လူတစ်ယောက်ရဲ့ ဘဝမှာ စိတ်ပိုင်းဆိုင်ရာဟာ တကယ်ကို အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ စိတ်ဟာ အရာရာပါ။ “စိတ်ထောင်း ကိုယ်ကြေ” ဆိုတဲ့ စကားကို ကွီးတို့ ကြားဖူးကြမှာပါ။ စိတ်ကြောင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေများအပေါ်မှာ များစွာ သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် လူသားတစ်ယောက်အတွက် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာနေဖို့ လိုပါတယ်။ သို့သော်လည်း ကျင်လည်ရတဲ့ လူ့အဖွဲ့အစည်း၊ ပတ်ဝန်းကျင် အခြေအနေများကြောင့် စိတ်ဖိစီးမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု တွေကို လူတစ်ယောက်အတွက် အနည်းနဲ့ အများခံစားရနိုင်ပါတယ်။

စိတ်ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုဆိုတာ ဘာပါလဲ။

စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု

Photo : Healthline

စိတ်ပင်ပန်းနွမ်းနယ်မှုဆိုတာကတော့ အလွန်ပင်ပန်းနွမ်းနယ်သော ခံစားမှုတစ်ခုဖြစ်ပြီး ဂရုမစိုက်ခြင်း၊ ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် စိတ်တိုခြင်း၊ ဒေါသထွက်ခြင်း အပါအဝင် အခြားခံစားချက်များကို လက္ခဏာရပ်များအဖြစ် အကြမ်းအားဖြင့် သိနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုသည် ရုပ်ပိုင်းဆိုင်ရာ အလွန်အကျွံအသုံးပြုမှု၊ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်လွန်းခြင်း တို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် မကြာသေးမီက ကာလရှည်စိတ်ဖိစီးမှုများ ကြုံတွေ့ခဲ့ရပြီး အလုပ်များကို အာရုံစိုက်ရန် ခက်ခဲနေခြင်း၊ ကွီးတို့လုပ်နေကျ နှစ်သက်သည့် အရာများ၊ လှုပ်ရှားမှုများကို လုပ်ဆောင်ရန် စိတ်မပါခြင်း သို့မဟုတ် စိတ်ဝင်စားမှု ကင်းမဲ့နေပါ ကွီးတို့အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေတာ ဖြစ်နိုင်ပါတယ်။ ဆက်လက်ပြီးတော့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေကို ကြည့်လိုက်ရအောင်။

နာတာရှည် စိတ်ဖိစီးမှု

စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု

Photo : BrightQuest Treatment Centers

ကွီးတို့ရေ နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှု အနည်းငယ်ဖြစ်စေ၊ မကြာခဏ ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုဖြစ်စေ၊ အချိန်ကြာလာတာနဲ့ အမျှ စိတ်ဖိစီးမှုတွေက စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်လာခြင်းရဲ့ အဓိက အကြောင်းအရင်း ဖြစ်လာပါတယ်။ ဒါ့အပြင် နာတာရှည် စိတ်ဖိစီးမှုများက ကွီးတို့ရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို တစ်ချိန်လုံး သတိထားနေစေပါတယ်။ အချိန်အတိုင်းအတာ တစ်ခုကြာလာတာနဲ့ အမျှ ကွီးတို့ရဲ့ ကျန်းမာရေးကို ထိခိုက်လာစေပါတယ်။ နာတာရှည် စိတ်ဖိစီးမှုကြောင့် ကွီးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို ပြင်းထန်လာစေသည်သာမက စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုကို စုစည်းရန် ခက်ခဲလာနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများကို အတတ်နိုင်ဆုံး လျှော့ချဖို့ လိုပါတယ်။

မိသားစုကိစ္စများနဲ့ လူမှုရေး ပြဿနာများ

စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု

Photo : HelpGuide

မိသားစု ကိစ္စများဖြစ်တဲ့ မိသားစုဝင် တစ်ဦးဦးရဲ့ ကျန်းမာရေးကို စိတ်ပူရခြင်း၊ စားဝတ်နေရေး၊ ပညာရေး၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အို မိဘများကို စောင့်ရှောက်ရခြင်း စတဲ့ မိသားစု အခြေအနေအချို့ကလည်း စိတ်ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေနိုင်ပါတယ်။ အရာရာ အဆင်ပြေသော မိသားစုများလျှင်ပင် အချို့သော အကြောင်းအရာများကြောင့် စိတ်ဖိစီးမှု အမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ ကွာရှင်းမှု၊ သဘောထားကွဲလွဲမှုများနဲ့ အခြားသော ပြဿနာများကြောင့်လည်း စိတ်ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အိမ်နီးနားချင်းများနဲ့ ဆက်ဆံရေး အဆင်မပြေခြင်း၊ လူမှုရေး ပြဿနာများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရခြင်း စတဲ့ အကြောင်းအရာများလည်း ပါဝင်ပါတယ်။

