ကွီးတို့ရေ လူတိုင်းဟာ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှု (Stress) တစ်ခုခုတော့ ရနေကြတာပါဘဲ။ စိတ်ဖိစီးမှု ဆိုတာဘာလဲ။ လေ့လာကြည့်ရအောင်။ Stress လို့ ပြောနေကြတဲ့ စိတ်ဖိစီးမှုဆိုတာ လူတစ်ဦးရဲ့ နေ့စဉ်ဘဝ အဆင်မပြေမှုများ၊ အခက်အခဲများ သို့မဟုတ် ဖိအားများကြောင့် လူတစ်ဦး၏ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုများလို့ ပညာရှင်များက ဖော်ပြကြပါတယ်။ စိတ်ဖိစီးမှုဖြစ်စေသော အကြောင်းရင်းများမှာ အလုပ်အကိုင်၊ ငွေကြေး၊ ပေါင်းသင်းဆက်ဆံရေးနှင့် နာမကျန်းမှုတို့ ပါဝင်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်မှ ‘စိတ်ဖိစီးမှု’ ဟော်မုန်းများ (အထူးသဖြင့် Adrenaline နှင့် Cortisol) ကို ထုတ်ပေးပါတယ်။ စိတ်ဖိစီးမှုကြောင့် စိတ်ပိုင်းဆိုင်ရာသာ သာမက ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာရေး အပေါ်မှာပါ သက်ရောက်မှုတွေရှိလာနိုင်ပါတယ်။

စိတ်ဖိစီးမှုကြောင့် ကျန်းမာရေး

Photo : The Arbor Behavioral Healthcare

စိတ်ဖိစီးမှု ဖြစ်ပြီဆိုရင် တွေ့ရတဲ့ ယေဘူယျအားဖြင့် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေက ကြွက်သားများ တင်းမာခြင်းနှင့် နာကျင်မှု၊ အလုပ်စွမ်းအားကျတာ၊ ခေါင်းကိုက်ခြင်းတာ၊ အကြောဆွဲတာ သို့မဟုတ် ကြွက်သားများ ကျုံ့တာ၊ အစာစားချင်စိတ် ပြောင်းလဲတာ၊ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှု ကျဆင်းတာ၊ အသက်ရှုကြပ်တာ သို့မဟုတ် အသက်ရှုရခက်ခဲတာ ဖြစ်နိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ အဖြစ် အိပ်စက်မှုမှာ အနှောက်အယှက်များတာ၊ စိတ်တိုတာ၊ အာရုံစူးစိုက်ရန် ခက်ခဲတာ၊ ယုံကြည်မှုမရှိတာ၊ စိတ်ဓာတ်ကျတာ၊ ဆုံးဖြတ်ချက်ချရန် ခက်ခဲတာ၊ ယားယံတာ၊ မျက်ရည်ကျတာတွေ ဖြစ်နိုင်ပါတယ်။

