ခေတ်အဆက်ဆက် ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာ ရရှိထားတာကတော့ War Movies တွေပါပဲ။ ပြင်ပလက်တွေ့ဘဝက စစ်ပွဲတွေကို ကြိုက်တဲ့လူ မရှိသလောက်ရှားပေမယ့် စစ်အကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်တွေကိုတော့ လူတော်တော်များများ ကြိုက်နှစ်ခြိုက်သဘောကျ ကြပါတယ်။ အချို့စစ်ရုပ်ရှင်ကားတွေဟာ သမိုင်းနောက်ခံဇာတ်ကြောင်းတွေ ၊ ဖြစ်ရပ်မှန်ကို ပြန်လည်မှီငြမ်း ရိုက်ကူးတင်ပြချက်တွေကြောင့် စာရေးသူတို့ မကြုံဖူးတဲ့ စစ်ပွဲဆိုင်ရာ အတွေ့အကြုံတွေ ၊ စစ်ကြောင့် ထိခိုက်နစ်နာပျက်စီးရတဲ့ ဘဝတွေနဲ့ ကြမ်းတမ်းရက်စက်တဲ့ သမိုင်းတစ်လျှောက်က စစ်ပွဲတွေအကြောင်းကို လေ့လာခွင့် ရရှိနိုင်တာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ စစ်ကား ကောင်းကောင်းမှ ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ချစ်သူ ကွီးတို့အတွက် အကောင်းဆုံး War Movies တွေထဲက အချို့ကို ရွေးချယ်တင်ဆက်ပေးချင်ပါတယ်။

(၁) Letters from Iwo Jima (2006)

Source : M K M Ishihara

Letters from Iwo Jima (2006) ဇာတ်ကားဟာ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်တပ်တွေ ဂျပန်တို့ရဲ့ အိုင်ဝိုဂျီမားကျွန်းကို တက်သိမ်းတဲ့ စစ်ပွဲအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အိုင်ဝိုဂျီမားကျွန်းစစ်ပွဲဟာ သမိုင်းတစ်လျှောက် အသေအပျောက် အရမ်းကို များခဲ့တဲ့ စစ်ပွဲတွေထဲက တစ်ခုဖြစ်သလို ခံစစ်ကို အကောင်းဆုံးပြင်ဆင်ပြီး ရန်သူ အမေရိကန်တပ်တွေကို ခုခံတဲ့ ဂျပန်အင်ပါယာတပ်တွေရဲ့ စစ်ရေးဗျူဟာတွေ ၊ စိတ်ပိုင်းရာ/ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်ပုံတွေ ၊ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ အမေရိကန်တပ်တွေကို ဘက်ပေါင်းစုံက ခုခံတွန်းလှန်တဲ့ ထူးခြားတဲ့ စစ်ရေးစွမ်းရည်တွေနဲ့ စစ်ပွဲအတွင်းက သေကြေပျက်စီးရတဲ့ ဘဝတွေ ၊ ရက်စက်ကြမ်းကြုပ်မှုတွေကို အကောင်းဆုံး ပုံဖော်ရိုက်ကူး ထားပါတယ်။ Letters from Iwo Jima (2006) ဇာတ်ကားကတော့ IMDb Rating 7.8/10 အထိ ရရှိထားပါတယ်။

(၂) The Hurt Locker (2008)

Source : Rotten Tomatoes Classic Trailers

လက်မလွှတ်တမ်းကြည့်ရမယ့် စစ်ကား တွေအကြောင်း ပြောတဲ့အခါ The Hurt Locker (2008) ဇာတ်ကားကလည်း မပါမဖြစ် ထည့်ပြောရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ မင်းသားကြီး Jeremy Renner ရဲ့ အထူး သရုပ်ဆောင်ချက်တွေနဲ့အတူ ကြည့်ရှုသူပရိသတ်တွေ ရင်တမမ ဖြစ်ရတဲ့ စိတ်လှုပ်ရှားဖွယ် ခံစားမှုရသကို ပေးစွမ်းမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အီရတ်ရှေ့တန်း စစ်မြေပြင်ပေါ်က အမေရိကန် ဗုံးရှင်းလင်းရေးအဖွဲ့ EOD အကြောင်းကို ဇာတ်လမ်းဇာတ်အိမ် တည်ထားပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းရေးဆရာ သတင်းထောက်တစ်ဖြစ်လဲ Mark Boal ကတော့ အီရတ်စစ်ပွဲတွေအတွင်းမှာ သူကိုယ်တိုင်သတင်းယူရင်း ကိုယ်တွေ့ကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာတွေကို ဇာတ်ညွှန်းထဲ ထည့်ရေးထားတာ ဖြစ်ပါတယ်။ The Hurt Locker (2008) ဇာတ်ကားကတော့ IMDb Rating 7.5/10 ရရှိထားပါတယ်။

