လူတစ်ယောက်အတွက် ခန္ဓာကိုယ်ကျန်းမာရေးဟာ အရေးကြီးသလို စိတ်ရဲ့ ကျန်းမာခြင်း ရှိဖို့ကလည်း အရေးကြီးပါတယ်။ စိတ်အေးချမ်းစွာ နေထိုင်နိုင်ဖို့ ဆိုတာ ပြောတော့သာ လွယ်ပေမယ့် တကယ့်လက်တွေ့ မှာ ခက်ခဲပါတယ်။ ဘယ်လောက်ပဲ စိတ်အေးချမ်းအောင် ကြိုးစားနေပါတယ် ပြောပြော နေ့စဉ်ဘဝရဲ့ အဆင်မပြေမှုတွေ ၊ ဖိအားတွေ ၊ စိတ်ရှုပ်ထွေးစရာ ပြဿနာတွေကြားမှာ ရုန်းကန်ရတဲ့အချိန်တွေလည်း ရှိကြပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကွီးတို့ရဲ့  စိတ် ကို အတက်နိုင်ဆုံး အေးချမ်းစွာ နေထိုင်နိုင်ဖို့ စိတ် ငြိမ်သက် မှုရစေမယ့် အကောင်းဆုံး နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ငါးလေးတွေ ကြည့်ပါ

Photo : WebMD

အိမ်မှာ အလှမွေးငါးကန်ရှိတဲ့ ကွီးတို့ အတွက်ကတော့ ကံကောင်းခြင်း တစ်ခုပါပဲ။ သိပ္ပံနည်းကျ လေ့လာမှုတွေအရ အလှမွေးငါးကန်ထဲက ငါးလေးတွေကို ကြည့်တာဟာ စိတ်အေးချမ်းမှုကို ရစေပြီး စိတ်ဖိစီးမှုနဲ့ ဖိအားတွေကို လျော့ကျ သက်သာစေတယ်လို့ ဆိုထားပါတယ်။ ငါးလေးတွေ ရေကူးတာကို ကြည့်ခြင်းဟာ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို ကျဆင်းစေပြီး စိတ်အေးချမ်းမှု အပြည့်နဲ့ ပျော်ရွှင်မှုကို ခံစားရစေ နိုင်ပါတယ်။

(၂) လေ့ကျင့်ခန်း လုပ်ပါ

Photo : WebMD

လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကိုယ်ရောစိတ်ပါ ကျန်းမာရေးကြံ့ခိုင်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်ချိန်မှာ ဦးနှောက်ကနေ စိတ်ကို ပျော်ရွှင်စေတဲ့ ဟောမုန်းတွေ ထုတ်လွှတ်ပေးပါတယ်။ ဒီဟော်မုန်းတွေက စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်ခြင်းတွေကို လျှော့ကျ သက်သာစေမှာ ဖြစ်ပါတယ်။

(၃) အတွေးအာရုံကို ဖြန့်ကျက်ပါ

Photo : WebMD

စိတ်မှာ ပါဝါရှိတယ်ဆိုတာ ကွီးတို့ လက်ခံပါ သလား။ စိတ်ရဲ့ အတွေးအာရုံထဲကနေ ကိုယ်နှစ်သက်ရာ နေရာလေးတွေကို စိတ်ကူးကနေ တဆင့် သွားရောက်နိုင်ပါတယ်။ တိတ်ဆိတ်ငြိမ်သက်ပြီး သက်တောင့်သက်သာရှိတဲ့ နေရာတစ်ခုမှာ ငြိမ်ငြိမ်လေးထိုင်ပြီး ကိုယ်အကြိုက်ဆုံး နေရာတွေ ၊ စိမ်းစိုလန်းဆန်းတဲ့ တောအုပ်ရှု့ခင်းလေးတွေကို ပုံဖော်ကြည့်ပြီး စိတ်ကူးကနေတဆင့် အတွေးအာရုံကို ဖြန့်ကျက်ကာ ခံစားကြည့်ပါ။ စိတ်အေးချမ်း ငြိမ်သက်မှုကို ခံစားရနိုင်မှာ ဖြစ်ပါတယ်။

(၄) ဖြည်းဖြည်းချင်း အသက်ရှုပါ

Photo : WebMD

အသက်ရှုခြင်းဟာ လူတိုင်း နေ့စဉ်လုပ်ဆောင်ရတဲ့ လုပ်ငန်းဆောင်တာ တစ်ခုဖြစ်သလို စိတ်ကို အကောင်းဆုံး အေးချမ်းငြိမ်သက်မှုရစေတဲ့ လေ့ကျင့်ခန်း တစ်ခုလည်း ဖြစ်ပါတယ်။ သက်တောင့်သက်သာရှိတဲ့ နေရာတစ်ခုမှာ လှဲလျောင်းပြီး ဝမ်းဗိုက်ပေါ်ကို လက်နှစ်ဖက်တင်ကာ နှာခေါင်းဝကနေ လေကို ဖြည်းဖြည်းချင်း ရှုသွင်းပြီး ပါးစပ်ကနေလေကို ဖြည်းဖြည်းချင်း ပြန်ရှုထုတ်ပေးပါ။ ၁၅ မိနစ်လောက် အသက်ရှုလေ့ကျင့်ခန်းကို ပြုလုပ်ပေးရုံနဲ့ စိတ်ဖိစီးမှုနဲ့ ဖိအားတွေကို သက်သာစေပြီး စိတ် အေးချမ်း ငြိမ်သက်မှု ရစေမှာပါ။

Featured Photo : Neurohacker Collective