ကွီးတို့သည် ကိုယ့်ရဲ့ အသားအရေကို သေချာဂရုစိုက်တတ်သူတစ်ယောက်လား။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ အသားအရေက ကိုရီးယားမင်းသားလေးလို ကြည့်ကောင်းနေမှာ ပြေးကြည့်စရာတောင်မလိုဘဲ တွေးကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။ အသားအရေက အရေးအကြောင်းကင်းစင်ပြီး ငယ်ရွယ်နုပျိုနေမှသာလျှင် ကိုယ့်ရဲ့ စကီ ငယ်ငယ် ချောချောလေးနဲ့ တွဲသွားတွဲလာလုပ်တဲ့အခါ အဖေနဲ့သမီးလို အထင်မခံရမှာပါ။
ကွီးတို့လည်း စကီ ငယ်ငယ် ချောချော လေးတွေကို ရည်းစားတော်ချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ အသားအရေကို ဒီလိုနည်းလမ်းများနဲ့ ဂရုစိုက်ရပါမယ်။
အသားအရေကို ခြောက်သွေ့မနေအောင် ဂရုစိုက်ပါ
အသားအရေ စိုပြေနေဖို့ကတော့ အဓိကသော့ချက်ပါပဲ။ အသားအရေ ခြောက်သွေ့မနေဖို့အတွက် Moisturizer ခရင်မ်များ၊ ဂျယ်လ်များ လိမ်းကျံပေးသင့်ပါတယ်။ အသားအရေကို အတွင်းထဲအထိ အစိုဓာတ် ဖြည့်တင်းပေးတဲ့ Moisturizer ခရင်မ်များကို လိမ်းကျံပေးရမှာ ဖြစ်ပါတယ်။ ဒါမှသာ ကွီးတို့အသားအရေက နေ့ရက်တိုင်းမှာ နူးညံ့စိုပြေနေမှာပဲ ဖြစ်ပါတယ်။
ရေသောက်ဖို့ မမေ့ပါနဲ့
ကွီးတို့ ခန္ဓာကိုယ်ကို အပြင်ဘက် အသားအရေကိုသာ ရေဓာတ်ဖြည့်တင်းပေးရမှာ မဟုတ်ပါဘူး။ ခန္ဓာကိုယ် အတွင်းထဲထိလည်း ရေဓာတ် ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ ဒီလို ခန္ဓာကိုယ် အတွင်းထဲထိ ရေဓာတ်ဖြည့်တင်းဖို့ဆိုရင် ရေများများ သောက်ဖို့ လိုအပ်ပါတယ်။ ရေများများ သောက်ပေးမှ အသားအရေက ညစ်ထေးခြင်းမရှိဘဲ ကြည်လင်ပြီး ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ရေချည်းပဲ သောက်နေရတာ ငြီးငွေ့နေတယ်ဆိုရင်တော့ သစ်သီးဖျော်ရည်များ၊ ဟင်းသီးဟင်းရွက် ဖျော်ရည်များကို သောက်သုံးပေးနိုင်ပါတယ်။
အသားအရေကို အမြဲတမ်း စစ်ဆေးပါ
ကွီးတို့အသားအရေပေါ်မှာ အစက်အပြောက်အချို့တွေ့မယ်၊ မှည့်လိုအရာမျိုးလေးတွေက ရုတ်တရက် ပေါက်လာမယ်၊ ထိုအစက်အပြောက်များက ကွီးတို့ကို ယားယံစေတယ်၊ ဒါမှမဟုတ် သွေးထွက်နေတယ်ဆိုရင်တော့ ဘာမှ ထိုင်စောင့်မနေပါနဲ့တော့။ ဆရာဝန်ဆီသာ ချက်ချင်းပြေးလိုက်ပါ။ အမျိုးသားများသည် အသက် ၅၀ ကျော်လာတဲ့အခါ Melanoma ဓာတ်များ မြင့်မားလာတတ်ပြီး အရေပြားကင်ဆာ ဖြစ်ပွားနိုင်ခြေ များပါတယ်။ ရောဂါလက္ခဏာများကို စောစောစီးစီး သိထားမယ်ဆိုရင်တော့ အချိန်မှီ ကုသနိုင်မှာဖြစ်ပါတယ်။ တစ်ယောက်တည်း စစ်ဆေးပြီး၊ ဆရာဝန် ညွှန်ကြားချက်မပါဘဲ ဆေးဝါးများ သောက်သုံးခြင်းကိုလည်း ရှောင်ကြဥ်သင့်ပါတယ်။
နှုတ်ခမ်းမွှေး ရိတ်တဲ့အခါ၊ မုတ်ဆိတ်မွှေး ရိတ်တဲ့အခါ ဂရုစိုက်ပါ
