လုပ်ငန်းကိုင်ငန်းတစ်ခု လုပ်ဖို့အတွက် အရင်ဆုံး စီးပွားရေး အိုင်ဒီယာ တစ်ခုကနေ စတင်ရတာပါ။ ပြီးမှ အရင်းအနှီး ၊ ဈေးကွက် လေ့လာမှု ၊ အစီအစဉ်ရေးဆွဲမှုတွေ အဆင့်ဆင့် သွားတာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခုအတွက် အရေးကြီးဆုံး အခြေခံအဆင့်ဖြစ်တဲ့ Business Idea တစ်ခု ထွက်လာရုံနဲ့ မပြီးပါဘူး။ အိုင်ဒီယာတွေ ဘယ်လောက်ကောင်းကောင်း လုပ်ငန်းစပြီး လည်ပတ်ချိန်မှာ ကြုံလာနိုင်တဲ့ အခက်အခဲတွေက အများကြီးပါပဲ။

ဒီထဲမှာ ဈေးကွက် နဲ့ ပြိုင်ဘက်ထုတ်ကုန် / ဝန်ဆောင်မှုတွေရဲ့ ပုံစံ နဲ့ အနေအထားကို လေ့လာဖို့ ၊ ကိုယ့်ထုတ်ကုန် ဈေးကွက်ထဲ ထိုးဖောက်ဖို့ ၊ အောင်မြင်တဲ့ အမှတ်တံဆိပ်ဖြစ်အောင် ပုံဖော်ဖို့ နဲ့ လုပ်ငန်းခွင် လည်ပတ်ဖို့ စတဲ့ ဦးတည်ချက်မျိုးစုံနဲ့ ဖြေရှင်းစရာတွေ တပုံကြီး ရှိလာပါတယ်။ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်လာဖို့အတွက် ကိုယ့်ရဲ့ စီးပွားရေး အိုင်ဒီယာ ပုံကြမ်းတစ်ခုကို သပ်သပ်ရပ်ရပ် အကောင် အထည်ဖော်ဖို့ လိုပါတယ်။

အိုင်ဒီယာတစ်ခုကနေ စီးပွားရေး ဖြစ်လာဖို့အတွက် အရင်ဆုံး အိုင်ဒီယာ သစ်တစ်ခုကို Pitching လုပ်ချိန်မှာ မဖြစ်မနေ သိသင့်တဲ့ အချက်လေးတွေကို ဒီတစ်ခေါက် မျှဝေပေးချင်ပါတယ်။

(၁) ကိုယ့်စိတ်ဝင်စားမှုကို အရင်းခံပြီး ဈေးကွက်လိုအပ်ချက်ကို စဉ်းစားပါ

hands-people-woman-working

Photo : Pexels

စွန့်ဦးတီထွင်သူ Entrepreneur တစ်ယောက်အဖြစ် စီးပွားရေးလမ်းကြောင်းတစ်ခုကို ရွေးချယ်တော့မယ်ဆိုရင် အရင်ဆုံး ကိုယ်ကြုံနေရတတ်တဲ့ ပြဿနာ နဲ့ လိုအပ်ချက်ကို ဦးတည်ပြီး စီးပွားရေးအိုင်ဒီယာတစ်ခု စဉ်းစားကြည့်ဖို့ လိုပါတယ်။ တခြားသူတွေရဲ့ အောင်မြင်နေတဲ့ အိုင်ဒီယာကိုပဲ ပုံတူကူးချပြီး စီးပွားရေး လုပ်မယ်ဆိုတဲ့ စိတ်ကို ဖျောက်ထားပါ။

Startup ထောင်သူတွေဟာ ကိုယ်ကိုယ်တိုင် ဘယ်လိုမျိုး ပြဿနာတွေ ကြုံတတ်တယ်။ အဲ့ဒီပြဿနာကို ဘယ်လို ဆန်းသစ်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းရင် ကောင်းမယ် ဆိုတဲ့ ပြဿနာ Problem နဲ့ စိတ်ဝင်စားမှု Interest အခြေပြုပြီး Business Idea ကို စဉ်းစားတာ ဖြစ်ပါတယ်။ စီးပွားရေး အိုင်ဒီယာ တစ်ခုဟာ ကိုယ့်ဝါသနာ နဲ့ ကိုယ်ကျင်လည်ရာ နယ်ပယ်ကို အခြေပြုရင် ပိုပြီး အောင်မြင်နိုင်ခြေ များပါတယ်။

ဒါကြောင့် Business Idea တစ်ခု ထုတ်တော့မယ်ဆိုရင် အရင်ဆုံး ဦးနှောက်ကို ဗြောင်းဆန်အောင် စဉ်းစား Brainstorming လုပ်ဖို့ လိုပါတယ်။ ကိုယ့်မှာ ဘယ်လို Skills တွေ ရှိသလဲ ၊ ကိုယ်လုပ်ချင်စိတ် ပြင်းပြတဲ့ ဝါသနာ နဲ့ စိတ်ဝင်စားမှုက ( Hobbies & Interests ) ဘာတွေလဲ ၊ ကိုယ့်ဘဝထဲက ကြုံနေတဲ့ ပြဿနာတွေက ဘာတွေလဲ , ဒီပြဿနာတွေကို ဘယ်လို ဘယ်ပုံနည်းနဲ့ ဖြေရှင်းရင် ဘယ်လို အခွင့်အလမ်းတွေ ရနိုင်မလဲ စဉ်းစားပါ။

