကလေးနှစ်ဦးအနက် သားလေးဖြစ်သူ ဆုံးပါးသွားခဲ့ကြောင်း အတည်ပြုပေးခဲ့ပြီး သမီးငယ်လေးကိုတော့ ဘေးကင်းစွာ မွေးဖွားနိုင်ခဲ့တယ်လို့ ပြောကြားသွားခဲ့ပါတယ်။
” ကျွန်တော်တို့ရဲ့ သားငယ်လေး ဆုံးပါးသွားတယ်ဆိုတာကို အနက်ရှိုင်းဆုံး ဝမ်းနည်းကြေကွဲမှုတွေနဲ့ အသိပေးချင်ပါတယ် ၊ ဒီလိုဖြစ်ရပ်မျိုးဟာ မိဘတိုင်းအတွက် အကြီးမားဆုံး နာကျင်မှု တစ်ခုပါပဲ ၊ ကျွန်တော်တို့ရဲ့ သမီးငယ်လေး အသက်ရှင်နေခဲ့လို့သာ အခုချိန်မှာ ကျွန်တော်တို့နှစ်ဦးလုံးအတွက် ရှင်သန်ဖို့ ခွန်အားတွေဖြစ်စေခဲ့ပြီး မျှော်လင့်ချက်နဲ့ ပျော်ရွှင်မှုအချို့ကို ရစေခဲ့တာပါ ”
” ကျွမ်းကျင်မှုနဲ့ အတတ်နိုင်ဆုံး စောင့်ရှောက်ပေးခဲ့ကြတဲ့ ဆရာဝန်တွေနဲ့ သူနာပြုအားလုံးကို ကျေးဇူးတင်ချင်ပါတယ် ၊ သားငယ်လေးကို ဆုံးရှုံးခဲ့ရမှုအတွက် ကျွန်တော်တို့အားလုံး ကြေကွဲဝမ်းနည်းနေကြရပြီး အခုလို ခက်ခဲတဲ့အချိန်မျိုးမှာ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ ပတ်သတ်တဲ့ မေးခွန်းတွေ မမေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ် ၊ သားငယ်လေးရေ မင်းဟာ ငါတို့အတွက် နတ်သားလေး တစ်ပါးပါပဲ ၊ ငါတို့တွေ မင်းကို အမြဲတမ်း ချစ်သွားမှာပါ ” လို့ အင်စတာဂရမ်မှာ ရင်နင့်ဖွယ်ရေးသားခဲ့တာ ဖြစ်ပါတယ်။
Photo : The Sun
ပေါ်တူဂီသားရဲ့ ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်နဲ့ ပတ်သတ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ အသင်းဖော် ယူနိုက်တက် ကစားသမားတွေ ၊ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေကလည်း ထပ်တူဝမ်းနည်းရကြောင်း လူမှုကွန်ယက်ပေါ်မှာ ကြေညာချက်ကိုယ်စီ ထုတ်ပြန်ထားကြပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒိုဟာ ကလေး ၄ ဦးဖခင် ဖြစ်ထားပြီး လက်ရှိ ယူနိုက်တက် အကယ်ဒမီမှာ ကစားနေတဲ့ အသက် ၁၁ နှစ်အရွယ် အကြီးဆုံးသားဖြစ်သူ ဂျူနီယာ ရော်နယ်ဒို ၊ ၄ နှစ်အရွယ် အမြွှာသမီးလေး အီဗာနဲ့ သားလေး မက်တို ၊ ၃ နှစ်အရွယ် သမီးလေး အယ်လာနာတို့ကို ပိုင်ဆိုင်ထားပြီး အခုနောက်ဆုံးမွေးခဲ့တဲ့ သမီးငယ်လေးနဲ့ဆိုရင် ရော်နယ်ဒိုဟာ ကလေး ၅ ဦးဖခင်ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။
Featured Photo : Daily Mail