စူပါဟီးရိုး ပရိသတ်တွေအကြား DC နှင့် Marvel သည် လူကြိုက်များကြတဲ့ Comics တွေပဲဖြစ်ပါတယ်။ ထို Comics နှစ်ခုသည်လည်း တစ်ခုနှင့်တစ်ခု အပြိုင်အဆိုင် ဖြစ်နေကြတာပါ။ သို့သော် Comics အဖြစ် စတင်ရေးဆွဲခဲ့တုန်းကတော့ ယနေ့ခေတ်လိုမျိုး အဓိက ကာရိုက်တာတစ်ခုအဖြစ် အသက်သွင်းဖို့ စိတ်ကူးမရှိခဲ့ကြပါဘူး။ ယနေ့ခေတ် ဖန်သားပြင်ထက်မှာ မြင်တွေ့ရတဲ့ စူပါဟီးရိုး သည်လည်း ကိုယ်ပိုင်ကာရိုက်တာဖြင့် DC က ပွဲထုတ်ခဲ့တာကိုလည်း တွေ့မြင်ရမှာပါ။ DC Comics တွေ စတင်မွေးဖွားရာအချိန်ဖြစ်တဲ့ ၁၉၃၀ ပြည့်နှစ်တုန်းကတော့ ယခုဗားရှင်းနဲ့ လုံးဝကွဲပြားပါတယ်။ ဘယ်လိုမျိုး ကွဲပြားနေသလဲဆိုတာ သိချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို ဆက်လက်လေ့လာနိုင်ပါတယ်။

Wonder Woman ကို စစတုန်းက Suprema ဆိုပြီး နာမည်ပေးခဲ့တာပါ

စူပါဟီးရိုး DC

ဖန်သားပြင်ပေါ်တွင် Wonder Woman အဖြစ် စတင်ပွဲထုတ်ခဲ့တာကတော့ ၂၀၁၇ ခုနှစ်ကဖြစ်ပါတယ်။ သို့သော် ထိုကာရိုက်တာကို စတင်ရေးဆွဲခဲ့တုန်းက သူ့နာမည်က Wonder Woman မဟုတ်ခဲ့ပါဘူး။

၁၉၄၁ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက Marston သည် သူ့ရဲ့ပထမဦးဆုံး Wonder Woman ပုံကြမ်းကို Suprema ဆိုတဲ့ နာမည်ဖြင့် စာအုပ်တိုက်သို့ ပေးပို့ခဲ့တာပါ။ သို့သော် Superman အယ်ဒီတာတစ်ယောက်ဖြစ်တဲ့ Sheldon Mayer သည် Suprema က Superman နာမည်နဲ့ ဆင်တူနေတဲ့အတွက်ကြောင့် ထိုနာမည်ကို ပယ်ချခဲ့ပြီး အခြားနာမည်တစ်ခုအဖြစ် ပြန်ပြောင်းစေခဲ့တာပါ။

ဂျိုကာနဲ့ ဟာလေကွင်းကို ပွဲထုတ်ပြီး စိတ်ကူးမရှိခဲ့ပါဘူး

စူပါဟီးရိုး DC

Batman အကြောင်း ပြောရင် ဂျိုကာနဲ့ ဟာလေကွင်းသည်လည်း မပါမဖြစ်ပါပဲ။ သို့သော် ကာတွန်းဆရာသည် သူ စစချင်း ရေးဆွဲခဲ့တုန်းက ထိုကာရိုက်တာနှစ်ခုကို အဖြစ်သဘောလောက်သာ ထည့်ခဲ့တာ ဖြစ်ပါတယ်။ သို့သော် ပရိသတ်များရဲ့ တစ်ခဲနက် အားပေးမှုကြောင့် အယ်ဒီတာက ကာတွန်းဆရာကို နားချခဲ့ပြီး ဂျိုကာနဲ့ ဟာလေကွင်းကို ပွဲထုတ်စေခဲ့တာ ဖြစ်ပါတယ်။

စူပါမန်းက မပျံသန်းနိုင်ပါဘူး

စူပါဟီးရိုး DC

အပြိုင်စကြာဝဠာတွေထဲမှာ စူပါမန်းသည် ဗားရှင်းအမျိုးမျိုးဖြင့် တည်ရှိနေတာဖြစ်ပါတယ်။ သူ့ရဲ့ မူရင်းဗားရှင်းမှာတော့ စူပါမန်းသည် မပျံသန်းနိုင်ပါဘူး။ အဆောက်အဦးအမြင့်တွေရဲ့ တစ်နေရာမှသည် အခြားတစ်နေရာဆီသို့သာ ခုန်နိုင်တာဖြစ်ပါတယ်။ သို့သော် ကာတွန်းဆရာများက စူပါမန်းရဲ့ ခုန်နေတဲ့ ပုံတွေကို ရေးဆွဲပြီးတဲ့နောက်မှာတော့ ထွက်လာတဲ့ပုံတွေသည် ကြောင်တောင်တောင်နိုင်လှတဲ့အတွက်ကြောင့် DC အား စူပါမန်းရဲ့ စွမ်းရည်ကို ပြောင်းလဲခွင့်ပေးရန် တောင်းဆိုခဲ့ပါတယ်။ ဒီလိုနဲ့ပဲ စူပါမန်းသည် ပျံသန်းနိုင်ခဲ့တာပါ။