ပြဿနာ နဲ့ ပြဿနာအတွက် ဖြစ်နိုင်ခြေရှိတဲ့ အဖြေဟာ စီးပွားရေးအိုင်ဒီယာ ဖြစ်လာပြီး ဒီအိုင်ဒီယာကို အခြေပြုပြီး ဘယ်လို အခွင့်အလမ်းတွေ အကောင်အထည်ဖော်မလဲ တွက်ချက်တာက ဈေးကွက်ထဲကို ကိုယ့် Service / Solutions ဖြန့်ကြက်ဖို့ လမ်းစ ဖြစ်လာမှာပါ။

(၂) ဈေးကွက်ထဲက တခြားသူတွေ မပေးနိုင်တဲ့ ဝန်ဆောင်မှုမျိုး ရှာဖွေကြည့်ပါ

Market Research

Photo : Pexels

ကိုယ့် အိုင်ဒီယာ က သိပ်ပြီး ဆန်းကြယ်နေစရာ မလိုပါဘူး။ ဈေးကွက်ထဲမှာ ရှိပြီးသား လုပ်ငန်းတွေရဲ့ ဟာကွက် ယိုကွက်ကို ဖာထေးနိုင်တဲ့ ဝန်ဆောင်မှု ဖြစ်ဖို့ပဲ လိုပါတယ်။ ဘယ်လို လုပ်ရမလဲ မသိရင် Industry တူတဲ့ ကုမ္ပဏီတွေရဲ့ ဝန်ဆောင်မှုပုံစံတွေကို လိုက် လေ့လာကြည့်ပါ။ အခုခေတ်မှာက ကုမ္ပဏီတိုင်း ဝက်ဘ်ဆိုက် နဲ့ Facebook Page တွေ ရှိကြပါတယ်။ ဒီလို Websites နဲ့ Facebook စာမျက်နှာတွေကို တောက်လျှောက် လိုက်ကြည့်ပြီး မတူတဲ့ အချက်တွေ ၊ အားနည်းချက်တွေ နဲ့ မရနိုင်တဲ့ ဝန်ဆောင်မှုမျိုးတွေ လိုက်ပြီး ဆန်းစစ်လေ့လာကြည့်ရင်လည်း ကိုယ့်အတွက် ပို ဆန်းသစ်ပြီး ထိရောက်တဲ့ Business Idea ထွက်လာနိုင်ပါတယ်။

(၃) Target Audience ကို လေ့လာပါ

Charts

Photo : Pexels

ပြဿနာ (Problems) နဲ့ ပြိုင်ဘက် Competitors တွေကို လေ့လာပြီးရင်တော့ ကိုယ့်ထုတ်ကုန် ၊ ဝန်ဆောင်မှုကို အသုံးပြုမယ့် ဖောက်သည် Target Audience ကို စစ်တမ်းလုပ်ရမှာပါ။ အိုင်ဒီယာ ဘယ်လောက်ကောင်းကောင်း ဈေးကွက်နဲ့ ဖောက်သည် လိုအပ်ချက် မရှိရင် ဘာမှ အသုံးမဝင်ပါဘူး။ ဒါကြောင့် ကိုယ့်အိုင်ဒီယာက တကယ် လက်တွေ့ အလုပ်ဖြစ်ရဲ့လား သိအောင်လည်း ထပ်ပြီး လေ့လာရတော့မှာပါ။

Target Audience ရှာဖို့အတွက် အလွယ်ဆုံး စတင်နိုင်တဲ့ နည်းလမ်းက ကိုယ့် မိသားစုဝင်တွေ ၊ မိတ်ဆွေတွေနဲ့ စီးပွားရေး လက်တွဲဖော်တွေကို အရင်ဆုံး ဖောက်သည်အဖြစ် သဘောထားပြီး စမ်းသပ်ကြည့်ဖို့ ဖြစ်ပါတယ်။ အခုလို Social Media တွင်ကျယ်နေတဲ့ ခေတ်ကြီးမှာ Internet Community တွေ Facebook Group တွေထဲမှာ Survey ကောက်ပြီး ဖြစ်ဖြစ် Group Chat ပြောပြီး စုံစမ်းတာ ဖြစ်ဖြစ်လည်း လုပ်နိုင်ပါတယ်။

(၄) Keyword သုတေသန လုပ်ပါ

SEO

Photo : Pexels

ဈေးကွက်ထိုးဖောက်မှုပုံစံတွေထဲမှာ အခုနောက်ပိုင်း အတွင်ကျယ်ဆုံးက Social Media Marketing ပဲ ဖြစ်ပါတယ်။ လူမှုကွန်ရက်တွေ နဲ့ အွန်လိုင်းပေါ်မှာပဲ လူတွေဟာ ဈေးဝယ်ဖို့ စုံစမ်းလာကြချိန်မှာ SEO လို့ ခေါ်တဲ့ Search Engine Optimization နည်းလမ်းကို ပစ်ထားလို့ မဖြစ်တော့ပါဘူး။ ကိုယ့်ဈေးကွက်နဲ့ ဆက်စပ်ပြီး လူတွေ အွန်လိုင်းနဲ့ အင်တာနက်ပေါ် ဘယ်လို Keywords တွေနဲ့ ရှာဖွေရေး လုပ်တတ်သလဲဆိုတာကို Research လုပ်ဖို့ သိပ်အရေးကြီးပါတယ်။ ဒါမှ ကိုယ့်ထုတ်ကုန် / ဝန်ဆောင်မှုကို ဒီ Keywords နဲ့ တွဲပြီး လွှတ်နိုင်မှာ ဖြစ်ပါတယ်။

Featured Photo : entrepreneur