ကိုယ့်ကိုယ်ကို ဂရုမစိုက်ခြင်း

mental-exhaustion

Photo : Rethink

ကိုယ့်ရဲ့ ကျန်းမာရေး၊ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ အပါအဝင် ကိုယ့်ကိုယ်ကို သေချာစွာ ပုံမှန် ဂရုစိုက်ပါသလား။ လူတော်တော်များက ကိုယ်ချစ်ရသူတွေ၊ ကိုယ့်အတွက် တန်ဖိုးထားရသူတွေကို ပိုပြီး ဂရုစိုက်လေ့ရှိပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး တန်ဖိုးထားဖို့ မေ့လျော့နေတတ်ပါတယ်။ ဒါ့အပြင် အလုပ်များလာတဲ့အခါ ဒါမှမဟုတ် နည်းနည်းလေး စိတ်ကသိကအောက်ဖြစ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှုကို လစ်လျူရှုလိုက်ဖို့ လွယ်ပါတယ်။ ထို့သို့ ကိုယ့်ကိုယ်ကို ဂရုမစိုက်ခြင်းက အချိန်ကြာလာသည်နှင့်အမျှ ၎င်းသည် ဖိစီးမှုအခြေအနေများကို ရင်ဆိုင်ရာတွင် ကွီးတို့ရဲ့ ခံနိုင်ရည်ရှိနိုင်စွမ်းကို ထိခိုက်စေမှာ အသေအချာပါပဲ။ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အလုံးစုံ ကျန်းမာပျော်ရွှင်ဖို့အတွက်ဆိုရင် ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့က အမှန်ပင် အရေးကြီးပါတယ်။

စိတ်ခံစားချက်များ

mental-exhaustion

Photo : mental-exhaustion

စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကို ဖြစ်စေနိုင်တဲ့ အကြောင်းအရာက ဒါဇင်များစွာ ရှိပါတယ်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ခံစားရတာနဲ့ အတွေ့အကြုံကတော့ အတူတူပါပဲ။ အပျက်သဘောဆောင်သော ခံစားချက်များ၊ အဖြစ်အပျက်များနှင့် အခြေအနေများက ကွီးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို သက်ရောက်မှု ကြီးမားပါတယ်။ ဒီလို စိတ်ခံစားချက်များနဲ့ ဆိုင်တဲ့ ပင်ပန်းနွမ်းနယ်မှု၊ ဝမ်းနည်းမှုစတဲ့ ခံစားချက်များကလည်း စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို မြန်မြန်ဆန်ဆန် ဖြစ်စေနိုင်ပါတယ်။

စိတ်ပင်ပန်းနွမ်းနယ်မှုကို လျော့ပါးစေသော နည်းလမ်းများကို ကျင့်သုံးပါ

mental-exhaustion

Photo : Healthline

ကွီးတို့ကို အပေါ်မှာ ဖော်ပြပေးခဲ့တာကတော့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု များကို ဖြစ်စေနိုင်တဲ့ အဓိက အကြောင်းအရင်းများပဲ ဖြစ်ပါတယ်။ ဒီလို စိတ်ပင်ပန်းနွမ်းနယ်မှုတွေကို လျော့ပါးသက်သာအောင် မလုပ်ဘဲ ဖက်တွယ်ထားပါက ကွီးတို့အတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပါ ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုနဲ့ စိတ်ပင်ပန်းနွမ်းနယ်မှုကို ပြေလျော့စေမဲ့ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ခြင်း၊ အပြုသဘောဆောင်တဲ့ အတွေးများတွေးခြင်း၊ အကြောင်းအရာအသစ် တစ်ခုခုကိုလေ့လာခြင်း၊ အလုပ်နဲ့ ဘဝ ဟန်ချက်ညီအောင် ပြုလုပ်ခြင်း စသည့် နည်းလမ်းများကို လိုက်နာကျင့်သုံး သင့်ပါတယ်။

Source : BetterUp

Featured Photo : Medium