(၃) Che (2008)

Source : ComingSoonFilm

ကမ္ဘာ့သမိုင်းမှာ ဘယ်အရာနဲ့ဖျက်ဖျက် မပြတ်နိုင်အောင်ကို ခိုင်မာမြဲမြံစွာ မှတ်ကျောက်တင်ခံထားရတဲ့ အမှန်တရားရဲ့ ဘက်တော်သား အာဂျင်တီးနားနိုင်ငံသား ဆရာဝန် ပျောက်ကျားစစ်သည်တော် တော်လှန်ရေး ရဲဘော်ကြီး အာနက်စတို ချေဂွေဗားရားကိုတော့ လူတိုင်းနီးပါး သိကြမယ် ထင်ပါတယ်။ ချေဂွေဗားရားကို ဆေးထိုးအပ်ကနေ သေနတ်ပြောင်းကိုင်သူ စစ်မှန်တဲ့ တော်လှန်ရေး သမားတစ်ယောက်လို့ သိကြပါတယ်။ Che (2008) ရုပ်ရှင်ဇာတ်ကားဟာ စစ်ကား ဆိုတာထက်ကို ပိုတဲ့ အနှစ်ကျဆုံး ရုပ်ရှင်ဖြစ်ပြီး ချေဂွေဗားရား အကြောင်းကို သိပြီးသူတွေရော မသိသေးတဲ့သူတွေပါ အနည်းဆုံး တစ်ခေါက်လောက် ကြည့်သင့်တဲ့ ရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။ Che: Part One နဲ့ Che: Part Two ဆိုပြီး ၂ ကား ထွက်ရှိထားပြီး IMDb Rating 7.1/10 ရရှိထားပါတယ်။

(၄) City of Life and Death (2009)

Source : TubeMovieTrailer

City of Life and Death (2009) ရုပ်ရှင် ဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ် မတိုင်ခင်ကာလ ၁၉၃၇ ခုနှစ် အပိုင်းအခြားအတွင်းက ဂျပန်နဲ့ တရုတ် စစ်ပွဲအတွင်းက သမိုင်းဆိုင်ရာ အဖြစ်အပျက်တွေကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ အဖြူအမဲ ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ ဂျပန်အင်ပါယာဟာ တရုတ်ရဲ့ မြို့တော် နန့်ကျင်းကို သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်းတွေနဲ့ တရုတ်လူမျိုး ပြည်သူတွေအပေါ် လူသတ်ပွဲကြီး ကျင်းပသလို ရက်စက်ကြမ်းကြုတ်မှု ပေါင်းများစွာနဲ့ သတ်ဖြတ်ခဲ့ပုံတွေကို ရိုက်ကူးသရုပ်ဖော်ထားပါတယ်။ ဒီဇာတ်ကားဟာ စိတ်ဝင်စားဖွယ်ရာ သမိုင်းဆိုင်ရာ နောက်ခံ အကြောင်းအရာတွေ ပါဝင်သလို စစ်ရဲ့ဆိုးပြစ်ဆိုးမွေတွေကို အပေါ်လွင်ဆုံး ပုံဖော်ထားတဲ့ စစ်ကား ကောင်းတစ်ကား ဖြစ်ပါတယ်။ City of Life and Death (2009)  ဇာတ်ကားကတော့ IMDb Rating 7.7/10 အထိ ရရှိထားပါတယ်။

Source : Vulture

Featured Photo : Facts.net