စိတ်ဖိစီးမှုကြောင့် ဖြစ်ပွားနိုင်သော ကျန်းမာရေး သက်ရောက်မှုတွေက ဘာတွေလဲ

(၁) အသက်ရှုလမ်းကြောင်းနှင့် နှလုံးသွေးကြောစနစ်များ

စိတ်ဖိစီးမှုကြောင့် ကျန်းမာရေး

Photo : DNA India

စိတ်ဖိစီးမှုဟော်မုန်းများ Adrenaline နှင့် Cortisol တွေက အသက်ရှုလမ်းကြောင်းနှင့် နှလုံးသွေးကြောစနစ်များကို ထိခိုက်စေပါတယ်။ စိတ်ဖိစီးမှုကို တုံ့ပြန်သည့်အတောအတွင်း၊ ခန္ဓာကိုယ်ဆီသို့ အောက်ဆီဂျင်ကြွယ်ဝသော သွေးများကို လျင်မြန်စွာ ဖြန့်ဝေရန် အားထုတ်မှုဖြင့် အသက်ရှုမြန်လာပါတယ်။ သင့်တွင် ပန်းနာရင်ကျပ် သို့မဟုတ် Emphysema ကဲ့သို့သော အသက်ရှု လမ်းကြောင်းဆိုင်ရာ ပြဿနာရှိနေပြီဆိုလျှင်၊ စိတ်ဖိစီးမှုက အသက်ရှုရခက်ခဲစေနိုင်ပါတယ်။ စိတ်ဖိစီးမှုအောက်တွင် နှလုံးဟာလည်း ပိုမြန်လာပါတယ်။ စိတ်ဖိစီးမှုဟော်မုန်းများက သွေးကြော များကို ကျဉ်းစေပြီး သင့်ကြွက်သားများဆီသို့ အောက်ဆီဂျင်ပိုလွှဲစေသောကြောင့် လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရန် ပိုမိုခွန်အားရှိစေပေမယ့် သွေးဖိအားကို တိုးစေပါတယ်။ ရလဒ်အနေဖြင့် မကြာခဏ သို့မဟုတ် ရေရှည် စိတ်ဖိစီးမှုများသည် နှလုံးကို အချိန် အကြာကြီး ပြင်းပြင်းထန်ထန် အလုပ်လုပ်စေခြင်းကတဆင့် သွေးပေါင်ချိန်တက်လာသောအခါ လေဖြတ်ခြင်း သို့မဟုတ် နှလုံးဖောက်ခြင်း ဖြစ်နိုင်ခြေကို များစေပါတယ်။

(၂) အစာခြေစနစ်

စိတ်ဖိစီးမှုကြောင့် ကျန်းမာရေး

Photo : The Nutritional Healing Center

စိတ်ဖိစီးမှုအောက်တွင် အသည်းက စွမ်းအင်မြှင့်တင်ရန်အတွက် သွေးတွင်းသကြားဓာတ် (ဂလူးကို့စ်) အပိုကို ထုတ်လုပ်ပေးပါတယ်။ နာတာရှည်စိတ်ဖိစီးမှုအောက်တွင် ရှိနေပါက၊ ကွီးတို့ရဲ့ ခန္ဓာကိုယ်က ဤပိုလျှံသောဂလူးကို့စ်ပမာဏကို လိုက်မမီနိုင်တော့ပေ။ နာတာရှည် စိတ်ဖိစီးမှုက အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို တိုးမြင့်စေပါတယ်။ ဟော်မုန်းများ လျင်မြန်စွာ ထွက်တာ၊ အသက်ရှုမြန်တာ နှလုံးခုန်နှုန်း တိုးလာတာတွေက အစာခြေစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ အစာအိမ်အက်ဆစ် တိုးလာခြင်းကြောင့် ရင်ပူခြင်း သို့မဟုတ် အက်ဆစ်ပြန်တက်ခြင်း ဖြစ်နိုင်ခြေ ပိုများစေပါတယ်။ စိတ်ဖိစီးမှုများသည် သင့်ခန္ဓာကိုယ်အတွင်း အစားအစာများ ရွေ့လျားပုံကိုလည်း ထိခိုက်စေပြီး ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်းတို့ကို ဖြစ်စေပါတယ်။ ပျို့ခြင်း၊ အော့အန်ခြင်း သို့မဟုတ် ဗိုက်နာခြင်းကိုလည်း ခံစားရနိုင်ပါတယ်။

