မကြာသေးမီက ရိုးမားအသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခံထားရတဲ့ စပယ်ရှယ်ဝမ်းကြီး ကတော့ ယခုသီတင်းပတ်အနှောင်းပိုင်းမှာ နာပိုလီအသင်းဥက္ကဋ္ဌ အူရီလီယို ဒီ လော်ရန်တီစ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး စီးရီးအေကို ပြန်လည်ရောက်ရှိဖို့ အလားအလာ များနေပါတယ်။

JOSE MOURINHO

Photo : CaughtOffside

The Times သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ ပေါ်တူဂီလူမျိုးနည်းပြကြီး ဟိုဆေးမော်ရင်ဟိုဟာ နာပိုလီအသင်းနည်းပြ ဝေါ်လ်တာ မာဇာရီရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး နာပိုလီရဲ့နည်းပြသစ်အဖြစ် တာဝန်ယူ ကိုင်တွယ်သွားဖွယ်ရှိနေတယ်လို့ ဆိုထားပါတယ်။

အသက် ၆၀ အရွယ် နည်းပြကြီး မော်ရင်ဟိုဟာ ရိုးမားအသင်းကို ကိုင်တွယ်ခဲ့စဉ် ဆိုးရွားတဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့ပြီး စူပါကိုပါအီတလီယာ ကွာတားဖိုင်နယ်မှာ လာဇီယိုအသင်းကို ရှုံးနိမ့်ခဲ့သလို စီးရီးအေမှာလည်း အေစီမီလန်အသင်းကို ဆက်တိုက်ရှုံးနိမ့်ခဲ့တဲ့နောက် နည်းပြရာထူးကနေ ထုတ်ပယ်ခြင်း ခံလိုက်ရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရိုးမားနည်းပြဟောင်း မော်ရင်ဟိုကို ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်နဲ့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်-ရှာဘက်အသင်းတို့ကလည်း ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ် ၊ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ စပယ်ရှယ်ဝမ်းကြီး ကတော့ အီတလီမှာပဲ ဆက်နေဖို့ကို စိတ်အားထက်သန်နေပြီး ရိုးမားအသင်းထက် ပိုကောင်းတဲ့ အသင်းတစ်သင်းကို ကိုင်တွယ်လိုကြောင်း The Times မှာ ထပ်မံဖော်ပြခဲ့ပါတယ်။

လက်ရှိ စီးရီးအေချန်ပီယံ နာပိုလီဟာ နည်းပြ လူစီယာနို စပယ်လက်တီ အသင်းကနေထွက်သွားခဲ့ပြီးနောက်ပိုင်းကတည်းက ပုံစံကောင်းကို ဆက်ထိန်းထားနိုင်ဖို့ ရုန်းကန်နေခဲ့ရပြီး အစားထိုးခန့်အပ်ခဲ့တဲ့ နည်းပြ ရူဒီဂါစီယာကလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ အသင်းကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

JOSE MOURINHO

Photo : Eurosport

အဲ့ဒီနောက်မှာ နာပိုလီအသင်းဟာ ကာလတိုစာချုပ်နဲ့ နည်းပြဝေါ်လ်တာ မာဇာရီကို ခန့်အပ်ခဲ့ပြီး ဝေါ်လ်တာ မာဇာရီ လက်အောက် ပြိုင်ပွဲစုံ ၁၁ ပွဲမှာ ၄ ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။ နာပိုလီအသင်းနဲ့ စပယ်ရှယ်ဝမ်းကြီး တို့ ချိတ်ဆက်နေတဲ့ သတင်းတွေကိုတော့ အပြောင်းအရွေ့ ကျွမ်းကျင်သူ အီတလီ ဂျာနယ်လစ်ဖြစ်တဲ့ ဖာဘရီဇီယို ရိုမန်နိုက ငြင်းဆိုထားပြီး “ သတင်းတွေထွက်နေပေမယ့် မော်ရင်ဟိုက အီတလီစည်းမျဉ်းတွေကြောင့် ဒီရာသီမှာ နာပိုလီနည်းပြ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီဇာတ်လမ်းတွေ ဘာမှမရှိနိုင်ပါဘူး ”

“ ဘာတွေဖြစ်မလဲဆိုတာတော့ အခုနွေရာသီမှာ ကျွန်တော်တို့ မြင်တွေ့ရမှာပါ။ သွားရမယ့် ခရီးက ရှည်နေသေးပြီး နာပိုလီကလည်း သူတို့ရဲ့ နည်းပြသစ်အတွက် အခုထိဘာမှမဆုံးဖြတ် ရသေးပါဘူး။ နာပိုလီအတွက် ရွေးချယ်ဖို့ အချိန်ယူရမှာဖြစ်သလို မော်ရင်ဟိုလည်း အလျင်စလိုမလုပ်ပဲ သူ့ရဲ့နောက်ထပ်ခြေလှမ်းအတွက် ဆုံးဖြတ်ဖို့ အချိန်ယူရပါလိမ့်မယ်။” လို့ ပြောကြားခဲ့ပါတယ်။

Featured Photo : The Times