ရှေးဟောင်းအငွေ့အသက်တွေရော မော်ဒန်ခေတ်ရဲ့ အငွေ့အသက်တွေပါ ရောယှက်ပေါင်းစုံနေတဲ့ ထိုင်ဝမ်နိုင်ငံရဲ့မြို့တော် တိုင်ပေမြို့ ဟာ အာရှတခွင်မှာတော့ ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံး နေရာတွေထဲကတစ်ခုလို့ ပြောရင်မမှားနိုင်ပါဘူး။ တိုင်ပေမြို့လေးမှာ ထိုင်ဝမ်လူမျိုးတွေရဲ့ ယဉ်ကျေးမှု ၊ ရိုးရာဓလေ့ ၊ အစားအသောက်တွေကို လေ့လာမြည်းစမ်းနိုင်မှာဖြစ်သလို သဘာဝဆန်တဲ့ တောတောင်ရေမြေတွေနဲ့ မြို့ပြရဲ့စည်ကားတဲ့ လမ်းမကြီးတွေနဲ့ ဈေးဝယ်ထွက်စရာ နေရာတွေ အရမ်းကို များပါတယ်။ ဒီတစ်ခေါက်မှာတော့ ခရီးသွားချစ်သူတွေအတွက် စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတဲ့ တိုင်ပေမြို့လေးကို ဘာကြောင့် သွားလည်သင့်လဲ ၊ တိုင်ပေမှာ ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ ဘယ်လိုအရာတွေ ရှိနေလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) အလှဆုံး မြင်ကွင်းကို ခံစားနိုင်ဖို့ Elephant Mountain ကိုသွားပါ

Elephant Mountain Taipei

Photo : Flickr

တိုင်ပေမြို့ ရဲ့ အလှဆုံး မြင်းကွင်ကျယ်ကြီးကို ခံစားနိုင်ဖို့ Elephant Mountain ကတော့ မဖြစ်မနေ သွားရမယ့် နေရာတစ်ခုပါ။ တောင်ပေါ်ရောက်ဖို့ မိနစ် ၃၀ လောက် ခြေလျှင်ခရီးနှင်ရမှာဆိုပေမယ့် အမိုက်စား View တွေ မြင်ရဖို့ ဒါကတန်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ လူစုလူဝေးတွေကို မကြိုက်ဘူး ၊ အေးအေးဆေးဆေးနဲ့ လူရှင်းတဲ့နေရာလေးတွေမှာ အနားယူအပန်းဖြေရင်း သဘာဝတရားကြီးကို ခံစားချင်တယ်ဆိုရင် Tiger Mountain ၊ Leopard Mountain နဲ့ Lion Mountain တွေကို ဆက်လက်ခရီးနှင်နိုင်ပါတယ်။

(၂) နာမည်ကျော် ညဈေးတန်းတွေကို သွားပါ

Shilin Night Market

Photo : Agoda.com

တိုင်ပေမြို့ မှာ ခရီးသွားတွေကြား နာမည်အကြီးဆုံး နေရာတွေထဲကတစ်ခုကတော့ ညဈေးတန်းတွေပါပဲ။ တိုင်ပေရဲ့ ညဈေးတန်းတွေဟာ ဈေးသက်သာပြီး အရသာရှိလွန်းတဲ့ ဒေသထွက် အစားအစာတွေကြောင့် အရမ်းကိုနာမည်ကြီးသလို လက်ဆောင်ပစ္စည်းအရောင်းဆိုင်တွေ ပေါများပြီး လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြား ခရီးသွားတွေရော ဒေသခံတွေနဲ့ပါ လမ်းမကြီးတွေထက်မှာ ကြိတ်ကြိတ်တိုး စည်ကားနေတာပါ။ Shilin Night Market ကတော့ တိုင်ပေမှာ နာမည်အကြီးဆုံးဖြစ်ပြီး Tonghua ၊ Raohe ၊ Ningxia ညဈေးတန်းတွေအပြင် Longshan ဘုရားကျောင်းနားက Huaxi ညဈေးတန်းကိုလည်း သွားရောက်လည်ပတ်ဖို့ အကြံပေးချင်ပါတယ်။

