အဖွဲ့လိုက်ဖြစ်စေ သို့မဟုတ် ကွီးတစ်ယောက်တည်းဖြစ်စေ စီးပွားရေးဆိုင်ရာ ခရီးစဉ်သွားဖို့ အစီအစဉ်ရှိနေပါသလား။ ဒါဆိုရင်တော့ ဒီခရီးစဉ်တစ်လျှောက်လုံးမှာ စီးပွားရေး ကိစ္စအဝဝကို အဆင်ပြေချောမွေ့စေဖို့ တည်းခိုတဲ့နေရာကလည်း အရေးပါပါတယ်။ ပြည်တွင်းဖြစ်စေ၊ ပြည်ပဖြစ်စေ အလုပ်ကိစ္စနဲ့ ခရီးသွားမယ်ဆိုရင် တည်းခိုမဲ့ ဟိုတယ် ကို သေချာရွေးချယ်မှသာ စိတ်အနှောင့်အယှက် ကင်းကင်းနဲ့ အလုပ်ကိစ္စတွေကို သေချာဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ ကွီးတို့ရဲ့ စီးပွားရေးဆိုင်ရာ ခရီးစဉ်များအတွက် ဟိုတယ် ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များ ကိုဖော်ပြပေးချင်ပါတယ်။
(၁) ဟိုတယ် Review ကို စစ်ဆေးပါ
Photo : Web In Travel
ကွီးတို့ရေ စီးပွားရေးဆိုင်ရာ ခရီးစဉ်များအတွက်သာမက အလည်အပတ်ခရီးတွေ သွားမယ်ဆိုရင်လည်း ဟိုတယ် ရွေးချယ်ရာမှာ သေချာစီစစ်ဖို့လိုပါတယ်။ အရင်ဆုံး ကွီးတို့အနေနဲ့ အင်တာနက်ကနေ ဟိုတယ် Review တွေကိုရှာဖွေကြည့်ပါ။ ခရီးသွားအများစုက ဟိုတယ်တစ်ခုမှာ ဘွတ်ကင်မတင်မီ သုံးသပ်ချက်များကို အမြဲဖတ်လေ့ရှိပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှ ခရီးသည်များ ချန်ထားခဲ့သော သုံးသပ်ချက်များကနေ ကွီးတို့ ရွေးချယ်ချင်တဲ့ ဟိုတယ်အကြောင်း အကြမ်းဖျင်း လေ့လာလို့ရပါတယ်။ မကောင်းသာ သုံးသပ်ချက် (Bad Reviews) များတဲ့ ဟိုတယ်များကို ရှောင်ပါ။
(၂) ဟိုတယ်ရဲ့ တည်နေရာကို သုံးသပ်ပါ
Photo : WikiHow Teach
အလုပ်ကိစ္စခရီးစဉ်ဖြစ်တဲ့ အတွက် ဟိုတယ်ရဲ့ တည်နေရာကလည်း အရေးကြီးသောအချက် ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အစည်းအဝေးလုပ်မဲ့နေရာ ဒါမှမဟုတ် ကွီးတို့ အလုပ်လုပ်ရမဲ့နေရာနဲ့ နီးစပ်တဲ့နေရာက ဟိုတယ်ကို ဦးစားပေး ရွေးချယ်ပါ။ ဒါမှမဟုတ် ကွီးတို့အနေနဲ့ နီးစပ်တဲ့နေရာမှာ ဟိုတယ်မရနိုင်ဘူးဆိုလျှင်လည်း အများသူငှာ သွားလာရလွယ်ကူသော ဟိုတယ်များကို ရွေးချယ်ပါ။ ဒါက ကွီးတို့မကျွမ်းကျင်တဲ့နေရာမှာ ပြဿနာများမရှိဘဲ သွားလာနိုင်ဖို့ အထောက်အကူပြုမှာပါ။ တစ်နေရာမှ တစ်နေရာ သွားလာဖို့အတွက် ဟိုတယ်က ဝန်ဆောင်မှု ပေးနိုင်၊ မပေးနိုင်ကဲ့သို့သော အချက်အလက်များကိုလည်း တစ်ခါတည်း ဆုံးဖြတ်ပါ။
(၃) အစားအသောက် ဝန်ဆောင်မှု
Photo : Insights
စီးပွားရေးဆိုင်ရာ ခရီးစဉ်များအတွက် ဟိုတယ် ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်တစ်ခုကတော့ အစားအသောက် ဝန်ဆောင်မှုပါပဲ။ ကွီးတို့အနေနဲ့ အလုပ်ချိန်ကြာကြာလုပ်ရနိုင်တဲ့အတွက် ညစာအတွက် အဆင်ပြေသောနည်းလမ်းတစ်ခု အမှန်ပင်လိုအပ်ပါတယ်။ ညစာအတွက် ကိုယ်မကျွမ်းကျင်သေးတဲ့နေရာမှာ စားသောက်ဆိုင်ရှာဖွေပြီး စားတာထက် ဟိုတယ်က ဝန်ဆောင်မှုကို ယူတာကပိုပြီး အဆင်ပြေနိုင်ပါတယ်။ ဒါ့အပြင် ကွီးတို့စီးပွားဖက်တွေနဲ့ အတူ ညစာစားဖို့အတွက် ဝေးဝေးလံလံသွားစရာ မလိုအောင် ဟိုတယ်မှာပဲ ဝန်ဆောင်မှုရယူနိုင်ခြင်း ရှိ၊ မရှိ ဘွတ်ကင်မတင်မှီကတည်းက ကြိုတင်လေ့လာထားသင့်ပါတယ်။