(၃) လိင်စိတ်နှင့် မျိုးပွားမှုစနစ်

Stress

Photo : Orissa Post

စိတ်ဖိစီးမှုက ခန္ဓာကိုယ်ရော စိတ်ပါ ပင်ပန်းနွမ်းနယ်စေပါတယ်။ စိတ်ဖိစီးမှုတွေ ကြုံလာရတဲ့အခါ စိတ်ဆန္ဒတွေ ဆုံးရှုံးရတာ မဆန်းပါဘူး။ ရေတိုစိတ်ဖိစီးမှုက အမျိုးသားများတွင် ကျား ဟော်မုန်း Testosterone ပိုထုတ်နိုင်သော်လည်း ဤအကျိုးသက်ရောက်မှုသည် ကြာရှည်မခံပါ။ စိတ်ဖိစီးမှုက အချိန်အကြာကြီး ဆက်ရှိနေရင်၊ အမျိုးသားတစ်ယောက်ရဲ့ Testosterone အဆင့် ကျဆင်းသွားနိုင်ပါတယ်။ ၎င်းသည် သုတ်ပိုးထုတ်လုပ်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး လိင်အင်္ဂါ ချို့ယွင်းမှု သို့မဟုတ် ပန်းသေစေနိုင်ပါတယ်။ ရေရှည် စိတ်ဖိစီးမှုသည် ဆီးကျိတ်နှင့် အမျိုးသားအင်္ဂါ ကဲ့သို့သော မျိုးပွားအင်္ဂါများအတွက် ရောဂါပိုးကူးစက်နိုင်ခြေကို တိုးစေနိုင်ပါတယ်။

(၄) ကိုယ်ခံအားစနစ်

Stress

Photo : Daily Hive

စိတ်ဖိစီးမှုကြောင့် ကျန်းမာရေး အပေါ်သက်ရောက်မှု နောက်တစ်ခုကတော့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေတာပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုက ခုခံအားစနစ်ကို လှုံ့ဆော်ပေးတာ မှန်ပေမဲ့ ဒါက လက်ငင်းအခြေအနေတွေအတွက်သာဖြစ်တဲ့ အားသာချက်တစ်ခုပါ။ ထိုလှုံ့ဆော်မှုသည် ရောဂါပိုးများကို ရှောင်ရှားနိုင်ပြီး ဒဏ်ရာများကို ကုသ ပေးနိုင်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ စိတ်ဖိစီးမှုဟော်မုန်းတွေက ကိုယ်ခံအား စနစ်ကို အားနည်းစေပြီး ပြင်ပမှ ဝင်ရောက်လာတဲ့ ရောဂါပိုးတွေအပေါ် ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကို လျှော့ချပေး ပါလိမ့်မယ်။ နာတာရှည်စိတ်ဖိစီးမှုကို ခံစားနေရသူများဟာ တုပ်ကွေးနှင့် သာမန်အအေးမိကဲ့သို့ ဗိုင်းရပ်စ်ရောဂါ များအပြင် အခြားသော ကူးစက်ရောဂါများပါ ပိုမိုခံစားရနိုင်ခြေရှိပါတယ်။ စိတ်ဖိစီးမှုက ဖျားနာမှု သို့မဟုတ် ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာရန် အချိန်ကို ပိုကြာစေပါတယ်။

(၅) ကြွက်သားစနစ်

Stress

Photo : Mission Health Blog

စိတ်ဖိစီးနေချိန်တွင် ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ရန် ကြွက်သားများ တင်းမာလာပြီး အနားယူပြီးသည်နှင့် ပုံမှန်ပြန်ဖြစ်သွားပါတယ်။ အမြဲတမ်း စိတ်ဖိစီး နေပါက သင့်ကြွက်သားများ ပြေလျော့ရန် အခွင့်အလမ်း မရနိုင်ပါ။ တင်းကျပ်သောကြွက်သားများက ခေါင်းကိုက်ခြင်း၊ နောက်ကျောနှင့် ပခုံးနာကျင်ခြင်းနှင့် ခန္ဓာကိုယ်ကိုက်ခဲခြင်း တို့ကို ဖြစ်စေပါတယ်။

စိတ်ဖိစီးမှုကြောင့် ကွီးတို့ရဲ့ ကျန်းမာရေး အပေါ် မှာ တကယ်ကို မကောင်းတဲ့ သက်ရောက်တွေ ဖြစ်စေနိုင်ပါတယ်။ ကွီးတို့အနေနဲ့ စိတ်ဖိစိးတွေကိုပြေလျော့စေဖို့ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း စသည်တို့အပြင် အခြားနည်းလမ်းကောင်းများကိုလည်း လုပ်ဆောင်လို့ရပါတယ်။

Souce : Health line

Featured Photo : Theladders