သင်္ကြန်အားလပ်ရက်ကို အိမ်မှာပဲ ဖြတ်သန်းမယ်လို့ ဆုံးဖြတ်ထားတဲ့ ကွီးတို့အတွက် အမိုက်စား ဆော့လို့ကောင်းမယ့် ဂိမ်းလေးတွေကို ညွှန်းပေးချင်ပါတယ်။ စွန့်စွန့်စားစား စိတ်လှုပ်ရှားစရာ ဂိမ်းတွေကြိုက်နှစ်သက်တဲ့ ကွီးတို့ကတော့ အခုပြောပြမယ့် Adventure ဂိမ်းလေးတွေနဲ့အတူ အားလပ်ရက်မှာ စမတ်ဖုန်း ပေါ်ကနေ စွန့်စားခန်း တွေ တဝကြီး ဖွင့်နိုင်ပါပြီ။

(၁) Swordigo

 

Source : touchfoo

Swordigo ကတော့ ၂၀၁၂ ခုနှစ်ထဲက ထွက်ခဲ့တဲ့ 2D အက်ရှင် – စွန့်စားခန်း ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဂိမ်းပုံစံလေးက အရမ်းကိုရိုးရှင်းလွယ်ကူပြီး ပေါ့ပေါ့ပါးပါးနဲ့ စိတ်လက်အပန်းပြေစေမယ့် ပျော်စရာဂိမ်းလေးပါ။ လွယ်ကူရိုးရှင်းတဲ့ ဂိမ်း Controls တွေကို အသုံးပြုပြီး တစ်နေရာကနေ တစ်နေရာ ရွေ့လျားသွားလာနိုင်ပါတယ်။ စူးစမ်းရှာဖွေမှုတွေနဲ့ စွန့်စွန့်စားစား ဆော့ကစားရမှာ ဖြစ်ပြီး ခေတ်ဟောင်းအငွေ့အသက်တွေကိုလည်း ပေးထားပါတယ်။ ဒီဂိမ်းက Free to play ဆော့ကစားနိုင်မှာပဲ ဖြစ်ပါတယ်။

(၂) Crashlands

Source : Butterscotch Shenanigans

၂၀၁၆ ခုနှစ်ဝန်းကျင်က အကောင်းဆုံး စွန့်စားခန်း ဂိမ်းတွေထဲမှာ Crashlands ကတစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ Players တွေအနေနဲ့ Flux လို့ခေါ်တဲ့ အာကာသယာဉ်မှူးနေရာကနေ ကစားရမှာ ဖြစ်ပြီး ဂြိုလ်တစ်ခုပေါ်ကို ယာဉ်ပျက်ကျတဲ့ ပုံစံနဲ့ ဂိမ်းကို စတင်ထားပါတယ်။ ဂိမ်းဇာတ်ကောင်ရဲ့အဓိကအလုပ်ကတော့ ကိုယ့်ကိုယ်ကိုယ် ပြန်တည်ဆောက်ပြီး လူဆိုးတွေနဲ့ တိုက်ခိုက်ကာ ကမ္ဘာကြီးကို ကယ်တင်ရမှာ ဖြစ်ပါတယ်။ မိုလ်ဘိုင်းရော PC နှစ်မျိုးလုံးမှာ ကစားနိုင်မှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ၅ ဒေါ်လာဝန်းကျင်လောက် ကျသင့်မှာဖြစ်ပါတယ်။

(၃) Square Enix ဂိမ်းများ

Source : SQUARE ENIX

Square Enix ကဖန်တီးတဲ့ မိုလ်ဘိုင်းဂိမ်းတွေထဲမှာ တော်တော်ကို မိုက်တဲ့ စွန့်စားခန်း ဂိမ်းတွေ အများကြီးရှိပါတယ်။ ဥပမာအနေနဲ့ပြောရရင် Adventures of Mana ၊ Secret of Mana ၊ Life is Strange ၊ Final Fantasy: Brave Exvius ၊ Dragon Quest ၊ The World Ends With You ၊ Final Fantasy XV: Pocket Edition အပါအဝင် နောက်ထပ်အမိုက်စား စွန့်စားခန့်ဂိမ်းတွေ အများကြီးကျန်ပါသေးတယ်။ ဒီဂိမ်းတွေထဲမှာ RPG ၊ Puzzle ၊ Slice of Life နဲ့ Hack-and-slash အမျိုးအစားတွေ များစွာပါဝင်ပါတယ်။ Tomb Raider နဲ့ Life is Strange ဂိမ်းတွေကို Google Play ကနေ အလွယ်တကူ ဒေါင်းလုခ်ဆွဲကစားနိုင်ပါတယ်။ စွန့်စွန့်စားစား Adventure ဂိမ်းတွေကြိုက်ရင်တော့ အထက်ဖော်ပြပါ Square Enix ဂိမ်းတွေ ကစားကြည့်ဖို့ ညွှန်းပေးချင်ပါတယ်။

(၄) WitchSpring4

 

Source : KIWIWALKS

WitchSpring ဂိမ်းကတော့ စွန့်စားခန်းဂိမ်းတစ်ခု ဆိုတာထက်ကို ပိုပါတယ်။ Players တွေက ကုန်းမြေကြီးတစ်ခုလုံးကို အုပ်စိုးတဲ့ စုန်းမတစ်ယောက်နေရာက ကစားရမှာပါ။ ကမ္ဘာကို စူးစမ်းရှာဖွေပြီး ဇာတ်ကောင်မျိုးစုံနဲ့ တွေ့ဆုံကာ မတူညီတဲ့ အရာတွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ တကယ်တော့ WitchSpring စီးရီးမှာ ဂိမ်းလေးခု ရှိပါတယ်။ ပထမဂိမ်းနှစ်ခုက ဇာတ်လမ်းအတူတူဖြစ်ပေမယ့် မတူညီတဲ့ ရှုထောင့်ကနေ ပြောပြနေတာဖြစ်ပြီး တတိယနဲ့ စတုတ္ထဂိမ်းတွေကတော့ အခြားဂိမ်းတွေမလိုအပ်ဘဲ ဆော့ကစားနိုင်မယ့် သီးခြားဂိမ်းတွေ ဖြစ်ပါတယ်။ ဂိမ်းတစ်ခုစီအတွက် ၃ ဒေါ်လာကနေ ၅ ဒေါ်လာဝန်းကျင် ကျသင့်မှာဖြစ်ပြီး တော်တော်လေး ဆော့လို့ကောင်းတဲ့ စွန့်စားခန်း ဂိမ်းအဖြစ် နာမည် ကြီးပါတယ်။

Featured Photo : Wealth of Geeks