(၃) Da An Park အနီးက ဂျပန်ခေတ် ဗိသုကာလက်ရာတွေကို သွားရောက်လေ့လာပါ

Qingtian Street

Photo : TourMeAway

ထိုင်ဝမ်နိုင်ငံဟာ နှစ်ပေါင်း ၅၀ ဂျပန်လက်အောက်ခံ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့တာပါ။ ထိုင်ဝမ်နိုင်ငံ တဝှမ်းမှာ ဂျပန်တွေ ဖောက်ခဲ့တဲ့ ရထားလမ်းတွေ ၊ ဂျပန်တွေ ဆောက်ခဲ့တဲ့ ရေပူစမ်းတွေ ၊ တက္ကသိုလ်နဲ့ ရှေးဟောင်းအဆောက်အဦးတွေ အများကြီး ရှိပါတယ်။ ဒီထဲကမှ စိတ်ဝင်စားဖို့အကောင်းဆုံး နေရာတစ်ခုကတော့ တိုင်ပေမြို့ ၊ Da An Park အနီးမှာရှိတဲ့ ဂျပန်ခေတ် ဗိသုကာလက်ရာ အဆောက်အဦးတွေပါ။ Google မှာ  Qingtian Street လို့ ရိုက်ရှာလိုက်မယ်ဆိုရင် စိတ်ဝင်စားဖို့ကောင်းတဲ့ ဂျပန်ရိုးရာ အိမ်နဲ့ အဆောက်အဦးတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အချို့နေရာတွေက ပြန်လည်ပြုပြင်ထားပေမယ့် အချို့နေရာတွေကတော့ ပျက်စီးနေတဲ့အတိုင်း ရှေးခေတ်လက်ရာမပျက် ဆက်လက်ထားရှိထားပါတယ်။

(၄) မီးတောင်ခြေရင်းက ရေပူစမ်းမှာ သွားရောက်အနားယူပါ

Hot Spring

Photo : NOMADasaurus

Yangming တောင်ခြေရင်းကနေ Beitou ကို MRT ၂ မှတ်တိုင်ခန့် စီးရပါတယ်။ ဒီနေရာကတော့ ဂျပန်တွေ အုပ်ချုပ်ခဲ့စဉ်ကာလ ပထမဆုံးတည်ဆောက်ခဲ့ကြတဲ့ ရေပူစမ်းတွေတည်ရှိနေတာပါ။ ယနေ့ခေတ်မှာတော့ ရေပူစမ်းရွာလို့ပင် ခရီးသွားတွေကြားမှာ နာမည်ကြီးပါတယ်။ လူများပေမယ့် ဈေးသက်သက်သာသာနဲ့ သွားရောက်အနားယူချင်ရင်တော့ Millennium Hot Spring ကို သွားနိုင်ပါတယ်။ ဒီလိုမှမဟုတ်ပဲ သီးသီးသန့်သန့်နဲ့ Private ဆန်ဆန် အနားယူချင်ရင်တော့ အဆိုပါ Millennium Hot Spring ပန်းခြံအနီးက Spa ဟိုတယ်တွေမှာ ၁ – ၂ နာရီဝန်းကျင်ကို ဒေါ်လာ ၃၀ ဝန်းကျင်နဲ့ သွားရောက်အနားယူ အပန်းဖြေနိုင်ပါတယ်။ ဒါ့အပြင် ခရီးသွားတွေမဖြစ်မနေသွားရမယ့် နေရာတွေရှိပါသေးတယ်။ ဒါကတော့ တိုင်ပေမြို့ ရဲ့ အကြီးဆုံး ရေပူစမ်းဖြစ်တဲ့ Hell Valley ကို သွားရောက်နိုင်သလို တဆက်တည်းမှာပဲ ဂျပန်ခေတ် အငွေ့အသက်လက်ရာတွေနဲ့ ပြည့်နှက်နေတဲ့ Hot Spring Museum ၊ Puji Temple နဲ့ Plum Garden တို့ကိုလည်း သွားလည်နိုင်ပါတယ်။

Source : NOMADasaurus

Featured Photo : Klook