စူပါမန်းရဲ့ အားနည်းချက်က Kryptonite မဟုတ်ခဲ့ပါဘူး

စူပါဟီးရိုး DC

၁၉၄၃ ခုနှစ်တုန်းက စူပါမန်း ရေဒီယိုရှိုးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ စူပါမန်းအဖြစ် အသံသရုပ်ဆောင်တဲ့ Bud Collyer သည် တစ်ပတ်ကြာ အပန်းဖြေခရီးထွက်တဲ့နောက်မှာတော့ စူပါမန်းသည်လည်း ပရိသတ်များအကြား တစ်ပတ်ပျောက်သွားခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ စာရေးဆရာတွေက စူပါမန်း ဘာ့ကြောင့် ပျောက်သွားရသလဲဆိုတာကို အဖြေပေးဖို့ ခေါင်းချင်းဆိုင်ရပါတော့တယ်။ ဒီလိုနဲ့ပဲ စူပါမန်းရဲ့ အားနည်းချက်က Kryptonite ဖြစ်ခဲ့ရတာပါ။

Stan Lee သည် DC Comics အတွက်လည်း အားထုတ်ခဲ့ပါသေးတယ်

Stan Lee

Stan Lee သည် ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းများတုန်းက Marvel နှင့် လက်တွဲဖြုတ်ခဲ့ပြီး Marvel ရဲ့ အကြီးမားဆုံး ပြိုင်ဖက်ဖြစ်တဲ့ DC နှင့် လက်တွဲခဲ့ပါတယ်။ DC နှင့် လုပ်နေစဉ်အတွင်းမှာလည်း သူ့ရဲ့ကိုယ်ပိုင်စီးရီးဖြစ်တဲ့ Just Imagine ကို ထုတ်ဝေခဲ့ပါတယ်။ ထိုစိးရီးထဲတွင် စူပါမန်း၊ Batman ၊ Womder Woman ၊ Green Lantern ၊ Aquaman ၊ Catwoman ၊ the Justice League ၊ Captain marvel ၊ Robin နှင့် Sandman တို့ကို ထည့်သွင်းခဲ့ပါတယ်။ ဒါ့အပြင် Bruce Wayne ရဲ့ နာမည်ကိုလည်း စာဖတ်သူတွေ ပိုမှတ်မိရလွယ်ကူစေဖို့ရန်အတွက် Wayne Williams အဖြစ် အမည်ပြောင်းလဲခဲ့ပါသေးတယ်။

Clark Kent သည် Marvel Universe ထဲတွင် တည်ရှိနေပါတယ်

Clark Kent

Marvel Universe ထဲမှာတော့ Clark Kent သည် သာမန် သတင်းထောက်တစ်ယောက်အဖြစ်သာ တည်ရှိခဲ့တယ်လို့ ဖန်တွေက သီအိုရီထုတ်ထားပါတယ်။ ၁၉၇၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ X-Men I မှာ Lois Lane နှင့် Stan Lee တို့သည် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါတီတစ်ခုတွင် ပေါ်လာခဲ့တဲ့ အတွက်ကြောင့်ပါ။ ဒါ့ကြောင့် စူပါဟီးရိုးများ သတင်းစာရှင်းလင်းရေး ပြုလုပ်တဲ့အခါမှာ Clark သည် သတင်းထောက်တစ်ယောက်အဖြစ် ရှိနေခဲ့တယ်လို့ ယူဆခဲ့ကြတာပါ။

DC သည် သူတို့ရဲ့ အကောင်းဆုံး စူပါဟီးရိုးတွေကို Marvel ထံ ရောင်းချလုဆဲဆဲ ဖြစ်ခဲ့ဖူးပါတယ်

Marvel

၁၉၈၄ ခုနှစ်တွင် Marvel Comics တွေ ကြီးစိုးလာပြီး DC သည် အမြတ်ရဖို့ရန်အတွက် အသည်းအသန် ရုန်းကန်ခဲ့ရတာပါ။ ဒီလိုနဲ့ပဲ သူတို့ရဲ့ အကောင်းဆုံး စူပါဟီးရိုး တွေဖြစ်တဲ့ စူပါမန်း၊ Wonder Woman ၊ Batman ၊ Green Lantern နှင့် အခြားသော ဟီးရိုးများကို DC က Marvel ထံသို့ ရောင်းချဖို့ ကြိုးစားခဲ့ပါတယ်။ သို့သော် Marvel ရှိ အယ်ဒီတာအချို့ကို မဝယ်ခဲ့ကြပါဘူး။ ဘာ့ကြောင့် မဝယ်ခဲ့သလဲဆိုတဲ့ အကြောင်းအရင်းကတော့ ကာယကံရှင်တွေပဲ သိကြပါလိမ့်မယ်။

Source: Screenrant

Featured Image: Screenrant