မန်ချက်စတာ ယူနိုက်တက်ကနေ အသင်းဟောင်းဒေါ့မွန်ကို အငှားနဲ့ ပြန်လည်ရောက်ရှိလာခဲ့တဲ့ ဂျေဒန် ဆန်ချို ကတော့ ဒေါ့မွန်အသင်းနဲ့ ပွဲဦးထွက် ပွဲစဉ်မှာပဲ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးခဲ့ပြီး ခြေစွမ်းကောင်းတွေ ဖော်ဆောင်နိုင်ခဲ့ပါတယ်။

Sancho

Photo : Sky Sports

အင်္ဂလန်တောင်ပံတိုက်စစ်မှူးဟာ ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရသလို နည်းပြ အဲရစ်တန်ဟက်နဲ့လည်း မပြေလည်မှုတွေ ဖြစ်ခဲ့ပြီးနောက် အသင်းဟောင်း ဒေါ့မွန်ထံကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

ယခင် ဒေါ့မွန်အသင်းနဲ့အတူ အောင်မြင်မှုများစွာ ရယူခဲ့ဖူးတဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ လက်ရှိ အသင်းထံကို နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာရတဲ့အတွက် အလွန်ဝမ်းမြောက်ပျော်ရွှင်ကြောင်း ဖွင့်ဟဝန်ခံခဲ့သလို ဒေါ့မွန်ကို ဘွန်ဒက်စ်လီဂါရဲ့ ထိပ်ဆုံး (၃) သင်းဝင်အောင် အစွမ်းကုန် ကြိုးပမ်းသွားဖို့ ဆန္ဒရှိကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဆန်ချို ဟာ မနေ့က ဒမ်းစတက်ဒ်အသင်းကို ၃ – ၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ ဒေါ့မွန်အသင်းအတွက် ပွဲဦးထွက် အနေနဲ့ အရန်လူစာရင်းကနေ ပါဝင်လာခဲ့ပြီး ဒုတိယပိုင်း ၅၅ မိနစ်မှာ လူစားဝင်ကစားခွင့် ရခဲ့ပါတယ်။ လူစားဝင်ရောက်ပြီး ၂၂ မိနစ်ကြာ ပွဲကစားချိန် ၇၇ မိနစ်မှာတော့ ဆန်ချိုဟာ မာကိုရွိက်စ်အတွက် သွင်းဂိုးကို အကောင်းဆုံး ဖန်တီးပေးခဲ့ပါတယ်။

Sancho

Photo : The Athletic

အဆိုပါ ပွဲစဉ်မှာ ဒေါ့မွန်အသင်းဟာ ဂျူလီယန်ဘရန့် ၊ မာကိုရွိက်စ်နဲ့ မူကိုကိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဒမ်းစတက်ဒ်အသင်းကို ၃ – ၀ ဂိုးရလဒ်နဲ့ ဂိုးပြတ်အနိုင် ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ဒေါ့မွန်အသင်းဟာ ရမှတ် ၃၀ ရရှိထားပြီး အဆင့် ၄ နေရာမှာရှိနေတဲ့ အာဘီလိုင်ဇက်နဲ့ ၃ မှတ်အကွာမှာ ရပ်တည်နေကာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ လေဗာကူဆင်အသင်းနဲ့တော့ ၁၅ မှတ် အကွာမှာ ရှိနေပါတယ်။

ဒီနိုင်ပွဲဟာ ဒေါ့မွန်အသင်းအတွက် ဆောင်းရာသီအားလပ်ရက်အပြီး ဘွန်ဒက်စ်လီဂါပြန်လည်စတင်ခြင်းအတွက် အပြုသဘောဆောင်တဲ့ အစပြုမှုတစ်ခုဖြစ်သလို ရှေ့လာမယ့်ပွဲစဉ်တွေမှာလည်း ရလဒ်ကောင်းတွေ ရရှိဖို့အတွက် အရှိန်အဟုန် မြှင့်ကြိုးစားသွားဖွယ် ရှိနေပါတယ်။

Featured Photo : Ahram Online