ငယ်ရွယ်ကျန်းမာတဲ့ အချိန်မှာ အမျိုးသားများအနေနဲ့ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုမှာ တတ်ကြွတာ ပုံမှန်ပါပဲ။ သို့သော်လည်း တန်ဆေး လွန်ဘေး ဆိုတဲ့ အတိုင်း ဘယ်အရာမှ လွန်လွန်ကျွံကျွံ မဖြစ်သင့်ပါဘူး။ အခုအချိန်မှာတော့ သင့်လျော်သော လိင်ဆက်ဆံမှု အကြိမ်ရေအတွက် ကိန်းဂဏန်း အတိအကျ လေ့လာမှုများ မရှိသေးသော်လည်း အလွန်အကျွံ လိင်ဆက်ဆံမှုက ဇီဝကမ္မဆိုင်ရာ ကမောက်ကမဖြစ်မှု၊ ပင်ပန်းနွမ်းနယ်မှု၊ လိင်ဆက်ဆံစဉ် နာကျင်ခြင်းစသဖြင့် လက္ခဏာများ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ပါတိုင်း အလိုမလိုက်မိဖို့ လိုပါတယ်။
အလွန်အကျွံ လိင်ဆက်ဆံခြင်းက အမျိုးသားများရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှု
Photo : The Nanmal
အမျိုးသားများက လိင်ပိုင်းဆိုင်ရာမှာ ပိုမိုတတ်ကြွလေ့ရှိတတ်ကြပါတယ်။ ဒါက ပုံမှန်ပါတယ်။ သို့သော်လည်း စိတ်ကို အလိုလိုက်ပြီး စိတ်ပါတိုင်း လိင်ဆက်ဆံမှုကို အလွန်အကျွံလုပ်မိတဲ့ အခါမှာ နှလုံးခုန်မြန်ခြင်း၊ ကြွက်သားများ အဆက်မပြတ်လှုပ်ရှားခြင်းတို့ကြောင့် ခွန်အားများ ဆုံးရှုံးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုကို မကြာခဏ ခံစားရတတ်ပါတယ်။ ဒီလို အလွန်အကျွံ လိင်ဆက်ဆံခြင်းကြောင့် ပင်ပန်းနွမ်းနယ်မှုကို ခံစားရခြင်းက ရေရှည်မှာ နှလုံးသွေးကြောစနစ်၊ ကျောက်ကပ်လုပ်ငန်းဆောင်တာများ၊ လိင်အင်္ဂါချို့ယွင်းမှု၊ အချိန်မတိုင်မီ သုတ်လွှတ်ခြင်း၊ ဆီးကျိတ်ရောင်ခြင်းနှင့် အခြားရောဂါများကို ဖြစ်စေနိုင်ပါတယ်။ လုံခြုံသော လိင်ဆက်ဆံမှုမရှိခဲ့ရင်လည်း လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ ဖြစ်နိုင်ခြေများပါတယ်။ ဒါ့အပြင် အကြိမ်ရေ မြောက်များစွာ လိင်ဆက်ဆံခြင်းက နောက်ပိုင်းမှာ လိင်ပိုင်းဆိုင်ရာ စိတ်ဆန္ဒကို လျော့ကျလာစေပါတယ်။ ဒါက အိမ်ထောင်ရေးမှာဆိုရင် အချိန်ကြာလာတဲ့အမျှ နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် နှစ်လိုဖွယ် နည်းသွားစေနိုင်သလို၊ လိင်ဆက်ဆံမှုအပေါ် ဂရုမစိုက်တော့တဲ့ အခြေအနေ ဖြစ်သွားနိုင်ပါတယ်။ ဒါက ရေရှည်မှာ ဆက်ဆံရေးကိုပါ ထိခိုက်လာစေပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်သော လိင်ဆက်ဆံမှု အကြိမ်ရေ
Photo : USA Today
အပေါ်မှာ ဖော်ပြထားသလိုပါပဲ၊ သင့်လျော်သော လိင်ဆက်ဆံမှု အကြိမ်ရေကို အတိအကျ ဖော်ပြထားတာမျိုး မရှိသေးပါဘူး။ ။ လူတစ်ဦးချင်းရဲ့ အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေကဲ့သို့သော ကွဲပြားသောအချက်များစွာပေါ် မူတည်ပြီး လိင်ဆက်ဆံမှုအကြိမ်ရေလည်း ကွဲပြားသွားနိုင်ပါတယ်။ အကြံပြုချက်အချို့အရ အသက်အရွယ်အလိုက် သင့်တော်တဲ့ လိင်ပိုင်းဆိုင်ရာ အကြိမ်ရေကတော့ အသက် ၂၀ မှ ၂၅ ဆိုရင် တစ်ပတ်လျှင် ၃ ကြိမ်ခန့်၊ အသက် ၃၀ မှ ၅၀ ထိ တစ်ပတ်လျှင် ၂ ကြိမ်ခန့်၊ အသက် ၅၀ ကျော်ပါက တစ်ပတ်လျှင် ၁ ကြိမ်ခန့် လို့ဆိုပါတယ်။ သို့သော်လည်း လိင်ဆက်ဆံမှု အကြိမ်ရေကို မိမိရဲ့ ခန္ဓာကိုယ် အခြေအနေ၊ ကျန်းမာရေး စသည်တို့နဲ့ ချိန်ဆပြီး ထိန်းညှိနိုင်ပါတယ်။ အချို့သော အခြေအနေများမှာ ကျန်းမာရေးအတွက် လိင်ဆက်ဆံမှုကို ရှောင်ဖို့ လိုပါတယ်။ ဥပမာအားဖြင့် ဖျားနာနေသူများ၊ ကျန်းမာရေးအားနည်းသူများ၊ သွေးပေါင်ချိန်၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ကုသမှုခံယူနေရသူများ ခွဲစိတ်မှုမှ ပြန်လည်ကောင်းမွန်လာသူများ တို့ပဲ ဖြစ်ပါတယ်။
ကွီးတို့ရေ စိတ်ပါတိုင်း အလိုမလိုက်မိစေဘဲ ကျန်းမာပျော်ရွှင် သာယာသော လိင်မှုဘဝကို ရယူလိုက်ပါ။ ရေရှည် ကျန်းမာရေးအတွက်လည်း အထောက်အကူပြုစေပါတယ်။
Source : Vinmec
Featured Photo : USA Today