(၄) အလုပ်လုပ်ရန် နေရာအနေအထား
Photo : Sunway Hotel
ကွီးတို့အနေနဲ့ စီးပွားရေးဆိုင်ရာ သို့မဟုတ် အလုပ်ကိစ္စခရီးစဉ် ဖြစ်တဲ့အတွက် အစည်းအဝေးများ သို့မဟုတ် တွေ့ဆုံပွဲများ ပြုလုပ်ရနိုင်ပါတယ်။ ဟိုတယ်တချို့က လုပ်ငန်းအစည်းအဝေးများအတွက် မသင့်လျော်တာမျိုး ရှိတတ်ပါတယ်။ ကွီးတို့အနေနဲ့ လုပ်ငန်းအစည်းအဝေးများအတွက် သင့်လျော်သော အကောင်းဆုံး ဟိုတယ်များစာရင်းကို အရင်ဆုံးပြုလုပ်ပါ။ ထိုအထဲကမှ ကွီးတို့အတွက် အဆင်ပြေဆုံးသော ဟိုတယ်ကို ရွေးချယ်ပါ။ နောက်တစ်ချက်ကတော့ Wi-Fi အသုံးပြုခွင့်၊ Projector စီစဉ်ပေးနိုင်မှု အစရှိတဲ့ နည်းပညာပိုင်းဆိုင်ရာ ဝန်ဆောင်မှုများ ပေးနိုင်ခြင်း ရှိ၊ မရှိလည်း အစောကတည်းက သေချာစုံစမ်းထားဖို့လိုပါတယ်။ ဒီအချက်ကလည်း ဟိုတယ် ရွေးချယ်ရာမှာ တကယ်ကို အရေးကြီးတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။
(၅) ဟိုတယ်သန့်ရှင်းရေးကို စဉ်းစားပါ
Photo : Hotel Cleaning Services
ဘယ်လို ခရီးစဉ်မျိုးမဆို ဟိုတယ်ရွေးချယ်ရာတွင် ဟိုတယ်သန့်ရှင်းရေးကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ကွီးတို့ရွေးချယ်မဲ့ ဟိုတယ်က ရှိသင့်ရှိထိုက်သော သန့်ရှင်းရေး စံနှုန်းများ ရှိကြောင်း သေချာစေရပါမယ်။ အရည်အသွေးမီသော ဟိုတယ်များက ၎င်းတို့ရဲ့ ဧည့်သည်အားလုံးအတွက် သန့်ရှင်းသော အိပ်ယာ၊ မျက်နှာသုတ်ပုဝါများနဲ့ အခန်းတွင်း လေထုကိုပါ ဂရုတစိုက်ရှိသင့်ပါတယ်။ သန့်ရှင်းသော ပတ်ဝန်းကျင်က ကွီးတို့ကို သက်တောင့်သက်သာ ဖြစ်စေပြီး ကိုယ့်အိမ်ကဲ့သို့ သေချာအနားယူနိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ ကွီးတို့ရဲ့ စီးပွားရေးခရီးစဉ်က ကြာမြင့်ပြီး ဟိုတယ်တစ်ခုမှာ အချိန်အကြာကြီး တည်းခိုနေမယ်ဆိုရင် ဒါက မရှိမဖြစ်အချက်တစ်ခု ဖြစ်ပါတယ်။
(၆) အခြားသော ဝန်ဆောင်မှုများ
Photo : Make My Trip
ကွီးတို့အနေနဲ့ အလုပ်လုပ်စရာမလိုသော အားလပ်ချိန်အချို့ ရှိနိုင်တာကြောင့် ကွီးတို့ တည်းခိုမဲ့ ဟိုတယ်မှာ အခြားသော ဘယ်လိုဝန်ဆောင်မှုတွေ ရနိုင်လဲဆိုတာ ကြိုတင်သိရှိထားရင် ပိုအဆင်ပြေပါလိမ့်မယ်။ ဥပမာအားဖြင့် Gym၊ တင်းနစ်၊ ဂေါက်သီး နဲ့ ရေကူး စတဲ့ ဝန်ဆောင်မှုများ ပဲဖြစ်ပါတယ်။ ကွီးတို့က အလုပ်ခရီးဖြစ်တဲ့ အတွက် အလုပ်လုပ်ပြီးပြန်လာချိန် သို့မဟုတ် အားလပ်ချိန် အချို့မှာ စိတ်အေးလက်အေး လန်းဆန်းစေမဲ့ ဟိုတယ်ဝန်ဆောင်မှုတွေက အမှန်တကယ်ပင် အထောက်အကူပြုပါလိမ့်မယ်။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ စီးပွားရေးဆိုင်ရာ ခရီးစဉ်များအတွက် ဟိုတယ် ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များ ကိုဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီအချက်တွေက ကွီးတို့အနေနဲ့ ပြည်တွင်းဖြစ်စေ၊ ပြည်ပဖြစ်စေ အလုပ်ကိစ္စနဲ့ ခရီးသွားတဲ့အခါ စိတ်အနှောင့်အယှက်ကင်းကင်းနဲ့ ခရီးစဉ်တစ်လျှောက် တည်းခိုဖို့နေရာ နေရာရွေးချယ်ရာမှာ အထောက်အကူပြုပါလိမ့်မယ်။
Source : Affordable Corporate Suites
Featured Photo : Isretail