အချို့ကွီးတို့ကတော့ Multi-Blade Razor များကို အသုံးပြုလေ့ရှိကြပါတယ်။ ဒါပေမဲ့ ကွီးတို့သည် မုတ်ဆိတ်မွှေးရိတ်ပြီးတာနဲ့ အဖုလေးများထခြင်း၊ Ingrown Hair များ ပေါက်ခြင်းတို့ကို ကြုံတွေ့ရပါက အသွားတစ်ဖက် (သို့) နှစ်ဖက်ပါသော Razor များကိုသာ အသုံးပြုသင့်ပါတယ်။ မုတ်ဆိတ်ရိတ်ပြီးသွားတဲ့အခါမှာလည်း ထိုနေရာတစ်ဝိုက်ကို ရေဓာတ်ဖြည့်တင်းပေးဖို့ မမေ့ပါနဲ့။ အမွှေးများ ရိတ်ဖို့အတွက် Moisturizer များ အသုံးပြုပြီးမှ ရိတ်ပါ။ ရိတ်တဲ့အခါမှာလည်း အမွှေးပေါက်တဲ့လားရာအတိုင်း ရိတ်ရမှာဖြစ်ပါတယ်။
အဆီဓာတ် အလွန်အကျွံ ပါဝင်သော အစားအစာများကို ရှောင်ကြဥ်ပါ
အချို့သော အာဟာရဓာတ်များသည် စားသုံးပြီးတာနဲ့ အသားအရေအတွက် ချက်ချင်းအကျိုးဖြစ်ထွန်းစေပါတယ်။ ဥပမာ ပရိုတင်းဓာတ်များ၊ ဗီတာမင်အေ၊ စီ၊ ကေနဲ့ ဇင့်ဓာတ်များသည် ပျက်စီးနေတဲ့အသားအရေများကို ပြန်လည် ပြုပြင်ပေးပါတယ်။ ဒါ့အပြင် ဟင်းသီးဟင်းရွက်ဆီမှရတဲ့ အိုမီဂါသရီးဖက်တိအက်ဆစ်သည်လည်းပဲ အသားအရေအတွက် ကောင်းကျိုးများ ပေးစွမ်းပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အဆီအဆိမ့်များ ရှိပါတယ်။ ထိုအဆီအဆိမ့်များကတော့ ကွီးတို့ကို အရေပြားကင်ဆာ ခံစားရအောင် တွန်းပို့နေတတ်တာကြောင့် အဆီအဆိမ့် လွန်ကဲသော အစားအစာများကို ရှောင်ကြဥ်သင့်ပါတယ်။
လုံလောက်စွာ အနားယူပါ
မျက်ကွင်းညိုခြင်း၊ မျက်အိတ်ဖောင်းခြင်းတို့မှ ကာကွယ်ဖို့ရန်အတွက် တစ်နေ့လျှင် ၇ နာရီမှ ၈ နာရီအထိ အိပ်စက်အနားယူသင့်ပါတယ်။ တကယ်လို့ ကွီးတို့ မျက်လုံးက ရောင်းရမ်းနေတယ်ဆိုရင်တော့ စတီးဇွန်း နှစ်ချောင်းကို ရေခဲသေတ္တာထဲတွင် မိနစ် ၃၀ ခန့် ထည့်ထားလိုက်ပါ။ ထို့နောက် မျက်လုံးပေါ်တွင် အုပ်ထားပေးလိုက်ပါ။ ဒီနည်းလမ်းကတော့ ရောင်ရမ်းခြင်းကို လျော့ချပေးနိုင်ပါတယ်။
စိတ်ဖိစီးမှုများကို သိမ်းမထားပါနဲ့
စိတ်ဖိစီးမှုများသည် အသားအရေပေါ်တွင် အရေးအကြောင်းများ ထလာအောင်၊ ပါးရေတွန်းလာအောင်၊ အိုမင်းရင့်ရော်မှု မြန်ဆန်လာစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုများကြောင့် အသားအရေ ယားယံခြင်း ဝေဒနာကိုလည်း ခံစားရတတ်ပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ စိတ်ဖိစီးမှုများကို သိမ်းမထားပါနဲ့။ ပေါ့ပေါ့ပါးပါးပဲ နေပါ။ ကိုယ့်အသားအရေကို ပုံမှန်အတိုင်း ဂရုစိုက်ပါ။
ဒီနည်းလမ်းတွေကို သိထားမယ်ဆိုရင်တော့ ကွီးတို့ အသားအရေက ကိုရီးယားမင်းသားလေးလို ကြည့်ကောင်းနေပြီး စကီလေးတွေလည်း ဝိုင်းဝိုင်းလည်နေမှာ အမှန်ပါပဲ။
Source: Pharmeasy
Featured Image: Freepik